26/02/2012

အမေ့ဘ၀ အမေ့အကြောင်း(အပိုင်း-၂-)


ငါဘာမှနားမလည်ခဲ့ဘူး

အဲဒီနေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.

ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့

ငါချစ်တဲ့ ငါ့ဖေဖေ

အဲဒီနေ့က ပြန်မလာခဲ့ဘူး

မျှော်လိုက်ရတာ ဖေဖေရယ်..

နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.

ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.

လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.

အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.

ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ

ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်

ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး

ငါသိတာတော့ အဲဒီနေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်

ဖေဖေရယ်..

ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်

ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.

သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်

ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို

လွှမ်းမိုးနေခဲ့တယ်

ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်

၁၉၆၀ ခုနှစ်

မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.

အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.

ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့

မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့

ပြောတယ်.

ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့

မေမေတို့ပြောင်းရတော့မယ် သမီးလေး..

ဘယ်ကိုလဲဟင်..

နယူးဒေလီကို

ဘယ်မှာလဲဟင်

နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့

မေမေက ဘာသွားလုပ်မှာလဲဟင်

ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း

လိုက်ခဲ့ရမှာလေ.

သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.

ဟင်းဟင်းဟင်း

ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ

အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက

အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ

သွားပြောပေးရမှာလေ.

ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.

သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို

လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့

သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ

ဝယ်ထားပေးမယ်.

ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို

ပြေးဝင်ခဲ့တယ်.

မေမေက သိပ်တော်တာပဲနော်.

ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်

မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်

မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို

စံနမူနာထားလို့

သမီးရဲ့ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ

၁၉၆၄ ခုနှစ်

ငါပျော်လိုက်တာ

အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.

ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.

မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.

I'm proud of you, honey! လို့

ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့

မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ

မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.

ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.

အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.

အမှတ်တရဓာတ်ပုံတွေ ရိုက်လို့

သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့

ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့

ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ

အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ

လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.

Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး

စကားတစ်ခွန်းပြောတယ်.

I believe in you! တဲ့.

ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.

မေမေ၀မ်းနည်းနေတာ ငါသိတယ်.

ဒါပေမယ့် မေမေမငိုခဲ့ဘူး

လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.

ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး..


(အသိပေးခြင်း)အပိုင်း(၃)ကိုလည်း ဆက်လက်ဖော်ပြသွားပါမည်

1 ဦးက ဒီလိုမြင်တယ်:

စိတ်ဝင်စားစွာနဲ့ဖတ်ခဲ့ပါတယ်ရှင်
အမေစု အရာအားလုံးကိုကျော်လွှားနိုင်ပါစေလို့
အပိုင်း ၃ ကိုစောင့်နေပါ့မယ်
လေးစားလျှက် jasmine


24/02/2012

အမေ့ဘ၀ အမေ့အကြောင်း(အပိုင်း-၁-)


ကျေးငှက်သံလေးတွေ စိုးစီစိုးစီနဲ့ အရုဏ်ဦးက စတင်အသက်ဝင်လာခဲ့ပြီ

ငါ့မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ဟလို့ မျက်နှာကျက်ကို မော့ကြည့်မိတယ်.

ဩော်

ဒီနေ့ ငါ့မွေးနေ့ပဲလေ

ငါဘာလုပ်ရင်ကောင်းမလဲ

ငါ့ဘေးနားမှာ ငါ့ကို ချစ်တဲ့ငါ့ဖေဖေမရှိတော့တာလည်း ကြာပါပြီ.

ငါ့ကို သွန်သင်ဆုံးမပေးတတ်တဲ ငါ့မေမေမျက်ကွယ်ပြုသွားခဲ့တာလည်း

၁၉ နှစ်တောင် ရှိရော့ပေါ့

ငါ့ကို အနစ်နာခံ အလိုလိုက်တတ်တဲ့ ငါ့ခင်ပွန်းလည်း မရှိရှာတော့ဘူး

ငါသိပ်ချစ်တဲ့ ငါ့သားနှစ်ယောက်လည်း ငါနဲ့ ဝေးကွာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး.

ငါ့မွေးနေ့မှာ ငါ့ရဲ့အရင်းနှီးဆုံးသွေးသားရင်းချာတွေကို ငါ့နားမှာ

ရှိစေချင်လိုက်တာ

ငါလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေ.

ငါ့စိတ်ဓာတ်ကိုမာကျောတည်ငြိမ်အောင် ထိန်းကျောင်းပြုပြင်ခဲ့ပေမယ့်လည်း

အခွင့်သာရင်တော့

ငါ့သားလေးနှစ်ယောက်ကို ငါ့နားမှာ ရှိစေချင်လိုက်တာ.

အမေ့ရင်တွေနာလိုက်တာ သားတို့ရယ်

ဘယ်တော့များမှ အခွင့်သာမှာလည်းဟင်

တကယ်တော့ ဒီလိုနေ့မျိုးဟာ လူတစ်ယောက်အတွက် အထိမ်းအမှတ်နေ့တစ်ခုပါ.

လူတိုင်းဟာ သူတို့မွေးနေ့ကို တန်ဖိုးထားအမှတ်ရနေပြီး အထူးတလည်ကျင်းပတတ်ကြတာပဲ

ငါလည်း ငါ့မွေးနေ့ပေါင်းများစွာကို ကျင်းပခဲ့ဖူးတာပေါ့.

