31/08/2009

အိုသွားတဲ့ တစ်နေ့


“ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ


ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း


ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်”


ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ


ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ


ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။


ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။


စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ


အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ


နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။


“ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့”


“အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ”


အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။


ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။


အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့


အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့


အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက်


မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။


“အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ”


“အေးပါ သမီးရယ်”


ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ


“အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ”


လို့ ၀ိုင်းအော်ကြတယ်။


“အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့


သမီးတို့ကို ကြည့်ချင်လို့”


“အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ”


ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။


“တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို “သမီးတို့ရေ အိမ်ကို


လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်” လို့


ဖုန်းဆက်ခေါ်ရင် “ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့


မအားဘူး” လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ


စိတ်မကောင်းဖြစ်လိမ့်မယ်” လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက “သမီး အဲလို


မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ” တဲ့။ နောက်ဆုံး သမီးတွေနဲ့


တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ


စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။


ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက “အေး.. ဒါဆိုရင် အမေ


ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်” လို့ ၀မ်းသာအားရ ပြန်ပြောတယ်။


ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့


ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက


ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။


“ ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား”


“သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး”


အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ


ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။


အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ


အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို


တိုက်ချွတ်ဆေးနေရင်း “အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ


မရှိတော့လို့ဖြစ်မယ်” လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။


အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့


ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ


မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့


ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး


မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။


ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန်


ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့


ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ


အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ


သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ


မျှော်လင့်မိပါတယ်။


အမေ့လက်


မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု


သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ


ကိုင်မထိရက်၊ ချွန်ထက်လက်သဲ


ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ


နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်


ပျော့ပျောင်းသွယ်လွ


အလှပြည့်နှက်၊ ချစ်သူ့လက်။


မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း


မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်


ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း


ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း


ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ


ချေးညှော်ပြည့်မွ


အလှပျက်ပြယ်၊ အမေ့လက်။


ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်


ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်


သိမြင်လာရ၊ “အလှ” “အလုပ်”


ခွဲထုတ်ချေမိ၊ အမေ၏လက်


အလုပ်လက်သည်


အသက်တမျှ၊ မနားရချေ


ဘ၀ခရီး


သားသမီးတွက်၊ ထိုလက်အစွမ်း


ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့


အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်


အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ


အမေ၏လက်၊ အလုပ်လက်သာ


နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

သူများနဲ့မတူတဲ့ သူ့ရဲ့ချစ်နည်း





(၁)
နင့်ကို ငါပြောတယ် "ငါ ဒီနေ့လှေကားပေါ် တံမြက်စည်းလှဲတာ.. ပြုတ်ကျခါနီးလေးပဲ"

"အိုး.. သတိထားမှပေါ့ မိန်းမရယ်" လို့ နင့်ဆီကနှစ်သိမ့်တာကို ငါမျှော်လင့်ခဲ့ပေမယ့်

"နင် ဖြေးဖြေးမလှဲတတ်ဘူးလား" ဆိုတဲ့အဖြေကိုပဲ ငါရခဲ့တယ်။

ငါဝမ်းနည်းမိတယ်၊ နင် ငါ့ကိုမချစ်ဘူး။ ဂရုမစိုက်ဘူး။

နောက်တော့ လှေကားကခါတိုင်းထက် သန့်ရှင်းနေတာကို ငါသတိထားခဲ့မိတယ်။

ငါလှဲစရာမလိုအောင် သန့်ရှင်းလွန်းခဲ့တယ်။ နောက်မှသိရတာက အလုပ်မသွားခင်

ငါးမိနစ်အချိန်ပေးပြီး ငါ့ကိုယ်စားလှဲခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၂)
နင့်ကို ငါပြောတယ် "လမ်းမှာကားပျက်သွားလို့ ကားမှတ်တိုင်ရောက်ဖို့

နာရီဝက်ကြာ ငါလမ်းလျှောက်လိုက်ရတယ်"

"တက္ကစီစီးပြီး ပြန်ခဲ့ရော့ပေါ့.. ပင်ပန်းနေပြီလား" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"သိပ်မှမဝေးတာ.. လျှောက်ပေါ့။ ဝိတ်လျှော့တာနဲ့ တူတူပဲ" လို့

နင်ပြောခဲ့တယ်။ နင့်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး

ငါစိတ်တိုမိခဲ့တယ်။

နောက်တစ်နေ့မနက် စားပွဲပေါ်မှာ နင့်ကားသော့ကို ငါတွေ့လိုက်တယ်။ ငါ့အတွက်

မနက်စာကို နင်စီစဉ်ခဲ့သေးတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊

ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၃)
နင့်ကို ငါပြောတယ် "ဟင်းကြော်တာ နည်းနည်းတူးသွားတယ်၊ နင်သည်းခံပြီး စားပေးနော်"

"အင်း.. ကိစ္စမရှိဘူး။ နင်ဘယ်လိုချက်ချက် ငါကြိုက်တယ်" ဆိုတဲ့ ကြင်နာသံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ကြည့်ရုံနဲ့ မစားချင်တော့ဘူး.. စားချင်စိတ်လဲ မရှိတော့ဘူး" လို့

နင်ပြောခဲ့တယ်။ နင့်ငါ့ကို နားမလည်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး

ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ သွန်ပစ်မယ်လို့ စိတ်ကူးထားတဲ့ဟင်းတွေ ပျောက်ပျောက်နေတာကို

သတိထားလိုက်မိတယ်။ နောက်တော့ နင့်နှုတ်ခမ်းဘေးမှာ၊ နင့်အနံ့အသက်မှာ

ဟင်းနံ့တွေ ငါရခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊

နားလည်မှုပေးတယ် ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၄)
နင့်ကို ငါပြောတယ် "ငါ့ဆံပင်တွေ ကျွတ်လိုက်တာ.. ဆရာကတော့ စိတ်မပူနဲ့လို့

ပြောတာပဲ။ ဂတုံးဖြစ်သွားမှာတောင် စိုးတယ်"

"စိတ်မပူပါနဲ့.. နင့်ဆံပင်တွေများနေတာပဲ။ ဂတုံးဖြစ်လောက်တဲ့အထိ

မကျွတ်နိုင်ဘူး" ဆိုတဲ့ အားပေးသံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ကိုယ့်ဆံပင်ကျွတ်တာကို ခုမှသိတာလား၊ ကြမ်းပြင်ပေါ်မှာ

နင့်ဆံပင်မွေးတွေချည်းပဲ၊ ညစ်ပတ်တယ်" လို့ နင်ပြောခဲ့တယ်။ နင်

ကိုယ်ချင်းမစာဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ အိမ်ကကြမ်းပြင်ပေါ်မှာ ငါ့ဆံပင်မွေးတွေ အတွေ့နည်းသွားတယ်။

