ငါဘာမှနားမလည်ခဲ့ဘူး
အဲဒီနေ့က ငါတစ်ခုကိုတော့ မှတ်မိနေတယ်.
ညနေခင်းပြန်လာရင် ငါ့ကို အမြဲနမ်းရှုပ်ကျီစယ်တတ်တဲ့
ငါချစ်တဲ့ ငါ့ဖေဖေ
အဲဒီနေ့က ပြန်မလာခဲ့ဘူး
မျှော်လိုက်ရတာ ဖေဖေရယ်..
နောက်ရက်တွေမှာ ငါတို့အိမ်မှာ လူတွေစည်ကားနေတယ်.
ငါတို့ မောင်နှမသုံးယောက်ကို မေမေက ထွေးဖက်ထားလို့ သူ့အနားမှာ နေနေစေတယ်.
လာတဲ့လူတိုင်းက မေမေ့ကို စကားတွေလာပြောကြတယ်.
အမျိုးသမီးကြီးတွေက မေမေ့ကို လာပြီး အားပေးကြတယ်.
ငါတို့ မောင်နှမ သုံးယောက်ကို ကြည့်နေတဲ့ မျက်ဝန်းတွေမှာ
ကရုဏာငွေ့တွေ ယှက်သန်းနေခဲ့တယ်
ငါသိပ်တော့ မမှတ်မိခဲ့ပါဘူး
ငါသိတာတော့ အဲဒီနေ့က ဖေဖေ့ကို ငါသိပ်လွမ်းနေခဲ့တယ်…
ဖေဖေရယ်..
ဘာလို့ သမီးတို့ကို ထားခဲ့တာလဲဟင်…
ဖေဖေပျောက်ဆုံးသွားတဲ့ သမီးတို့ အိမ်ကြီးမှာ ခြောက်ကပ်သွားတာပဲ.
သမီးတို့ရှေ့မှာ တည်ငြိမ်စွာနေတတ်ပေမယ့် ညအိပ်ရင် သမီးတို့ မသိအောင်
ကြိတ်ငိုနေတဲ့ မေ့မေ့ရဲ့ ရှိုက်သံတွေက သမီးရဲ့ ညပေါင်းများစွာကို
လွှမ်းမိုးနေခဲ့တယ်
ဖေဖေ တကယ်ပြန်မလာခဲ့တော့ဘူးနော်…
၁၉၆၀ ခုနှစ်
မေမေ့လက်ထဲမှာ ရုံးစာအိတ်ကြီးတစ်ခုကိုင်ထားတယ်.
အိမ်ကလူတွေကို ပစ္စည်းတွေလိုက်သိမ်းခိုင်းနေတာလည်း ငါမှတ်မိတယ်.
ဘာလုပ်နေကြတာလဲ မေမေရယ်လို့ မေးတော့
မေမေက တည်ငြိမ်တဲ့မျက်ဝန်းတွေနဲ့ငါ့ကို ငုံ့ကြည့်ပြီး ချိုမြတဲ့လေသံလေးနဲ့
ပြောတယ်.
ငါ့ခေါင်းလေးပေါ်မှာ မေမေက သူ့လက်ကလေးကိုတင်ထားလို့ပေါ့
မေမေတို့ပြောင်းရတော့မယ် သမီးလေး..
ဘယ်ကိုလဲဟင်..
နယူးဒေလီကို
ဘယ်မှာလဲဟင်
နိုင်ငံခြားမှာပေါ့ သမီးလေးရဲ့
မေမေက ဘာသွားလုပ်မှာလဲဟင်
ဩော်. မေမေ့ကို သံအမတ်ကြီးခန့်လိုက်တယ်. မေမေအဲဒီ့မှာ သွားနေရမှာ. သမီးတို့လည်း
လိုက်ခဲ့ရမှာလေ.
သံအမတ်ကြီးဆိုတာ ဘာလဲဟင် မေမေ.
ဟင်းဟင်းဟင်း…
ငါ့သမီးလေးက သိပ်အမေးအမြန်းထူတာပဲ. သံအမတ်ကြီးဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ
အကြားမှာ အဆင်ပြေအောင် စကားတွေ ပြောပေးတဲ့ လူကြီးပေါ့. ခုဆို မေမေက
အဲဒီ့နိုင်ငံကြီးနဲ့ ခုသမီးနေနေတဲ့ မြန်မာပြည်ကြီး အဆင်ပြေအောင် စကားတွေ
သွားပြောပေးရမှာလေ.
ဘာစကားတွေ ပြောရမှာလဲဟင် မေမေ.