အိန္ဒိယမှာ ငါချစ်တဲ့ ငါ့မေမေနဲ့အတူတူ

အောက်စဖို့မှာ ငါချစ်တဲ့ ငါ့သူငယ်ချင်းတွေနဲ့အတူတူ

အမေရိကန်မှာ ငါ့ရဲ့ ချစ်သူငယ်ချင်း မသန်းအိတို့နဲ့အတူတူ

ဘူတန်မှာ ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ

အင်္ဂလန်မှာ ငါချစ်တဲ့ ငါ့မိသားစုနဲ့အတူတူ

အို….

ငါသိပ်လွမ်းတယ်သိလား

ဒါတွေကို မဖြစ်နိုင်ပေမယ့်လည်း ငါတမ်းတမိနေတာ ၀န်ခံပါရစေ

ငါ့ရဲ့ဘ၀ဟာ စိန်ခေါ်မှုတွေနဲ့ ပြည့်လျှမ်းခဲ့တာပါ.

ငါ့ကိုမွေးပြီး နှစ်နှစ်အကြာမှာပဲ ငါသိပ်ချစ်တဲ့ ငါ့ဖေဖေကို မလိုသူတွေက

လုပ်ကြံသတ်ဖြတ်ခဲ့ကြတယ်.

အဲဒီ့နေ့က ရုံးကားကြီးတစ်စင်း အိမ်ရှေ့ကို ထိုးရပ်လာလို့

မေမေ့ကို လူတစ်ယောက်က အပြေးလာခေါ်လို့

မေမေ ဆံပင်ဖရိုဖရဲနဲ့ ပြေးလိုက်သွားလို့

ငါ့နဲ့ ငါ့အစ်ကိုတွေကို အိမ်မှာထားခဲ့လို့

အိမ်မှာ လူတွေများလာလို့

အို

ဘာတွေမှန်းတော့ ငါမသိခဲ့ဘူး

ငါ့ကို ထွေးဖက်ထားတဲ့ ငါတို့အိမ်ဖော်မကြီးမှာလည်း မျက်ရည်တွေဝဲနေလို့ပါလား..

(မှတ်ချက်) ဆက်လက်ဖော်ပြသွားပါမည်...

08/02/2012

လူငယ်နဲ့ ချစ်သူများနေ့(Valentine Day)အကြောင်း တစေ့တစောင်း


လူငယ်တို့ သဘာဝ ချစ်ကြ ကြိုက်ကြ ကြည်နူးကြ လွမ်းကြ

ရင်ခုန်ကြရန်ဖြစ်ကြ ပြန်ချစ်ကြနဲ့ အချစ်ရဲ့အရသာကို

ခံစားတတ်ကြသည်မှာသဘာဝမို့ မိမိအနေဖြင့် အချစ်ကို

အပြစ်လို့တော့မယူဆချင်ပါ။ လူပျိုတော်ဝင်စ အပျိုတော်ဝင်စ အချိန်သည် မိဘတို့အတွက်

မိမိသားသမီးကိုထိန်းသိမ်းရအခက်ဆုံးအချိန်ပေမို့ အထိန်းမတတ်သော မိဘများအဖို့ အင်မတန်

စိတ်ဆင်းရဲရဆုံးအချိန်ဟု ပြောလျှင် မှားမည်မထင်ပါ၊

လတ်တလောအခြေနေအရ တွေ့ကြုံကြားသိ မြင်တွေ့ရသော ဖြစ်ရပ်မှန် အကြောင်းအရာလေး

တစ်ခုကို ပြောပြချင်ပါသည်။ ကာယကံရှင် ပုဂ္ဂိုလ်များ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်၍ နေရပ်လိပ်စာ

နှင့် နာမည်ရင်းများကို ပြောင်းလဲပီး အစားထိုး ပြောပြသွားပါအံ့။

တစ်နေ့ မိမိထံ အမှတ်မထင် ဖုန်းစိမ်းတစ်လုံး ၀င်လာသဖြင့် ကောက်ကိုင်ကြည့်လိုက်ရာ မိမိနှင့်

မိဘရင်းတစ်ဖွယ် အလွန်ခင်မင်ရသော ဒေါ်ဖြူဆိုသော အမေကြီးတစ်ယောက်ရဲ့ ဖုန်းဖြစ်နေကာ

ထိုအမေဖြူက မိမိအား သူ့ရင်ထဲမှ ခံစားချက်များကို ဤသို့ တစမချန် ဖော်ထုတ်ဖွင့်ဟလေတော့၏။

" သားရေ အမေတော့ အခုရက်ပိုင်းအတွင်း အရမ်းစိတ်ညစ်ပီး ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိ

အောင်ဖြစ်နေတယ်"

ဒီလိုလေ သားရဲ့.. အမေရဲ့သမီး ခင်ခင်မာတစ်ယောက် ဟိုတလောလေးကဘဲ သူ့ချစ်သူနောက်ကို

ရုတ်တရက်လိုက်သွားပြီကွဲ့...သူ့ချစ်သူနောက် မလိုက်ခင် အမေကိုတော့ လာတိုင်ပင်သေးတယ်လေ..