ဆံပင်မကျွတ်တော့ဘူးလို့ ငါဝမ်းသာနေတုန်း နင်ခရီးထွက်ရတယ်။ နင်မရှိမှ

ကြမ်းပြင်ပေါ်က ဆံပင်မွေးတွေများခဲ့တယ်။ နောက်မှ ငါမသိအောင်

ဆံပင်မွေးတွေကို နင်လှဲခဲ့တယ်ဆိုတာကို ငါသိလိုက်ရတယ်။ တကယ်တော့

နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ငါ့စိတ်ချောက်ချားမှာကို

နင်စိုးခဲ့တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။


(၅)
နင့်ကို ငါပြောတယ် "သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ဒီညအိမ်ပြန်နောက်ကျမယ်နော်"

"ဘယ်သူတွေပါလဲ? သတိထားနော်.. စောစောမပြန်နိုင်ရင်

ဖုန်းမကြာမကြာဆက်ခဲ့နော်" ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက

ကြားချင်ခဲ့ပေမယ့်

"နင့်သဘောပဲ.. စိတ်ချမ်းသာသလိုလုပ်" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို

မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ စိတ်တိုတိုနဲ့ နင့်ကိုရွဲပြီး မနက် ၃နာရီမှ ငါအိမ်ပြန်ခဲ့တယ်။

ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေတဲ့ နင့်ကိုမြင်မှ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်ဆိုတာကို ငါသိလိုက်တယ်။ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့

နင်ရဲ့ချစ်နည်းပေါ့။

(၆)
နင့်ကို ငါပြောတယ် "ငါ ဟိုဒင်းဖြစ်နေလို့ ဗိုက်အရမ်းအောင့်တယ်"

"သည်းခံလိုက်ပါ၊ တစ်ရက်၊ နှစ်ရက်ဆို ပြီးသွားမှာပါ" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"မိန်းမတွေ သိပ်အလုပ်ရှုပ်တာပဲ" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊

ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ အိမ်ကအစားထည့်တဲ့ ဘီရိုမှာ ချောကလက်တွေ ပိုလာတာတွေ့လိုက်တယ်။

နင်ဝယ်လာပြီး နင်မစားခဲ့ဘူး။ မိန်းမသဘာဝမဖြစ်ခင် ငါ့အတွက်

နင်ပိုဝယ်ထားတတ်တာကို ငါသတိထားလိုက်မိတယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၇)
နင့်ကို ငါပြောတယ် "ဒါနင့်အတွက် ငါရွေးဝယ်ထားတဲ့ အနွေးထည်၊ နွေရာသီမှာ

လျှော့ဈေးနဲ့ရောင်းလို့ ဝယ်ခဲ့တာ၊ ခုဆောင်းရောက်ပြီဆိုတော့

ဝတ်လိုက်ပါနော်၊ နင့်အတွက် ငါရဲ့ဆောင်းရာသီ လက်ဆောင်ပေါ့"

"ကျေးဇူးတင်ပါတယ်၊ နင့်အချစ်ကြောင့် ဒီဆောင်းမှာ ငါပိုနွေးထွေးတော့မယ်"

ဆိုတဲ့ ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ရာသီပြောင်းလျှော့ဈေးမှာ ဝယ်ခဲ့တဲ့ အပေါစားပဲ" လို့ နင်ပြောခဲ့တယ်။

နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါဝမ်းနည်းခဲ့မိတယ်။

နောက်တော့ ဆောင်းကုန်လို့ နွေရောက်တဲ့အထိ အဲဒီအင်္ကျီကို နင်မချွတ်ခဲ့ဘူး။

ရုံးတက်၊ ရုံးဆင်း နေ့တိုင်းနင်ဝတ်ခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၈)
နင့်ကို ငါပြောတယ် "ဒီနေ့ နားထောင်ခဲ့တဲ့ ဓမ္မတေးက အရမ်းကောင်းတာပဲ၊

နားထောင်ရင်း ခံစားရတယ်"

"ဘယ်စာအုပ်၊ ဘယ်အခွေထဲကလဲ၊ ငါတို့သွားရှာဝယ်ရအောင်လေ"ဆိုတဲ

ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ဘယ်တေးဖြစ်ဖြစ် အတူတူပဲ" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊

ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ကက်ဆက်ထဲကနေ ရင်းနှီးတဲ့တေးသံကိုအမြဲ ကြားခဲ့ရတယ်။

စီဒီစင်ပေါ်မှာလည်း ခွေအသစ်တစ်ခွေ တိုးခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို

ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက တစ်ခြားလူတွေနဲ့ မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၉)
နင့်ကို ငါပြောတယ် "လမ်းထိပ်က ခေါက်ဆွဲသုပ်က အရမ်းစားလို့ကောင်းတယ်"

"ဟုတ်လား.. မနက်ဖြန်ကျရင် ငါတို့အတူတူသွားစားမယ်လေ" ဆိုတဲ့ ဂရုစိုက်သံကို

နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"တစ်ချိန်လုံး စားဖို့ချည်းတွေးနေတယ်၊ နင့်ကိုယ်လုံးကို

နင်ပြန်အားနာအုန်း" လို့ နင်ပြောခဲ့တယ်။ နင်ငါ့ကို မချစ်ဘူး၊

ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ အဲဒီခေါက်ဆွဲသုပ်ကို မကြာခဏ နင်ဝယ်လာတတ်တာကို

ငါသတိထားခဲ့မိတယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက

တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

(၁ဝ)
နင့်ကို ငါပြောတယ် "နင်နဲ့ရခဲ့လို့ ငါဝမ်းသာတယ်။ နင်ဟာ ငါရဲ့

ခင်ပွန်းကောင်းတစ်ဦးပါ"

"အင်း.. ငါလည်း ဝမ်းသာတယ်။ နင်က ငါရဲ့ဇနီးကောင်းတစ်ဦးပါ" ဆိုတဲ့

ဂရုစိုက်သံကို နင့်ဆီက ကြားချင်ခဲ့ပေမယ့်

"ယူတောင်ယူပြီးပြီပဲ မကောင်းတော့ ဘယ်လိုလုပ်မလဲ" လို့ နင်ပြောခဲ့တယ်။

နင်ငါ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုပြီး ငါစိတ်တိုခဲ့မိတယ်။

