18/08/2010

ဘလော့ဂါဆရာကြီးများသို့ အိပ်ဖွင့်ပေးကဗျာ..



အိုင်တီခေတ်ြကီးမှာ.....

တိုင်မှီနေလို့ မဖြစ်တော့တာနဲ့

အင်တာနက်ရေစီးကြောင်းထဲ

အများနည်းတူ ငါလဲ စီးမျောခဲ့ပါတယ်

ဂျီထော့(GTalk)ဂျီမေး(Gmail)ကအစ

ဘလော့၊၀က်ဆိုဒ်တွေအဆုံး

ငါတော့ လေ့လာနေရတုန်းပဲ

နည်းပညာတွေက လေ့လာလို့ မဆုံးဘူးလေ..

လေ့လာဆဲ ခရီးလမ်းတစ်ဝက်မှာ

မတောက်တစ်ခေါက် နည်းပညာရပ်လေးနဲ့

ဘလော့ ၀က်ဆိုဒ်တွေ ငါဖွင့်လျက်

အင်တာနက်ခရီး စထွက်ခဲ့ပါပြီ..

ဒါပေလည်း..

အချစ်စစ်ရဲ့လမ်းကြောင်းဟာ

မဖြောင့်တန်းသလို

အင်တာနက်ခေတ်ရဲ့ ခရီးအစဟာလည်း

မဖြောင့်တန်းခဲ့ပါဘူး..

ဖေကူးမလိုလိုနဲ့ သွေးဆူအောင် လုပ်တဲ့သူတွေရှိသလို

ဖေးမ မလိုလိုနဲ့ ဘေးချမဲ့သူတွေကလည်း ဒုနဲ့ဒေး

ဘလော့အချင်းချင်း လင့်ချိတ်ကြတာ

ခင်မင်စရာ ကောင်းပေမယ့်

နာမည်မရှိတဲ့ ဘလော့လေးတွေကိုတော့

သူတို့တွေ လက်ရှောင်ကြတယ်လေ..

"ဆရာကြီး"ဆိုတဲ့ အထာကြီးတွေနဲ့ပေါ့..

ဆရာကြီးဆိုတဲ့ သူတို့တွေကော

ဘယ်အဆင့်က စခဲ့ကြရသလဲ

ငါမမေးရဲဘူး..(စိတ်ဆိုးမှာစိုးလို့)

လင့်ချိတ်ခ ဘယ်လောက်ပေးရမလဲ

ငါ မေးကြည့်ချင်တယ်..

ဆရာကြီးဆိုတဲ့ အထာကြီးနဲ့

ဘယ်အချိန်ထိ ရှင်သန်နိုင်မလဲ

ငါ သိတာကတော့..

အားလုံး တစ်နေ့တော့ သေကြရမှာဘဲ..

ဒီဘ၀ ခဏထားလိုက်ဦး

နောင်ဘ၀အတွက်

ဆရာကြီးဆိုတဲ့ အထာကြီးက

ဘယ်လောက်ထိ အာမခံချက်ပေးမှာမို့လဲ..

ဆရာကြီးးတို့တွေရဲ့ အထာလောက်တော့

ပျင်းတောင်ပျင်းသေးတယ်....

ဘလော့ဂါအချင်းချင်း အထင်သေးခြင်း ကင်းရှင်းကြပါစေ..


(မှတ်ချက်)မေးထဲရောက်လာသောဘလော့ဂါငယ်တစ်ဦး၏စာအား ခံစားရေးဖွဲ့ပါသည်










































13/08/2010

ကြားကြားရသမျှ


အချိန်ကာလတွေ ကြာညောင်းခဲ့ပြီမို့

အခြေနေတွေလည်း ပြောင်းလဲကုန်ပြီ

မင်းတို့ ငါတို့တွေ ယုံကြည်ထားတဲ့

မတည်မြဲခြင်းတရားဟာ

အခုတော့...

လက်တွေ့ဆန်ဆန် အကြောင်းဖန်နေပြီ

မင်းတို့ ငါတို့တတွေ အခြေချတဲ့ နေရာတွေ

နေမရတော့တာလည်း ငါကြားရတယ်..

အနေလှပေမယ့် အခြေမလှလို့

ပြောင်းရတာတွေလည်း ငါကြားရတယ်..

ပေးဝေနေကျ လူတွေကလည်း

အကြွေးထူလို့ ဖေးမကူနိုင်တာတွေလည်း ငါကြားရပြန်တယ်..

ခေါင်းအေးလှပါတယ်ဆိုတဲ့

ရှော့ပင်းစင်တာက အရောင်းစာရေးတွေလည်း

အရောင်းအေးလို့ မြောင်းဘေးရောက်ကုန်ကြတာလဲ ငါကြားရပြန်တယ်..

ခိုးကူးခွေဆိုတဲ့ စနစ်ဆိုးကြီးကို ဖျက်ချိုးဘို့အတွက်

ရုပ်ရှင်၊ဗီဒိယိုထုတ်လုပ်ရေးတို့ကလည်း

မကွေးဗိုင်းရပ်ပိုးတွေ ထည့်ပေးနေတာလဲ ကြားရပြန်တယ်...