အမေရေ..သမီးတော့ သမီးချစ်သူနဲ့ မကြာခင်လက်ထပ်ချင်လှပီ အမေရဲ့..အဲဒီကိစ္စကို အမေအနေနဲ့

ဘယ်လိုသဘောရသလဲဆိုပီး လာတိုင်ပင်ရှာပါသေးတယ်...

အဲဒီတော့ အမေက ပြန်ပြောလိုက်တယ်."သမီးရယ် အမေက သမီးကို အခုတွဲနေတဲ့

သမီးကောင်လေးနဲ့သဘောတူပီးသားပါကွယ်..ဘာမှကန့်ကွက်စရာမရှိပါဘူး..ဒါပေမဲ့

လောလောဆယ်အမေတို့မှာဝင်ငွေလစာကသိပ်မစုမိသေးတော့သမီးအနေနဲ့ ဖြစ်နိုင်ရင်

နောင်နှစ်လောက်ကျမှ လက်ထပ်ပါလား သမီးလို့ နားချလိုက်တယ်လေ..အဲဒီလို ပြောလိုက်တော့

သမီးက မျက်နှာငယ်လေးနဲ့ အခန်းထဲ ၀င်သွားတာပေါ့..အမေ့သမီးက ဘာပဲလုပ်လုပ် အမေကို

တိုင်ပင်ပီးမှ လုပ်နေကျ သမီးလိမ္မာလေးမို့ အခုလို နားချ လိုက်ရတာ သမီးအတွက်

တကယ်စိတ်မကောင်း ဖြစ်မိခဲ့တာ အမှန်ပဲကွဲ့...ဒီလိုနဲ့ တစ်ပတ်

လောက်အကြာမှာတော့ သမီးက အလုပ်ကနေ အခန်းပြန်လာနေကျအချိန်မှာ

ပြန်ရောက်မလာလို့ဖုန်းဆက်ကြည့်လိုက်တဲ့အခါမှာတော့ သမီးတစ်ယောက်

သူ့ချစ်သူကောင်လေးနောက်လိုက်သွားပီဆိုတာ သိလိုက်ရတော့တာပါဘဲကွယ်..ဟု

ပြောပြနေတဲ့ အမေဖြူစကားအဆုံးမှာတော့ မိမိလည်း စိတ်မကောင်းဖြစ်ခဲ့ရလေပြီ။

"သြော်.. လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ၊ စွဲမှတ်ယူသည်၊

သတိမြဲမြံ၊ ကြည့်ဆက်ဆံ ဆိုတဲ့ ရှေးလူကြီးများရဲ့ ဆိုရိုးလင်္ကာစကားလေးကို သွားသတိရလိုက်မိ

သည်မှာ အမှန်ပင်။

တကယ်တော့ အမေဖြူသမီး ခင်ခင်မာ ချစ်သူရည်းစားနောက် ခိုးရာလိုက်ပြေးတဲ့ ကိစ္စဟာ

ရုတ်တရက်ကြည့်လျှင် ခင်ခင်မာ ထင်ရာလုပ်တယ်ဟု အပြစ်ပြောမယ်ဆိုလျှင် ပြောလို့ရ

သော်လည်း မိခင်တစ်ယောက်အနေနဲ့ သားသမီးတစ်ယောက်အပေါ် အလိုက်ထိုက်

ပြောဆိုဆုံးမ မထိန်းကြောင်းတတ်သောကြောင့်ဟု ရိုးမယ်ဖွဲ့မယ်ဆိုရင်လည်း ဆိုလို့ရပေ၏။

ထိုသို့သော အကြောင်းရာ အဖြစ်ပျက်များကြောင့် "အမေသမီးက လင်နောက်လိုက်ပြေးတတ်

တာက လွဲလို့ ကျန်တာအကုန်လိမ္မာတယ်"ဟု လူသားတို့၏ ပါးစပ်ဖျားတွင် ဟာသဆန်သော

စကားလုံးလေးတစ်ရပ် ပေါ်ထွက်လာသည်မှာလည်း မထူးဆန်းတော့ပေ။

ယခုလည်း ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်လာတော့မယ့် ဗာလင်တိုင်းဒေး

(VALENTINE DAY)နေ့ရက်အချိန်ခါ သမယတွင် ကမ္ဘာပေါ်မှာ ရှိတဲ့ ချစ်သူရည်းစားစုံတွဲများ

အနေဖြင့် ဟိုဟိုဒီဒီ သွားလာလည်ပတ်ကြပီး သူတို့တွေရဲ့အချစ်ခရီးကို ပျော်ရွှင်စွာကျော်ဖြတ်

ကြမည်မှာ အမှန်ပေမို့ သားသမီးရှိသော မိဘတိုင်းအနေနဲ့ ၄င်းနေ့ရက်အခါသမယတွင် ပိုင်နိုင်စွာ

ထိန်းသိမ်းတတ်ကြဘို့အလွန်အရေးကြီးပါသည်။

လူငယ်သဘာဝ အပျော်မက်ကြသည်မှာ မှန်ပေမယ့် မိမိတို့အနေဖြင့် ဒီဗာလင်တိုင်းဒေ့းနေ့တစ်နေ့