နောက်တော့ ညညမအိပ်ခင် တစ်ရူးနဲ့ ၄ဝလက်မရှိတဲ့ မင်္ဂလာဓာတ်ပုံကို

နင်ပွတ်တိုက်တတ်တာကို ငါသတိထားခဲ့မိတယ်။ ဓာတ်ပုံကိုကြည့်ပြီး

နင်ပြုံးနေခဲ့တယ်။ တကယ်တော့ နင့်ငါ့ကို ဂရုစိုက်တယ်၊ ချစ်တယ်၊ ဒါက

တစ်ခြားလူတွေနဲ့မတူတဲ့ နင်ရဲ့ချစ်နည်းပေါ့။

နောက်ဆုံး ငါသဘောပေါက် နားလည်ခဲ့ပါတယ်၊ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့

နင့်ခန္ဓာအောက်မှာ စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့ နွေးထွေးတဲ့၊

ငါ့အတွက်အချစ်တွေပြည့်နေတဲ့ အသဲနှလုံးတစ်စုံ ရှိတယ်ဆိုတာကို

ငါနားလည်ခဲ့တယ်။ ငါ့ကိုနင်ချစ်တယ် ဒါပေမယ့် နင်ဖွင့်မပြောတတ်ခဲ့ဘူး၊

ဒါကလည်း လူများနဲ့မတူတဲ့ ငါ့ကိုချစ်တဲ့

နင်ရဲ့ချစ်နည်းတစ်မျိုးပေါ့နော်
...

29/08/2009

အဖြည့်ခံဘဝ


တစ်ခါက လူငယ်လေးတစ်ယောက်ဟာ…ပန်းဥယျာဉ်လေးတစ်ခု တည်ဆောက်ဖို့
ဆုံးဖြတ်လိုက်တယ်တဲ့။သူဟာအရင်ဆုံး ရေနဲ့ လဲနီး မြေဆီမြေသြဇာလဲ ကောင်းတဲ့
နေရာတစ်ခုမှာ မြေကွက်လပ်ကျယ်ကျယ်လေးတစ်ခုဝယ်လိုက်တယ်။

နောက်…မြေကွက်လပ်ရဲ့ ထောင့်နေရာမှာ သူနေဖို့ တဲလေးတစ်လုံးထိုးလိုက်တယ်။

ပြီးတော့…သူက ဘာဆက်လုပ်ရမလဲစဉ်းစားတယ်။ပထမဆုံး သူရဲ့ ဥယျာဉ်လေးကို အပြင်လူတွေမနှောက်ယှက်နိုင်အောင် ခြံစည်းရိုးခတ်ရမယ်ပေါ့။

အဲဒါနဲ့ သူကိုယ်တိုင်း ၀ါးတွေခုတ်တယ်…နောက် ၀ါးလုံး ၀ါးခြမ်းတွေနဲ့
သူပိုင်မြေကွက်လေးကို ခြံစည်းရိုးခတ်လိုက်တယ်ပေါ့။

ခြံစည်းရိုးခတ်ပြီးသွားတဲ့အခါ လူငယ်လေးက စဉ်းစားတယ်။

ဒီဝါးခြံစည်းရိုးဟာ…နောက်ဖြစ်လာမယ့် သူ့ ရဲ့ ဥယျာဉ်လေးနဲ့ မလိုက်ဖက်ဘူးပေါ့။

ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လူငယ်လေးဟာ တောထဲကိုထွက်လာခဲ့တယ်။

တစ်နေရာအရောက်မှာ…သစ်ပင်ကြီးတစ်ပင်ကို တွယ်တက်ပြီးပေါက်နေတဲ့ အရမ်းလှတဲ့
ခရမ်းရောင်ပန်းတွေကို သတိထားမိသွားတယ်။

ခရမ်းရောင်ပန်းတွေက နွယ်ပင်ကနေ ပေါက်နေတာပဲ။

နွယ်ပင်ရဲ့ ပင်စည်မှာလဲ ချွန်မြတဲ့ ဆူးတွေနဲ့ ။

အဲဒီ ပန်းနွယ်ပင်တွေကိုကြည့်ပြီး လူငယ်လေးကအကြံတစ်ခုရသွားတယ်။

သူ့ ရဲ့ ၀ါးခြံစည်းရိုးပေါ်ကနေမံပြီး ဆူးပါတဲ့ ပန်းနွယ်ပင်စိုက်ရမယ်ပေါ့။

ဒါဆို သူရဲ့ ပန်းဥယျာဉ်ကြီးနဲ့ လဲလိုက်ဖက်မယ်….သူ့ ဥယျာဉ်ကြီးကို
နှောက်ယှက်မယ့်သူတွေရန်ကလဲ ကာကွယ်ပြီးဖြစ်မယ်လေ။

အဲဒါနဲ့ သူက…နွယ်ပန်းခြုံကြီးကနေ အပင်ပေါက်လေးတစ်ခု ယူလာခဲ့တယ်။

နွယ်ပင်ပေါက်လေးကတော့ပျော်လို့ ပေါ့။

ဘယ်သူ့ ကမှသူ့ ကို အခုလို တယုတယ စိုက်ပျိုး ဖို့ ယူမသွားခဲ့ဖူးဘူးလေ။

လူငယ်လေးက နွယ်ပင်ပေါက်လေးကို ယူသွားပြီး ခြံစည်းရိုးရဲ့ ထောင့်တစ်နေရာကနေ
စပြီးစိုက်တယ်။ဒီအပင်လေးဟာ သူ့ အတွက်တော့ ပထမဆုံးပန်းပင်လေးပဲလေ။

နေ့ တိုင်း နွယ်ပင်ပေါက်လေးကို ရေလောင်း မြေဆွ မြေသြဇာထည့်ပေးတယ်။

ပြီးတော့ မြေရိုင်းဖြစ်နေတဲ့ သူ့ ရဲ့ မြေကွက်လပ်ကိုလည်း ပန်းပင်အမျိုးမျိုး စိုက်လို့
ရအောင် ပေါင်းသင် မြေဆွပေးတယ်။တောထဲမှာ အကြမ်းပတမ်းရှင်သန်နေရတဲ့
နွယ်ပင်လေးဟာ အခုလို ကရုတစိုက် ရေလောင်းမြေဆွပေးတော့ တရှိန်ထိုးကြီးထွားလာတာပေါ့။

အရွက်တွေလဲ ဖားဖားဝေေ၀၊ ပင်စည်က ဆူးတွေကလဲ ချွန်မြလို့ ။ဝါးခြံစည်းရိုးကို ဖြန့်
သူ့ သခင် ဥယျာဉ်မှုးလေးရဲ့ ခြံ ကိုအစွမ်းကုန်
်ကာကွယ်ပေးဖို့ ဆုံးဖြတ်ချက်ချထားလေရဲ့ ။နွယ်ပင်လေး ခြံစည်းရိုးတစ်လျှောက်
်ကြီးထွားလာတာနဲ့
အမျှ လူငယ်လေးရဲ့ ခြံဟာလဲ ပန်းပင်တွေ စိုက်ပျိုးဖို့ အဆင်သင့်ဖြစ်လာပြီလေ။