သမီးလေးကြီးတော့ သိလာမှာပေါ့ကွယ်. ခုလောလောဆယ် သမီးချစ်တဲ့ သူငယ်ချင်းတွေကို
လိုက်နှုတ်ဆက်လိုက်ဦးနော်. မနက်ဖြန်ညကျရင် မေမေ့သားသမီးလေးတွေနဲ့
သူငယ်ချင်းလေးတွေ နှုတ်ဆက်ပွဲလေးလုပ်ပေးမယ်နော်. သမီးလေးကြိုက်တဲ့ မုန့်တွေ
ဝယ်ထားပေးမယ်.
ငါ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဝေဖြာလို့ ငါချစ်တဲ့ မေမေရဲ့ ရင်ခွင်ထဲကို
ပြေးဝင်ခဲ့တယ်.
မေမေက သိပ်တော်တာပဲနော်.
ငါ့လို အရွယ်လေးကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းလင်းပြောပြခဲ့တယ်
မေမေ့ကို ခုချိန်ထိ သမီးသတိရနေတုန်းပါပဲ မေမေရယ်…
မေမေသွန်သင်ပေးခဲ့တဲ့၊ ချမှတ်ပေးခဲ့တဲ့ စည်းကမ်းတွေ၊ လူမှုကျင့်ဝတ်တွေကို
စံနမူနာထားလို့
သမီးရဲ့ဘ၀ခရီးတလျှောက်မှာ အောင်ပွဲတွေ အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်လေ…
၁၉၆၄ ခုနှစ်
ငါပျော်လိုက်တာ…
အောက်စဖို့တက္ကသိုလ်ကို ငါဝင်ခွင့်ရတယ်.
ကျောင်းဝင်ခွင့်စာရွက်လေးကို ကိုင်လို့ မေမေ့ဆီကို ငါပြေးသွားခဲ့တယ်.
မေမေက ငါ့ကို ဆီးကြိုပွေ့ဖက်လို့ ငါ့ပါးပြင်ပေါ်မှာ အနမ်းလေးတွေ ခြွေခဲ့တယ်.
I'm proud of you, honey! လို့
ငါ့မျက်နှာကို ရွှမ်းရွှမ်းစားစား စိုက်ကြည့်ရင်း ပြောလိုက်တဲ့
မေမေ့မျက်ဝန်းတွေကို ငါမက်မောလိုက်တာ…
မေမေက စကားတွေ အများကြီး မပြောခဲ့ပါဘူး.
ဒါပေမယ့် မေမေငါ့အတွက် သိပ်ကို ဂုဏ်ယူပျော်ရွှင်နေခဲ့တယ်ဆိုတာ ငါသိနေတယ်.
အဲဒီ့ညက ငါတို့အိမ်မှာ ပါတီလုပ်ခဲ့ကြတယ်.
အမှတ်တရဓာတ်ပုံတွေ ရိုက်လို့
သီချင်းတွေကို တစ်ယောက်တစ်ပေါက် သီဆိုကြလို့
ဓာတ်ပြားတစ်ချပ်ကိုဖွင့်ပြီး အတူတူကခုန်ကြလို့
ပြန်တွေးလိုက်တိုင်း ကြည်နူးစရာပုံရိပ်လေးတွေ ထင်ကျန်နေဆဲပါပဲလေ…
အောက်စဖို့တက္ကသိုလ်ကိုတက်ဖို့ ငါထွက်ခဲ့ရပြီ
လေဆိပ်ကို မေမေနဲ့ ငါ့သူငယ်ချင်းတွေက လိုက်ပို့တယ်.
Departure Gate ထဲမ၀င်မီ မေမေက ငါ့ကို တင်းတင်းကြပ်ကြပ်ဖက်နမ်းပြီး
စကားတစ်ခွန်းပြောတယ်.
I believe in you! တဲ့.
ငါကြက်သီးတွေတောင်ထသွားခဲ့တယ်.
မေမေ၀မ်းနည်းနေတာ ငါသိတယ်.
ဒါပေမယ့် မေမေမငိုခဲ့ဘူး
လေယာဉ်ပေါ်မှာ ငါငိုနေခဲ့မိတယ်.
ငါဝမ်းနည်းလို့တော့ မဟုတ်ခဲ့ဘူး..
(အသိပေးခြင်း)အပိုင်း(၃)ကိုလည်း ဆက်လက်ဖော်ပြသွားပါမည်။
1 ဦးက ဒီလိုမြင်တယ်:
စိတ်ဝင်စားစွာနဲ့ဖတ်ခဲ့ပါတယ်ရှင်
အမေစု အရာအားလုံးကိုကျော်လွှားနိုင်ပါစေလို့
အပိုင်း ၃ ကိုစောင့်နေပါ့မယ်
လေးစားလျှက် jasmine
စိတ်ဝင်စားစွာနဲ့ဖတ်ခဲ့ပါတယ်ရှင်
ReplyDeleteအမေစု အရာအားလုံးကိုကျော်လွှားနိုင်ပါစေလို့
အပိုင်း ၃ ကိုစောင့်နေပါ့မယ်
လေးစားလျှက် jasmine