သည်သာ အရေးကြီးဆုံးနေ့ဟု စိတ်ထဲမှာ ယူဆမထားဘို့တော့ ပြောချင်ပါသည်၊အဘယ့်ကြောင့်

ဟူမူ ဒီဖေဖော်ဝါရီ(၁၄)ရက်မတိုင်ခင်မှာကော ဘာနေ့တွေ ရှိသေးသလဲဆိုတာကိုလည်း သိထားကြ

ရမှာ ဖြစ်တာမို့ မိမိတို့အိမ်မှာ ချိတ်ဆွဲထားတဲ့ မြန်မာပြက္ခဒိန်လေးကို လှန်လှောရှာဖွေကြည့်လျှင်

ချစ်သူများနေ့ထက် အရေးကြီးသော နေ့များကို တွေ့မြင်ကြရပေမည်။

ဖေဖော်ဝါရီလ(၁၂)ရက်နေ့သည် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုများရဲ့

ပေါင်းစည်းညီညွတ်မှု အထိမ်းအမှတ်သင်္ကေတ ပြည်ထောင်နေ့ အခါသမယဖြစ်ပြီး


၎င်းဖေဖော်ဝါရီလ(၁၃)ရက်နေ့ကတော့မြန်မာပြည်သူပြည်သားများကို နယ်ချဲ့

လက်အောက်ခံဘ၀ကနေ လွတ်မြောက်အောင် ကယ်တင်ပေးခဲ့တဲ့

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားပေးခဲ့တဲ့ (AUNG SAN's BIRTH DAY)

ဗိုလ်ချုပ်မွေးနေ့ သို့မဟုတ် အဖေ့နေ့(Father's Day)ဆိုတာကိုလည်း မိမိတို့ရဲ့ ချစ်သူများကို

နှလုံးသားထဲကနေ မမေ့နိုင်သလို ဗိုလ်ချုပ်ကိုလည်း မမေ့ကြဘို့ သတိပေး မှာကြားရင်း

ချစ်သူများနေ့ အမှတ်တရအဖြစ် လူငယ်မျိုးဆက်သစ်လေးများအတွက်

ရေးသားတင်ပြလိုက်ရပါသည်။

ဆန်းသစ်အောင်

ဒီပိုစ့်လေးကို သဘောကျတယ် အစ်ကိုရေ..
လူတိုင်းမမြင်နိုင်တဲ့ တခြားတဖက်ကနေ သတိပေးထားတာပဲ :)

ပြောပြတဲ့အကြောင်းအရာလေးကို ကန်ဒီ့အမြင်ပြောရရင် သမီးဖြစ်သူလွန်တယ်လို့ပဲ ထင်တယ်။ တကယ်လိမ္မာတဲ့သမီးက အဲ့လိုမလုပ်ဘူးလေ။ ဘာလို့လဲဆိုတော့ အမေဖြစ်သူက သဘောမတူဘူးပြောတာလဲ မဟုတ်ဘူး။ နောက်နှစ်လက်ထက်ပါလို့ ပြောတာပဲ။ တနှစ်လေးတောင် အမေစိတ်ချမ်းသာအောင် မစောင့်ပေးနိုင်ဘူးလား။ အမေဖြစ်သူအတွက်တော့ စိတ်မကောင်းဘူး :(





04/02/2012

ရာမညဌာနေ(သို့မဟုတ်)မွန်ပြည်နယ်ခရီးသွားပုံရိပ်များ

တော်ကူး တံခွန်တိုင်ရွာ ဘုန်းတော်ကြီးကျောင်းမုခ်ဦးအား တွေ့ရစဉ်


ကျောင်းကထိန်ပွဲနေ့မှာ ပရိသတ်တွေကို ကျွေးမွေးဘို့ ဗူးသီးကြော်နေကြစဉ်
ကထိန်ပွဲနေ့မှာ ဧည့်ပရိသတ်တွေ ကြွေးဘို့ ထမင်းချက်နေကြစဉ်






ကထိန်ပဒေသာပင် လှည့်လည်ရာမှာ လိုက်ပါကြမည့် သားငယ်လေးများရဲ့ ဟန်ပြဒိုးပတ်

ကျိုက္ခမီရေလယ်ဘုရားရင်ပြင်ပေါ်မှာ အဖွဲ့လိုက် အမှတ်တရ
မဂ္ဂင်(၈)ပါးကို ဖော်ကြူးထားတဲ့ လှေသင်္ဘောယာဉ်သဏ္ဍာန် အဆောက်ဦး

ရေလယ်ဘုရား သီတင်းသုံးတော်မူရာ စံကျောင်းတော်ကြီး
ဘုရားဖူးကားရှေ့မှာ ဒရိုက်ဘာ ဦးလေးပုရဲ့အမှတ်တရရိုက်ချက်

ရေလယ် ဘုရားဈေးထဲမှာ အမှတ်တရ လက်ဆောင်ပစ္စည်းလေးတွေ ၀ယ်ယူနေစဉ်
ဘုရားရောက်တုန်းရောက်ခိုက် ငါးစာကျွေး ကုသိုလ်ပြုရတာကလည်း ပျော်စရာတစ်ခုပေါ့

ဘုရားဖူးကားပေါ်မှာပဲ နေ့လည်စာ ဆွမ်းကွမ်းကိစ္စကို ဖြေရှင်းခဲ့ရတာလည်း အမှတ်တရဖြစ်ခဲ့ရတယ်