ဒါနဲ့ တစ်နေ့ တော့ လူငယ်လေးဟာ မြို့ ကိုတက်ပြီး ပန်းမျိုး စေ့တွေသွားဝယ်တယ်။

လူငယ်လေးမရှိတဲ့အချိန်မှာ နွယ်ပင်လေးဟာ သူ့ ရဲ့ တာဝန်ကိုအစွမ်းကုန်ထမ်းဆောင်ပြီး ခြံကို ကာကွယ်စောင့်ရှောက်ရင်းကျန်ခဲ့ပါတယ်။

၃ ရက်လောက်ကြာတော့ လူငယ်လေးက မြို့ ကပြန်ရောက်လာတယ်။

မျိုးစေ့ထုပ်တွေနဲ့ ၀မ်းသာနေတဲ့ လူငယ်လေးဟာ သူ့ ရဲ့ နွယ်ပင်လေးကိုတောင်
နှုတ်မဆက်အားပဲ မေ့လျော့နေခဲ့ပါတယ်။အဲဒါကြောင့် သူရဲ့ နွယ်ပင်လေးမှာ ခရမ်းရောင်
ပန်းပွင့်လေးတွေ စပွင့်နေပြီဆိုတာကို သူသတိမထားမိခဲ့ဘူး။

နောက်နေ့ တွေလဲ လူငယ်လေးဟာ ပေါင်းသင်မြေဆွထားတဲ့ မြေပေါ်မှာ
သူဝယ်လာတဲ့ ပန်း မျိုးစေ့တွေကျဲရင်းအလုပ်များနေခဲ့တယ်။

နွယ်ပင်လေးကို ရေလောင်းဖို့ နေနေသာသာ လှည့်တောင်မကြည့်ဖြစ်ခဲ့ပါဘူး။

ဒါပေမယ့်လည်း သန်မာနေပြီဖြစ်တဲ့ နွယ်ပင်လေးဟာ လူငယ်လေးအလုပ်များနေတာကိုကြည့်ပြီး
ကြည်နူးရင်းနဲ့ ဆက်ကြီးထွားလာခဲ့တယ်။တစ်နှစ်လောက်ကြာတဲ့အခါ လူငယ်လေးရဲ့ ခြံလေးဟာ ပန်းတွေအစုံအလင်နဲ့ အရမ်းလှတဲ့ ဥယျာဉ်လေးတစ်ခုဖြစ်လာခဲ့တယ်။

ခြံစည်းရိုးတစ်ခုလုံးလဲ ခရမ်းရောင်ပန်းနွယ်တွေနဲ့ လွှမ်းခြုံ လို့ ဥယျာဉ်ကြီးနဲ့ အရမ်းကို ပနံရနေခဲ့တယ်။

ပတ်ဝန်းကျင်ကလူတွေကလဲ ခရမ်းရောင်ခြံစည်းရိုးကြီးကိုကြည့်ပြီး လူငယ်လေးရဲ့ ဥယျာဉ်ကို ခရမ်းရောင် ဥယျာဉ်လို့ နာမည်ပေးထားကြတယ်။

ဒါပေမယ့် ပိုင်ရှင်လူငယ်လေးကတော့…သူ့ ခြံစည်းရိုးက နွယ်ပင်လေးကို သတိတောင်မထားမိပါဘူး။

သူ့ ခြံထဲက မျိုးကောင်းမျိုးသန့် ပန်းတွေနဲ့ ပဲအလုပ်များနေခဲ့တယ်။

ခြံစည်းရိုးပေါ်က နွယ်ပင်လေးခမျာသူ့ ကိုကရုမစိုက်တော့လဲ လူငယ်လေးကို အပြစ်မတင်ရက်ပါဘူး။

တောထဲကနေ ခေါ်လာပြီး ခြံစည်းရိုးပေါ်မှာနေရာပေးခဲ့တာကိုပဲ ကျေးဇူးတင်နေပြီး ဥယျာဉ်ကြီးကို အစွမ်းကုန်ကာကွယ်ပေးနေခဲ့တယ်။

တစ်နေ့ တော့လူငယ်လေးက တွေးမိတယ်။

သူ့ ရဲ့ အရမ်းလှတဲ့ ဥယျာဉ်ကြီးကို ပတ်ဝန်းကျင်ကိုပြချင်တယ်။

ဒီဥယျာဉ်ကြီးအတွက်နဲ့ ဂုဏ်ယူချင်တယ်။

ပတ်ဝန်းကျင်က လူတွေက ခရမ်းရောင် ဥယျာဉ်လို့ ခေါ်တာကိုတောင် သဘောမတွေ့ တော့ဘူး။

သူ့ ဥယျာဉ်ထဲမှာက ပန်းရောင်စုံရှိနေတာပဲလေ…

အဲဒီတော့ ခြံစည်းရိုးက နွယ်ပင်တွေကို မကြိုက်တော့ဘူး…ရှုပ်တယ်လို့ မြင်လာတယ်။

သူ့ ဥယျာဉ်ကြီးရဲ့ အလှကို ဖုံးကွယ်ထားတယ်လို့ မြင်လာတယ်…နွယ်ပင်တွေကြောင့် ခြံထဲမှာ အလင်းရောင်နည်းနေတယ်လို့ ခံစားလာရတယ်။

ဒါနဲ့ တစ်နေ့ တော့ ဒါးတစ်ချောင်းနဲ့ နွယ်ပင်တွေအကုန်ခုတ်ချပါလေရော။

ဒီနွယ်ပင်တွေဟာ သူ့ ရဲ့ ပထမဆုံးပန်းပင်ဆိုတာကိုလဲ မေ့သွားတယ်

သူ့ ဥယျာဉ်ကြီးကို နှစ်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာကိုလဲ မေ့သွားတယ်။

နွယ်ပင်လေးကတော့ ဘာတတ်နိုင်မှာလဲ….