ကောသလအိပ်မက်(၁၆)ချက်ထဲက

နွားကလေးနို့ နွားမကြီးစို့ဆိုသလို

သားသမီးက အဖေမေကို ပြန်အော်တဲ့ခေတ်

ဆင်းရဲသားက သူဌေးကို ပြန်အော်တဲ့ခေတ်

သူတောင်းစားက ပေးကမ်းသူကို ပြန်အော်တဲ့ခေတ်

သူခိုးဓားပြက ပိုင်ရှင်ကို ပြန်အော်တဲ့ခေတ်

လက်တွေ့မှာတော့ တကယ်ဖြစ်နေပြီ

လောလောလတ်လတ် သတင်းတစ်ပုဒ်

ငါရေးထုတ်ပြရဦးမယ်

ပြည်သူတွေရဲ့ ရှေ့ဆောင်လမ်းပြ

မျိုးစန္ဒီဆိုတဲ့ မယ်မင်းကြီးမကလည်း

အမေကိုပြန်ပြီး တရားစွဲတယ်တဲ့

တားဆီးလို့မရတဲ့ အရာတွေထဲမှာ

အချစ်ဆိုတဲ့ သတ္တ၀ါကလည်း

အဆိုးဆုံးဖြစ်နေပီ ထင်ပါရဲ့

ဒါတွေဟာ.....

အခုကာလမှာမှ ဖြစ်တာမဟုတ်ဘူး

ရှေးကာလတွေကလဲ ရှိခဲ့ဖူးပါတယ်

ပဋာစာရီစတဲ့ မိန်းမတွေလေ

သူတို့တွေ ဘာဖြစ်ခဲ့ကြသလဲ

အမေစကားကို တော်လှန်ခဲ့လို့

ပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝ

သူတို့တွေ မရကြတဲ့အပြင်

အရူးမဘ၀နဲ့ ဇာတ်သိမ်းရတော့မဲ့ဆဲဆဲမှာ

ငါတို့တွေရဲ့ ရှေ့ဆောင်လမ်းပြ

မဟာဝီရမြတ်ဗုဒ္ဓကြောင့်

သူတို့တွေ ထွက်ပေါက်ရခဲ့ကြပေမယ့်

အခုခေတ်မှာတော့ ချေချွတ်မဲ့သူ မရှိဘူး

ထမီချွတ်ခိုင်မဲ့သူတွေသာ များတယ်(စီးပွားရေးအရ)

အဆိုးတကာ့ အဆိုးဆုံးထဲမှာ

နောက်ဆုံးကြားရတဲ့ သတင်းတစ်ပုဒ်

ငါရေးထုတ်ပြချင်သေး

တိုင်းရေး၊ပြည်ရေး၊နိုင်ငံရေးတွေ ငါမတွေးတတ်ဘူး

ဒါပေလည်း...

ဆိတ်ခြေထောက်ကို ဘန်းပြပြီး

ခွေးသားကို ရောင်းချဆိုသလို

မကြာခင်ကာလမှာ ခင်းကျင်းကပြမည့်

ရွေးကောက်ပွဲဇာတ်ထုတ်ကြီးအတွက်

သူတို့တွေ ကုန်ကြမ်းရှာထွက်နေကြပြီလေ

ကြံ့ဖွံ့(ကြံ့ဖွတ်)ပါတီတိုးပွားရေး

သူတို့တွေ ငွေထုတ်ချေးနေကြတာလဲ ကြားရပြန်တယ်..

အစိုးရဆိုတဲ့ သူခိုးဓာပြလက်အောက်ခံဝန်ထမ်းတွေအတွက်တော့

ထွက်ပေါက်တစ်ခုဖြစ်နေလေရော့

သူတို့ရဲ့ သီအိုရီတစ်ခုလားတော့မသိ

အစိုးရဆိုတာ.....

"အ"တဲ့လူတွေကို
"စိုး"မိုးရမှ
"ရ"ထားတဲ့အာဏာက တည်မြဲမှာမို့

ရွှေနိုင်ငံအနှံ့ လမ်းလေးခွပါမကျန်

ကြက်ဆူယတြာစိုက်ခဲ့တာ

အားလုံးသိပြီးသားလေ..

အနှစ်မဲ့တဲ့ ကြက်ဆူတောမှာ မင်းမူမဲ့ အတိတ်နိမိတ်ဆိုဘဲ

ဒါပေလည်း...

ကြက်ဆူယတြာရဲ့ လက်တွေ့ရလာဒ်က

ရွှေနိုင်ငံအနှံ့(တောရော မြို့ပါ မကျန်)

မတင်ရွှေ အနွယ်ဖွား

ဖိနပ်စီးတဲ့ ကြက်များသာ

တစ်နေ့တစ်ခြား တိုးပွားလာတာကို

(TAXI)ယာဉ်မောင်းသမားတွေမေးကြည့်

သူတို့ ကောင်းကောင်းသိကြပါတယ်..

လောလောလတ်လတ် ကြောပြတ်နေတာက

မြ၀တီနယ်စပ်က လက်လုပ်လက်စားတွေလေ

သူတို့ရဲ့ နေ့စဉ်ထွက်ပေါက်

မြ၀တီ-မဲဆောက်တံခါးပေါက်ကလည်း

တစ္ဆေခြောက်မတတ် ဖြစ်နေပီ

ဖြတ်ကူးလို့ မရတော့ဘူးတဲ့

တစ်ဖက်နဲ့တစ်ဖက် တင်းမာနေကြလို့လေ..

ဒီတစ်လတာ ကြားကြားရသမျှ

ငါတော့ ရေးချလိုက်ပြီ

လွန်တာရှိရင် ၀န္ဒာမိဟုသာ......


(မှတ်ချက်)အွန်လိုင်းမှတဆင့် ကြားရသမျှ သတင်းအပိုင်းစများကို ခံစားရေးဖွဲပါသည်၊