မုဒုံမြို့နဲ့ မနီးမဝေးမှာရှိတဲ့ ၀င်းစိန်တောင်ပေါ်က လျှောင်းတော်မူရုပ်ပွားတော်မြတ်ကြီးနဲ့ အမှတ်တရ

17/01/2012

အလောင်းတော်ကဿပဘုရားဖူးသွားလိုသူများသို့

အလောင်းတော်ကဿပပုံတူရုပ်ကလာပ်တော်အား ဖူးတွေ့ရစဉ်


ဘုရားရင်ပြင်ပေါ်သို့ ပို့ဆောင်ပေးသည့် တောဝိုင်းဆင်များ
ရွှေဆံပင်အလှူရှင်များနှင့် အလောင်းတော်ကဿပ ဘုရားဖူးသွားလိုသူများအတွက် ၀မ်းမြောက်ဖွယ်

ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင် ဆရာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထူးသဖြင့်
ရွှေဆံပင်နှင့်အခြားငွေအလှူရှင်များ၏ ကူညီပံ့ပိုးမှုများကြောင့် ရွှေဆံပင်တံတားလမ်းဆရာတော်များ
အနေဖြင့် တံတားအစင်း(၂၀)နှင့်၊ လမ်းမိုင်(၁၅)မိုင်တို့ကို အောင်မြင်စွာ ဖောက်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး၊
ယခုအခါတွင် ယမားချောင်းကြီးကို ဖြတ်ကျော်မည့် ရွှေမေတ္တာတံတားကြီး(အရှည် ပေ-၄၅၀၊ အမြင့် ၁၈ပေ၊
အကျယ်-၁၈)ပေရှိ တံတားကြီးကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ သို့အတွက်
ရန်ကုန်မြို့၊ ရွှေဆံပင်အလှူရှင်များ၏ တောင်းဆိုချက်အရ ရွှေဆံပင်တံတားလမ်းလေ့လာရေးနှင့်
အလောင်းတော်ကဿပဘုရားအပါအ၀င် အညာမြေဘုရားဖူးခရီးစဉ်ကို (၂၀-၁-၂၀၁၂)မှစတင်ပြီး
စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဘုရားဖူးခရီးစဉ်ကို ရန်ကုန်မြို့မှ အကျိုးတော်ဆောင်
လူငယ်များ၏ ကုသိုလ်ဖြစ် စောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး၊ ဒေသခံ ရွှေဆံပင်လမ်းတံတား
အကျိုးတော်ဆောင်ဆရာတော်များနှင့် ဒေသခံနယ်သူ နယ်သားများက လိုအပ်သလို ကူညီစောင့်ရှောက်ပေးသွားမည်ဖြစ်ပါသည်။
ခရီးစဉ်မှာ (၄)ညအိပ် (၃)ရက်ခရီးဖြစ်ပြီး-

မန္တလေး မဟာမြတ်မုနိဘုရားကြီး
စစ်ကိုင်းကောင်းမှုတော်ဘုရား
မိုးညှင်းသမ္ဗုဒ္ဓေဘုရား
ဗောဓိတစ်ထောင်ဘုရား
ကျောက္ကာရွှေဂူနီဘုရား
ရွှေတောင်ဦးဘုရား
ဖိုလ်ဝင်တောင်၊ ရွှေဘတောင်ရှိဘုရားများ
ရွှေဆံပင်တံတားလမ်းနှင့် အလောင်းတော်ကဿပဘုရားများသို့ ရောက်ရှိကြမည်ဖြစ်ပါသည်။
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့မှ ယာဉ်ငယ်တစ်စီးဖြင့် ကျန်းမာရေး စောင့်ရှောက်လိုက်ပါမည်ဖြစ်ပြီး၊
အထူးအစဉ်အနေဖြင့် မုံရွာမြို့ သံဃာအပါး(၅၀၀)ကျော်အား အာရုဏ်ဆွမ်းလောင်း
လှူပွဲကျင်းပခြင်း၊ ရောင်ခြည်သစ်မျက်မမြင်ပရဟိတကျောင်းတွင်လည်း အာဟာရဒါနများလှူဒါန်းသွားကြမည်ဖြစ်ပါသည်။ အညာကျေးလက်အစားအစာမျိုးစုံဖြင့်
ကျွေးမွေးမှုတိုင်းကိုလည်း စိတ်တိုင်းကျအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊
နေရာထိုင်ခင်းများကိုလည်း အတတ်နိုင်ဆုံးအဆင်ပြေအောင်
စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ခရီးစဉ်ကို စိတ်ပါဝင်စားသူများနှင့် လိုက်ပါကုသိုလ်ယူလိုသူများအနေဖြင့်အသေးစိတ်သိရှိရန်အတွက် လိုအပ်ပါက

ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့၊
တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်၊
အရှေ့ဝါယာလက်(၂)လမ်း၊
ကမ္ဘာအေး၊ ရန်ကုန်။
ဖုံး-09-6450654၊
069-6451422၊
09-49323697 တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း သိရှိရသည်။
တစ်ဦးလျှင်(၅၅၀၀၀) ငါးသောင်းငါးထောင်ကျပ်ဖြစ်ပါသည်။
(အားလုံးစားစရိတ်-နေထိုင်မှုစရိတ်၊)
မှတ်ချက်။ ။ အပတ်စဉ် သောကြာနေ့တိုင်းတွင် ထွက်ရှိနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း။
ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင်အဖွဲ့