ရင်နာရင်းနဲ့ ပဲ….သူချစ်တဲ့ သခင်ရဲ့ ဒါးချက်အောက်မှာ အကိုင်းအခက်တွေ တိခနဲတိခနဲ…

မကြာခင်မှာပဲ ၀ါးခြံစည်းရိုးကို ဖုံးထားတဲ့ နွယ်ပင်ရဲ့ အကိုင်းအခက်တွေအကုန်ကုန်သွားပြီး ၀ါးခြံစည်းရိုးပဲကျန်ခဲ့တယ်။

ဥယျာဉ်တစ်ခုလုံးလဲ လင်းသွားပြီး လူငယ်လေးလဲ ကျေနပ်သွားတော့တယ်။

နောက်ရက်တွေကျတော့ လူတွေက…၀ါးခြံစည်းရိုးကြားကနေမြင်နေရတဲ့ လူငယ်လေးရဲ့
ဥယျာဉ်ကို ပိုချီးမွမ်းကြတယ်။

အနားက ဖြတ်သွားတဲ့ လူတိုင်း ဥယျာဉ်ကြီးကို ရပ်မကြည့်ရရင် မနေနိုင်အောင်ကို
ဥယျာဉ်ကြီးကလှပါတယ်။

လူငယ်လေးကလဲ သူ့ ဥယျာဉ်အတွက်အရမ်းကို ဂုဏ်ယူနေခဲ့တယ်။

တစ်ရက်တော့ လူငယ်လေးဟာ သူ့ ဥယျာဉ်အတွက် လိုအပ်တဲ့ မြေသြဇာတွေဝယ်ဖို့
မြို့ ကိုသွားရတယ်။ဥယျာဉ်ကြီးကိုတော့ အိမ်နီးချင်းတွေလက်ထဲအပ်ထားခဲ့ရတာပေါ့။

ဒါပေမယ့် မကြာခင်ပဲ ဥယျာဉ်ကြီးနားကို နမော်နမဲ့ နိုင်တဲ့ ဆိတ်ကျောင်းသားတစ်ယောက်ရဲ့ ဆိတ်အုပ်တစ်အုပ်ရောက်လာခဲ့တယ်။

ဆာလောင်နေတဲ့ စည်းမဲ့ကမ်းမဲ့ဆိတ်တွေအတွက်တော့ ဥယျာဉ်ထဲက ရွက်နုပွင့်နုလေးတွေဟာ…အရမ်းကိုဆွဲဆောင်အားကောင်းနေခဲ့တာပေါ့။

ခါတိုင်း သူတို့ ကိုတားဆီးနေတဲ့ ဆူးနွယ်ပင်တွေလဲမရှိတော့ဘူးဆိုတော့ ၀ါးခြံစည်းရိုးကိုအတင်းတိုးပြီးဝင်ကြတယ်။

ဝါးခြံစည်းရိုးက ဆာလောင်နေတဲ့ ဆိတ်တွေရဲ့ ဒဏ်ကိုဘယ်ခံနိုင်မလဲ။

ဆိတ်တွေရဲ့ တွန်းထိုးမှုအောက်မှ လဲကျ ကျိုးပျက်သွားတယ်။

ခြံစည်းရိုးလဲ ကျိုးသွားရောဆိတ်တွေဟာ ဥယျာဉ်ထဲဝင်ပြီးထင်တိုင်းကျဲတော့တာပါပဲ။

ပျိုးပင်လေးတွေကို နင်းခြေကြတယ်၊ ပန်းပွင့်တွေကို ၀ါးမြိုကြတယ်၊ ရွက်နုတွေကို
စားသောက်ကြတယ်။စားလို့ မရတဲ့ အပင်တွေအကိုင်းတွေကျတော့ ကိုယ်လုံးတွေနဲ့
တွန်းတိုက်ချိုးဖဲ့ကြတယ်။ဆိတ်အုပ်ကြီးဟာ စားသောက်သောင်းကျန်းလို့ ၀မှ
ဥယျာဉ်ထဲကနေ ပြန်ထွက်သွားကြတယ်။

ဥယျာဉ်မှုးလူငယ်လေးပြန်ရောက်လာတဲ့ အခါမှာတော့ မမြင်ရက်စရာ မြင်ကွင်းက ဆီးကြိုနေပါတယ်။

တာဝန်ပေါ့လျော့ပြီး စောင့်ကြည့်ဖို့ မေ့နေခဲ့တဲ့ အိမ်နီးချင်းတွေလဲ ဘာမှမပြောနိုင်ကြပါဘူး။

ဥယျာဉ်ကြီးရဲ့ ခြံစည်းရိုးက လဲကျ ကျိုးပျက်နေတယ်။

ခြံထဲမှာလဲ….အပင်ကျိုးတွေ၊ အပွင့်ကြွေတွေ၊ အရွက်ကြေတွေနဲ့ ရှုပ်ပွ ညစ်ပတ်နေတယ်။

ဥယျာဉ်မှုးလေးဟာ မူးမေ့လဲကျသွားမတတ်ခံစားလိုက်ရပါတယ်။

သူအရမ်းတန်ဖိုးထား မြတ်နိုးရတဲ့ ဥယျာဉ်ကြီးဟာ အခုတော့ အမှိုက်ပုံတစ်ခုလိုဖြစ်နေပါပြီ။

ဒါပေမယ့်လဲ…ဖြစ်တာက ဖြစ်ပြီးသွားပြီမို့ ရင်နာနာနဲ့ ပဲ ပြန်ပြင်ဆင်ဖို့ ကြိုးစားရပါတော့တယ်…

အရင်ဆုံး အပင်ကျိုး အရွက်ကြေ တွေကိုအရင်ရှင်းထုတ်ရတယ်။

နောက်တော့ အကောင်းကျန်သေးတယ် အပင်လေးတွေ နည်းနည်းကို ပြန်ပြီးသေချာ
မြေဆွ အားဖြည့်ရတယ်။ပျက်ဆီး သွားတဲ့ အပင်တွေနေရာမှာ ပြန်စိုက်ဖို့…ပျိုး ပင်ပေါက်လေးတွေပြန်မွေးရတယ်။

ရှင်းလင်းတဲ့အလုပ်တွေပြီးသွားတဲ့အချိန်မှာ ဥယျာဉ်မှုးလေးဟာ ကျိုးပဲ့ပျက်ဆီးနေတဲ့
ခြံစည်းရိုးကိုကြည့်မိတယ်။
ဆိတ်တွေကြောင့် ကျိုးပျက်သွားတဲ့ ခြံစည်းရိုးကိုလဲ ပြန်ပြုပြင်ရဦးမယ်လေ။

ဒီတစ်ခါတော့ အခိုင်အခံ့လုပ်ရမယ်လို့ ဥယျာဉ်မှုးလေးက တွေးတယ်။

အဲဒီအချိန်မှာပဲ… ခြံစည်းရိုးရဲ့ အောက်ခြေကနေ အပေါ်ကို နွယ်တက်ဖို့
ကြိုးစားနေတဲ့အပင်လေးတွေကို သတိထားမိသွားတယ်။

သေးသေးသွယ်သွယ်အပင်လေးတွေပါပဲ…ခရမ်းရောင်အပွင့်လေးတွေနဲ့
ခြံစည်းရိုးအောက်ခြေမှာ ပေါက်နေကြတာ။

အဲဒီခရမ်းရောင်အပွင့်လေးတွေကိုကြည့်ရင်း ဥယျာဉ်မှုးလေးကအရမ်းလှတယ်လို့
ခံစားလိုက်ရတယ်။
နောက်ပြီး နှစ်ပေါင်းတော်တော်ကြာ သူ့ ဥယျာဉ်ကိုကာကွယ်ပေးသွားတဲ့
သူ့ ရဲ့ ပထမဆုံး ပန်းနွယ်ပင်လေးကိုသတိရလိုက်တယ်။
သူက ဥယျာဉ်ကို ကာကွယ်ပေးနေတဲ့ ပန်းနွယ်ပင်လေးကို ရက်စက်မိပေမယ့် နွယ်ပင်လေးကပြန်မရက်စက်နိုင်ခဲ့ပါဘူး။

ဥယျာဉ်ကြီးကို ဆက်ပြီးစောင့်ရှောက်ဖို့ အတွက် မျိုးဆက်လေးတွေထားသွားတယ်။

ဒီတစ်ခါတော့ ဥယျာဉ်မှုးလေးလဲ နားလည်သွားပါပြီ။

ခြံစည်းရိုးကို ပြန်ပြင်ပြီး ခရမ်းရောင်ပန်းနွယ်လေးတွေကိုလဲ ကရုတစိုက်စောင့်ရှောက်တယ်.
.ခြံထဲက တခြားပန်းတွေနဲ့ တန်းတူပေါ့။
မကြာခင်မှာပဲ…လူငယ်လေးရဲ့ ဥယျာဉ်ကြီးက
ပန်းတွေနဲ့ ပြန်ပြီးဝေဆာလာပါတယ်။
ခရမ်းရောင်နွယ်ခြံစည်းရိုးကြီးအပါအ၀င်ပေါ့။

ပြီးတော့ ခရမ်းရောင်ဥယျာဉ်ဆိုတဲ့နာမည်ကလဲ…အနီးအနားပတ်ဝန်းကျင်တင်မကပဲ ဟိုးအဝေးအထိကျော်ကြားသွားခဲ့ပါတယ်။
(အသိပေးခြင်း)မေးထဲရောက်လာတဲ့စာမူလေးကို မျှဝေခံစားလျှက်
ဆန်းသစ်အောင်
်

မေမေ့မျှော်လင့်ချက်

-
ချစ်လှစွာသော သမီးငယ်…
ချစ်သူမွေးနေ့အတွက် ဒီနေ့ ကျောင်းစောစောဆင်းပြီး လက်ဆောင်သွားဝယ်မယ်လို့
သမီးငယ် ပြောခဲ့တယ်နော်။ အမေ့မွေးနေ့မှာ လက်ဆောင်ပေးဖို့ ဘာလို့မေ့ခဲ့
သလဲလို့ အမေမေးတော့ သမီးငယ်က စိတ်တိုတယ်။

“တစ်ခြားလူတွေရဲ့ မေမေက ဘယ်တော့မှ သားသမီးဆီက လက်ဆောင်ကို
မမျှော်လင့်ကြဘူး။ အမေလို မကျေနပ်တာတွေ တတွတ်တွတ် ရွတ်ဖို့ဝေးလို့
သူတို့မေမေက သူတို့ကို ချစ်လို့တောင် မဝကြဘူး။ ချစ်သူနဲ့ မိသားစု နှိုင်းလို့ဘယ်ရမလဲ”

သမီးငယ်… ဒီအချိန်မှာ ဒါတွေကို သမီးငယ် နားလည်သေးမှာ မဟုတ်ဘူး။
မိခင်တစ်ဦးဟာ တော်ရုံစိတ်ဆင်းရဲမှုမျိုးကို မဖွင့်ဟတတ်ဘူး။ တစ်ယောက်တည်းပဲ
ကျိတ်မှိတ်ခံတယ်။ သားသမီးတွေရဲ့ အပြုံးမျက်နှာပေါ်မှာ သူ့အပူအပင်တွေကို
မလောင်းရက်ခဲ့ဘူး။ သမီးငယ်ပြောလို မေမေဟာ တစ်ခြားမိခင်တွေလို မြင့်မြတ်ရမယ်၊
ကိုယ်ချင်းစာတရား ရှိရမယ်တယ်ဆိုတဲ့ ဝေါဟာရကို မေမေတာဝန်မယူရဲဘူး သမီး။

ဘုရားသခင်က မေမေကို “မိခင်” ဆိုတဲ့အမည် ပေးလိုက်တာနဲ့ အမြဲတမ်း၊
အချိန်တိုင်း သတ္တိရှိရမယ်၊ ရဲရင့်ရမယ်၊ မြင့်မြတ်ရမယ်၊ ပေးဆပ်ရမယ်၊
နောင်တမဲ့ရမယ်လို့ မေမေ့ကို မတောင်းဆိုထားဘူး။ ဘုရားသခင်က
မေမေကို အမျိုးသမီးတိုင်းမှာရှိတဲ့ အားငယ်တာ၊
ထိခိုက်လွယ်တာ၊ မာန်တက်တာ၊ တစ်ကိုယ်ကောင်းဆန်တာတွေပါ
ပေးခဲ့တယ်။ ဒါကြောင့် သမီးဖက်က ပေးဆပ်သင့်တာတွေ မပေးဘဲ
မေမေဖက်ကချည်း အတိုင်းဆမဲ့ ပေးဆပ်ရမယ်လို့ သမီးမတောင်းဆိုသင့်ဘူး။

အားရက်တိုင်းမှာ သမီးငယ်က ကိုယ့်အတွက်နဲ့ အလုပ်များခဲ့တယ်။ “အချစ်” က
သမီးဘဝဖြစ်ခဲ့တယ်။ ချစ်သူနဲ့ပြောခဲ့တဲ့ စကားတိုင်းကို သမီးစွဲမြဲမှတ်ထားပြီး
တစ်ခါတလေမှာ အဲဒီစကားတွေနဲ့ အပူတွေကို သမီးရှာခဲ့တယ်။ သမီးစိတ်ထိခိုက်လို့
ပြောလိုက်တဲ့ စကားတွေက အမေ့ကိုလည်း စိတ်မချမ်းမြေ့စေဘူးဆိုတာ သမီးမေ့ခဲ့ပြီလား?