ရယ်စရာမဂ္ဂဇင်းအတွက် စာမူများဖိတ်ခေါ်ခြင်း


တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့သော
ဆရာကောက်နွယ်ကနောင်၊ ဆရာမာလတ်တို့ ဦးစီးထုတ်ဝေမည့်
ရယ်စရာမဂ္ဂဇင်းအတွက် မည်သည့်ကလောင်ရှင်မဆို
ကဗျာများ
ဟာသဝတ္ထုတိုများ
တစ်မျက်နှာဝတ္ထုတိုများ
သရော်စာ ဆောင်းပါးများ
ကာတွန်များ
ကာတွန်းအတွေးများ
စာမဲ့ကာတွန်းများ
အက်ဆေးများ
သရော်စာအက်ဆေများ
လူငယ်ကဗျာကဏ္ဍအတွက် ကဗျာများ
ကယ်ရီကေးချား(ပြိုင်ပွဲ)
ဝတ္ထုတို(ပြိုင်ပွဲ)
ပေးပို့နိုင်ပါသည်။ မကြာခင် ထွက်ရှိနိုင်ရန် စီစဉ်နေပါသည်။
ဆက်လက်ပြီးလည်း အသစ်အသစ်များကို စိတ်ကူးရှိသလို အခန်းကဏ္ဍများ
ထပ်မံတိုးချဲ့ပြီး ဖော်ပြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါအခန်းကဏ္ဍများကိုလည်း
ဆက်လက်ပြီး ဖော်ပြပေးမည် ဖြစ်ပါသည်။


ပေးပို့လိုသူများသည်
Email: yisayar.magazin@gmail.com
Facebook: yisayar.magazin သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။ Facebook တွင်လည်း
ရွေးခြယ်ထားသောစာမူများ၊ မူဝါဒများကို ဆက်လက်တင်ပေးနိုင်ရန် ကြိုးစားနေပါသည်။
ရယ်စရာမဂ္ဂဇင်း ၀ိုင်းတော်သားများ


15/01/2012

ဆရာတော် ဦးသုမင်္ဂလ ဘ၀နတ်ထံ ပျံလွန်တော်မူ

ဦးသုမင်္ဂလ(သက်တော်၄၁-နှစ်၊သိက္ခာတော်-၂၁-၀ါ)

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ကျလန်(၁၃)လမ်း၊သလပ်ဘန်ခယ်၊၀ပ်တလုံးကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်လျှက်ရှိသော
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊
ပေါက်အင်းကျေးရွာ၊ ခမည်းတော် ဦးမောင်တိုး၊ မယ်တော် ဒေါ်အေးသွယ်တို၏ သား၊
သက်တော် ၄၁-နှစ်၊ သိက္ခာတော်၂၁-ဝါ ရှိ၊မြန်မာရဟန်းတော် ဦးသုမင်္ဂလသည်
(၁၃-၁-၂၀၁၂)သောကြာနေ့ ထိုင်းစံတော်ချိန် နံနက် ၁၁းနာရီအချိန်တွင် ရုတ်တရက်
သတိလစ်ကာ ဖိကစင် အမှတ်(၂)ဆေးရုံကြီး၌ ဘ၀နတ်ထံပျံလွန်တော်မူသွားသည်ကို
အမှတ်မထင် ကြားသိရပါသဖြင့် အထူးဝမ်းနဲမိပါကြောင်း ဝေးရပ်ဌာနေ မလေးမြေကနေ
ကျန်ရစ်သူများထံ အသိပေးအကြောင်းကြားအပ်ပါသည်။

အထက်ပါ ရဟန်းတော် ဦးသုမင်္ဂလသည် မိမိနှင့်အတူ ဗီဇာသက်တမ်းတိုးဖော်တိုးဖက်သူငယ်ချင်း
ဖြစ်သလို ထိုင်းနိုင်ငံကို မိမိနှင့်အတူ တစ်နှစ်တည်းရောက်သည့် သူငယ်ချင်းလည်းဖြစ်
သဖြင့် ယခုလို အမှတ်မထင်ပျံလွန်တော်မူသွားသည်မှာ မယုံနိုင်စရာပင် ဖြစ်မိပါ၏။
တဆက်တည်းဆိုသလိုပင် လွန်ခဲ့သော ၂၀၀၄-ခုနှစ်ကလည်း ရန်ကုန်မြို့ ကမ္ဘာအေး
မရမ်းကုန်းမြို့နယ် တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ပဓာနနာယကဆရာတော်
ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ (တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)အရှင်သူမြတ်သည်လည်း
ဤထိုင်းနိုင်ငံဘန်ကောက်မြို့ ဘန်ကောက်ဆေးရုံကြီး၌ပင် ပျံလွန်တော်မူခဲ့တာကို
ပြန်လည်အမှတ်ရမိရင်း နေထိုင်ခွင့်ဗီဇာသက်တမ်းမကုန်မှီမှာပင် ဘ၀သက်တမ်းကုန်သွား
ရှာလေသော သူငယ်ချင်း ဦးသုမင်္ဂလအတွက် ၀မ်းနဲစိတ်မကောင်းဖြစ်နေမိပါတော့
သတည်း။
ဇီဝိတံ မေ အဓုဝံ၊ မရဏံ မေ ဓုဝံ(ရှင်ခြင်းမမြဲ သေခြင်းမြဲ၏)