ကျောင်းပြေးပြီး ချစ်သူနဲ့ သမီးလျှောက်လည်တယ်။ ပြောမကုန်တဲ့ စကားတွေပြောတယ်။
ဒါပေမယ့် ဒီလိုအားရက်တိုလေးမှာ မေမေလည်း သမီးအဖော်ပြုတာကို လိုချင်တယ်ဆိုတာကို
သမီးတစ်ခါမှ မတွေးခဲ့ဘူးနော်။ အင်တာနက်တက်မယ်၊ ချစ်သူနဲ့ဖုန်းပြောမယ်၊
သူငယ်ချင်းအိမ်သွားမယ်နဲ့ မေမေ့အတွက် သမီးရဲ့အချိန်တွေ ဘယ်လောက်ခွဲပေးခဲ့ပြီလဲ?

တစ်လကို ဖုန်းကြေးဘယ်လောက်ဆိုပြီး အမေကို မကျေမနပ်နဲ့ သမီးရွတ်ပြတတ်သေးတယ်။
အမေလည်း မကျေမနပ်ပြောရရင် အမေအတွက် သမီးဘယ်လောက် ကုန်ကျခဲ့ဖူးလဲ?
ဖုန်းနဲ့ ရယ်ရွှင်စရာစာတိုလေးတွေပို့ပြီး ချစ်သူကို ပျော်ရွှင်အောင် သမီးလုပ်ခဲ့တယ်။
သမီးကိုလွမ်းနေမယ့် အမေအတွက် နှစ်သိမ့်တဲ့ စာတိုလေးတစ်ကြောင်း ရေးပို့ဖို့ သမီးသတိရခဲ့ရဲ့လား?

သမီးက ငယ်ငယ်လေးတည်းက အမေ့ကို အစောကြီး ထမင်းထချက်ခိုင်းပြီး၊ ဟင်းမကောင်းလို့
ထမင်းမစားဘဲ ငြင်းဆန်ခဲ့တဲ့ တစ်ကိုယ်ကောင်းဆန်သူပါ။ ကျောင်းဆင်းချိန်
အမေကိုလာကြိုဖို့ပြောပြီး သူငယ်ချင်းတွေနဲ့ နေဝင်မိုးချုပ်ထိ လျှောက်လည်ခဲ့တယ်။
ညအမှောင် လမ်းကြိုလမ်းကြားမကျန် သမီးနာမည်ကို တကြော်ကြော်အော်ပြီး
အမေလိုက်ရှာခဲ့တာကို သမီးသိလား?

ညအိပ်ရာမဝင်ခင် နွားနို့ပူပူလေးတစ်ခွက်ကို သမီးသောက်နေချိန်မှာ
မေမေရဲ့အကြင်နာတွေကို သမီးသတိရရဲ့လား? နွားနို့ထည့်ပေးဖို့
မေမေမေ့သွားတဲ့ညက မေမေ့ကို သမီးစကားမပြောခဲ့ဘူးနော်။

စာမေးပွဲ မဖြေခင်မှာလည်း မေမေ့ကို မစာနာဘဲ ပြောသေးတယ်။

“ဒီတစ်ခေါက် သိပ်ဖြေနိုင်မှာ မဟုတ်ဘူး။ ကျွန်မအပေါ် မျှော်လင့်ချက် သိပ်မထားနဲ့” တဲ့။

ဒါပေမယ့် သမီးရယ်… သမီးအတွက် ဘယ်အရာမဆို အမေတာဝန်ယူရမယ်လို့
သမီးတောင်းဆိုခဲ့သလို သမီးကလည်း အမေကို အမှတ်ကောင်းလေးနဲ့ မတုန့်ပြန်သင့်ဘူးလား?

အချစ်မှာ နှစ်ဦးနှစ်ဖက် ညီမျှတဲ့ပေးဆပ်ခြင်းတွေ ရှိရမယ်လို့ ချစ်သူကို သမီးပြောခဲ့သလို
တစ်သက်လုံး မခွဲမခွါတဲ့ မိသားစုမှာရော စိတ်တူညီမျှ ပေးဆပ်ခြင်းတွေ မရှိသင့်ဘူးလား သမီးငယ်.. ?

ချစ်သူအပေါ်ထားတဲ့ သမီးရဲ့ချစ်ခြင်းတွေ၊ ရူးသွပ်မှုတွေကို မေမေသဝန်တိုလို့
မဟုတ်ဘူးနော် သမီး။ ချစ်ခြင်းဆိုတာကလည်း ခံစားမှုအတွေ့အကြုံနဲ့
စိတ်အာဟာရတစ်မျိုးဆိုတာ မေမေသိတယ်။ မေမေမျှော်လင့်တာက
ချစ်သူနဲ့သမီး အပြန်အလှန်ပေးဆပ်သလိုမျိုး ၂၂နှစ်ကြာ သမီးအပေါ် ပေးဆပ်ခဲ့တဲ့
အမေရဲ့သွေး၊ ချွေးတွေကိုလည်း သမီးသတိရစေချင်တယ်။ ချစ်သူကပေးတဲ့
ချစ်သက်တမ်းတစ်နှစ်ကို တစ်သက်လုံးနဲ့ လဲချင်ခဲ့တဲ့သမီး၊ သမီးအပေါ်မလျော့တဲ့အချစ်နဲ့
တစ်သက်လုံးချစ်ခဲ့တဲ့ အမေ့ကို သမီးရဲ့ တစ်နှစ်ဆိုတဲ့ ဂရုစိုက်ပြုစုမှုတွေ ပြန်မပေးသင့်ဘူးလားကွယ်?
ခုတော့ သမီးဆီက ရလိုက်တဲ့ အရာတွေက မေမေပေးဆပ်ခဲ့တာနဲ့ မတန်ခဲ့ပေမယ့် မေမေကျေနပ်ခဲ့ပါတယ်။

မေမေ့မွေးနေ့မှာ သမီးဆီက ဘာလက်ဆောင်မှ မရခဲ့လည်း ဖုန်းဆက်ပြီး အဝေးက
သမီးအသံကို အမေကြားပါရစေ။

မေမေစိတ်ပူပြီး ညညအိပ်မပျော်လည်း ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့
လျှောက်လည်မယ့်အကြောင်း ဖုန်းဆက်ပြီး မေမေ့ကို အကြောင်းကြားပေးပါ။

စာထဲ သမီး စိတ်မဝင်စားခဲ့လည်း စာမေးပွဲကြေးသွင်းတဲ့အခါ မေမေ့ကိုတောင်းပန်စကား
တစ်ခွန်းပြောဖို့ သတိရပေးပါ။