သံဝေဂလင်္ကာ

ဘယ်သက်ရွယ်မှာ၊ ဘယ်ရောဂါနှင့် ၊ဘယ်ခါကာလ၊ ဘယ်ဒေသ၌၊ သေရမည်မှာ၊ ဒို့သူငါ မှန်စွာ၊
မသိနိုင်ပါတကား။



27/12/2011

တောရွာဓလေ့ ဒို့မမေ့












04/11/2011

ပြည်ပရောက် မွေးရပ်မြေမှ ပုဂ္ဂိုလ်အားလုံးအတွက် ရွာအလွမ်းပြေ ရုပ်/သံဖိုင်

...............မွေးရပ်မြေမှ မဟုတ်သူတွေအတွက် ကြိုတင်မှာကြားချက်.....................

ဤဗီဒီယိုဖိုင်များကို အွန်လိုင်းမှာ တင်ပေးလိုက်ရခြင်းရဲ့ရည်ရွယ်ချက်(၂)ခုရှိပါသည်၊
ပထမအချက်မှာ ပြည်ပတွင် ဘ၀ပေးအခြေနေရ လာရောက်စီးပွားရှာနေကြသည့်
ရွာသူ၊ရွာသားများ အနေဖြင့်ဤီဗီဒီယိုဖိုင်တွေကို ကြည့်ပီး တစ်နေ့တာမောပန်းခဲ့သမျှ
ဘ၀အမောများကို တခဏတာအပန်းဖြေလိုက်ရလို့ အမောပြေ အလွမ်းပြေနိုင်ဘို့ရန်
ရည်ရွယ်ပါသည်။
ဒုတိယအချက်မှာ မွေးရပ်မြေချင်း မတူကြသော်လည်း တောဓလေ့ ပျော်မွေ့ကြသည့်
ပြည်ပရောက်အခြားပုဂ္ဂိုလ်များအတွက်လည်း စေတနာမပျက်စတမ်း တစ်ဖက်တစ်လမ်းမှ
ရည်ရွယ်ပါသည်။တစ်ဆက်တည်းဆိုသလို လာရောက်လည်ပတ်သူများအား တောင်းပန်လိုသည်မှာ
ယခုတင်ထားသည့်ဗီဒီယိုဖိုင်များဟာ ပြည်ပရောက် မွေးရပ်မြေမှ ပုဂ္ဂိုလ်များကိုသာ ရည်ရွယ်ပြီး
တင်ထားတာဖြစ်တာကြောင့်မွေးရပ်မြေမှ မဟုတ်သူများအတွက် ဖျော်ဖြေမှုပိုင်းမှာ အပြည့်အဝ
မပေးနိုင်ခဲ့ပါက နားလည်ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။


အမေ့သားလှ ရွာအပြန်(တစ်ခန်းရပ်ဟာသပြဇာတ်)





အမှတ်တရ နွေရာသီ(မျိုးဆက်သစ်ပဏာမတေးသီချင်း)




လှမ်းလာခဲ့ပါ ရွှေနံ့သာ(ဖိတ်ခေါ်သံတေးသီချင်း)

01/11/2011

ကျောက်ဖယားမြစ်ရဲ့ ဒေါသ


ကျောက်ဖယားရေ..----

အကြောက်တရားနဲတဲ့ သူတွေမို့

မထောက်ထား ရက်စက်နေတာလား

တကယ်တော့ ငါတို့တွေဟာ...

အခြားအရာတွေမှာ အကြောက်တရားနဲပေမယ့်

ရန်သူမျိုး(၅)ပါးထဲမှာ တစ်ပါး ပါဝင်တဲ့ မင်းကိုတော့

အစကတည်းက ကြောက်ပြီးသားဆိုတာ ယုံပါကွယ်..

မင်းထွက်ခဲ့တဲ့ ဒေါသတကာ ဒေါသတွေထဲမှာ

ဒီတစ်ကြိမ်ထွက်ခဲ့တဲ့ ဒေါသကတော့

ရိုက်ခတ်မှု အပြင်းဆုံးဖြစ်လို့

ငါတို့တွေ ဘုံပျောက်နေတာကို မင်းသိမှာပါ..

မင်းကျေနပ်အောင်

ငါတို့ အသက်တွေ အိုးအိမ်တွေ စည်းစိမ်တွေ

ဘယ်လောက်တောင် ပေးဆပ်နေရဦးမှာလဲ?

ငါတို့တွေရဲ့ အသဲနှလုံး

ငါတို့တွေရဲ့ ယဉ်ကျေးမှု

ငါတို့တွေရဲ့သမိုင်းရာဇ၀င်

သို့မဟုတ်......

မြန်မာသူရဲကောင်းတို့ရဲ့ အောင်မြေဖြစ်တဲ့

ရှေးဟောင်းမြို့တော် အယုဒ္ဒယပြည်ကို

မင်းကလည်း ထပ်မံ အသဲခွဲလိုက်ပြန်ပြီနော်..

မင်းရဲ့ ထိုးနှက်ချက်ကတော့

ဖမာ(ဗမာ) အလောင်းမင်းတရားရဲ့ ၀ါးရင်းဒုတ်ထက်

လက်သံပြောင်ခဲ့လို့

ဘုရားဆင်းတုတော်တွေရေနစ်

ဘုရားရင်ပြင်တော်တွေ ရေပြင်လွှာ ဖြစ်ခဲ့ရတဲ့အထိပါဘဲ..

များပြားလှတဲ့ အယုဒ္ဒယပြည်သားတွေလည်း

အခုတော့ ဒုက္ခလူသားတွေ ဖြစ်ခဲ့ရပြီမဟုတ်လား...

အင်း..ပြင်းထန်လှတဲ့ မင်းဒေါသတွေ

အယုဒ္ဒယတင်ပဲ ပြေလောက်ပြီလို့ ထင်နေတုန်း

ကရုမ်ထေ့(ဘန်ကောက်)ထိပါ ကူးစက်လာလိုက်တာ

ဘောင်းဘီတိုတို ရေမစိုခဲ့ဖူးတဲ့

ဘန်ကောက်က နတ်မိမယ်လေးတွေတောင်

အခုတော့ ----

ရေပေါ်မှာ လှေလှော်သူက လှော်

ရေထဲမှာ သေပွဲဝင်သူက၀င်

ရေစပ်မှာ လေဖြတ်သူက ဖြတ်

ရေလယ်မှာ လေလည်သူက လည်နဲ့

အိုး...အားလုံးကို ရှုတ်နေတာပါဘဲ..

ကျောက်ဖယားရေ.....

ဘယ်လောက်ကြာအောင် နှိပ်စက်နေဦးမှာလဲကွယ်

ငါတို့တတွေရဲ့ ၀န်ကြီးချုပ်မ အသစ်စက်စက်လေးလည်း

မင်းလုပ်တာနဲ့ ရေလုပ်သားမ ဖြစ်တော့မယ်ထင်ပါရဲ့

ရင်လပ် (Yin Luck)ဆိုတဲ့ သူမနာမည်လည်း

အခုတော့ ----

ရေလပ် (Watwer Luck)လို့တောင်

အများပြည်သူက ခေါ်ချင်နေကြပြီ...

ပြေပါစေတော့ ကျောက်ဖယား

တို့တတွေရင်ထဲမှာလည်း အကြောက်တရားနဲ့မို့

မမောက်မှားဝံ့တော့ပါဘူး..

ဒီထက်ပိုပြီး မချောက်ခြားပါရစေနဲ့တော့

ကျောက်ဖယားရယ်......

(မှတ်ချက်)ကျောက်ဖယားဟူသော စကားလုံးမှာ ထိုင်းနိုင်ငံတွင်းမှာ စီးဆင်းနေလျှက်ရှိသည့်
ကျောက်ဖယားမြစ်ကို ဆိုလိုပါသည်။

ဆန်းသစ်အောင်(မျိုးဆက်သစ်မှတ်တိုင်)

1-11-2011(Tuesday) 6:53 PM အမှတ်တရ


ကဗျာစာမူဖိတ်ခေါ်ခြင်း။ ။ထိုင်းနိုင်ငံ နေရာဒေသအသီးသီးတွင် ရေလွှမ်းမိုးမှုဒဏ်

ခံနေကြရသော ပြည်သူ/သားများ၏ ဘ၀ခံစားချက် အဖုံဖုံ အလုံးစုံကို ပေါ်လွင်ထင်ဟပ်

စေသော ကိုယ်တိုင်ရေး ကဗျာများကို ရေးသားပေးပို့လိုပါက

(santhitaung09@gmail.com)သို့ဆက်သွယ်ရေးသားပေးပို့နိုင်

ပါကြောင်းနှင့် ကဗျာအောက်တွင်လည်း ကလောင်နာမည်အပြင်

ရေးစပ်သူ၏ Gmail Account အစစ်အမှန်ကိုပါ ထည့်သွင်းပေးပါရန်

လေးစားစွာအသိပေးအပ်ပါသည်။

ရေးသား ပေးပို့လာသည့် ကဗျာစာမူများကို ရွေးချယ်စိစစ်တည်းဖြတ်ပြီး ဤမျိုးဆက်သစ်မှတ်တိုင်

ဘလော့တွင်ဦးစားပေးပြီး ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း ထပ်လောင်း၍ အသိပေးအပ်ပါသည်ခင်ဗျား..


အားလုံးကို လေးစားခင်မင်တဲ့

မျိုးဆက်သစ်မှတ်တိုင်
http://santhitaung.blogspot.com

Jasmine(တောင်ကြီး)က ဒီလိုမြင်တယ်:

jasmine(တောင်ကြီး) said...

အကြောက်တရားနဲတဲ့ သူတွေမို့
မထောက်ထား ရက်စက်နေတာလား - တဲ့

အစ- အလယ်- အဆုံး ထိအောင်
အနှစ်သာရပြည့်ဝလှပါတယ်ရှင်။
ကောင်းလိုက်တဲ့ကဗျာ.....