လုပ်အားခပိုက်ဆံတွေကို ချစ်သူအတွက် လက်ဆောင်ဝယ်ပေးခဲ့လည်း ပိုက်ဆံတစ်ပြားတစ်ချပ်
ရှာရတာ အင်မတန်ပင်ပန်းကြောင်း အမေ့ကို စာတိုလေးတစ်ကြောင်း ပို့ဖို့မမေ့ပါနဲ့။

ဒီလိုပေးဆပ်မှုမျိုးက ဘယ်မိခင်မဆို လိုအပ်ပါတယ်။ စိတ်ထိခိုက် လှုပ်ရှားလွယ်တဲ့
မေမေကတော့ တစ်ခြားမိခင်တွေထက် ပိုခဲ့တယ်။ သားသမီးတိုင်းကို
မိခင်ရဲ့ကောင်းကွက်တွေကို မှတ်ပြီး အမြဲတစေပေးဆပ်စေတာက
ကြမ်းတမ်းတဲ့လုပ်ရပ်မှန်း မေမေသိတယ်။
သမီးအိမ်ထောင်ပြုပြီး သားသမီးရတဲ့အချိန် အဲဒီသားသမီးတွေရဲ့ အေးစက်စက်
တုန့်ပြန်မှုနဲ့ လျစ်လျူရှူမှုကို ခံရတဲ့အချိန်၊ ချွေးထက်မက မျက်ရည်တွေကျမိချိန်မှ
မေမေပြောတာတွေကို သမီးနားလည်လာမှာပါ သမီး။

မိခင်တွေလိုချင်တဲ့ သားသမီးတွေရဲ့ တုန့်ပြန်မှုဟာ သေးသိမ်လွန်းလှပါတယ်။
ဒီလိုနှိမ့်ချပြီး တောင်းဆိုတဲ့ မိခင်တစ်ဦးကို သမီးက စာအုပ်ထဲကမိခင်လောက်
မမြင့်မြတ်ဘူး၊ တစ်ကိုယ်ကောင်းဆန်တယ်လို့ သမီးထင်ခဲ့တယ်။ ဒီလိုဆိုရင်
သမီးငယ်.. ကိုယ်တိုင်ကရော ဘယ်လိုတွေ ပေးဆပ်တုန့်ပြန်ခဲ့သလဲကွယ်?

မူရင်း.... 安宁 (An Ning) 母爱也期待回报
(၀န်ခံခြင်း)မိမိမေးထဲသို့ရောက်လာသောစာမူကိုကူးယူဖော်ပြခြင်းဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

28/08/2009

ကျားကြောက်လို့ရှင်ကြီးကိုး


ရှေးတုန်းက ရွာတစ်ရွာမှာ သူငယ်ချင်းနှစ်ယောက်ရှိသတဲ့။ သူတို့ဟာ အိမ်ထောင်ကိုယ်စီ သားကျွေးမှု မယားကျွေးမှု အတွက် ရွာစဉ်လှည့်ပြီး ကုန်သွယ်မှုလုပ်ကြသတဲ့။ လမ်းခရီးမှာ သူခိုးဓါးပြ ရန်ကိုကြောက်တဲ့အတွက် အမြဲနှစ်ယောက်အတူသွားပြီး အမြတ်အစွန်းကိုလည်း သာတူညီမျှခွဲဝေကြသတဲ့။ သိပ်ချစ်ကြတဲ့သူငယ်ချင်း ဖြစ်ပေမယ့် အယူအဆချင်းကတော့ မတူဘူးတဲ့။ တစ်ယောက်က ရိုးရာနတ်ကိုးကွယ်မှုကို ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ရတနာသုံးပါးသာ ကိုးကွယ်ရာလို့ ယုံကြည်သတဲ့။ ဒါပေမယ့် ဘယ်သူ့ဘယ်သူမှ အပြစ်မပြောကြပဲ နေလာကြရာက တစ်နေ့မှာ အရမ်းနက်တဲ့တောကို ဖြတ်ပြီးသွားရမယ့် ခရီးတစ်ခုပေါ်လာရောတဲ့။ ဘယ်သူမှမသွားရဲတဲ့ ခရီးဖြစ်တော့ အမြတ်အစွန်းကလည်း များများရနိုင်တယ်ဆိုပါတော့။ ဒါနဲ့ပဲသူငယ်ချင်းနှစ်ယောက် တိုင်ပင်ပြီး စွန့်စားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ခရီးထွက်လာကြတာ တောအုပ်အလယ်အရောက်မှ နေစောင်း လာတာကြောင့် တစ်ညတာနားဖို့ ဆုံးဖြတ်ကြသတဲ့။

ဒီမှာတင်ပဲ နတ်ကိုးကွယ်တာကို ယုံကြည်တဲ့သူငယ်ချင်းက ‘သူငယ်ချင်းရေ ဒီတောက ကျားဆိုး ပေါတယ်ပြောတယ်။ ဘာပဲပြောပြော စိတ်ချရအောင် ဒီအပင်က အရှင်ကို ပူဇော်ပသပြီး အိပ်ကြရအောင်ကွာ’ လို့ပြောသတဲ့။

ဟိုသူငယ်ချင်းကတော့ ‘ဘုရားရှိခိုးပြီးပြီပဲကွာ၊ မလိုတော့ပါဘူး’ လို့ ပြောတာပေါ့။

ပထမပြောတဲ့တစ်ယောက်က ‘ဒါဆိုလည်း မင်းထိုက်နဲ့ မင်းကံပေါ့ကွာ၊ ငါကတော့ လုပ်မှာပဲဆိုပြီး အပင်ဘက်လှည့် လက်အုပ်ချီ အရှင့်ကို အကျွန်ုပ်ရဲ့ ကိုယ်ခန္ဓာကို အပ်ပါတယ်’ လို့ ပြောပြီး စိတ်ချလက်ချ အိပ်သွားသတဲ့။

ညလယ်မှာပဲ ကျားတစ်ကောင်ဟာ သူတို့အိပ်နေတဲ့နားကို ရောက်လာပါရော။ လူနံ့ရလို့ ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ သူငယ်ချင်းနှစ်ယောက်ကို တွေ့ရောပေါ့။ စားရချည်သေးဆိုပြီး အနားကပ်သွားတော့မှ သူတို့အိပ်နေတဲ့အပင်က တော်တော်တန်ခိုးကြီးတဲ့ အရှင်ကြီးဆိုတာအပိုင်ဖြစ်နေပါေ

ရာ။ ဒါနဲ့ကျားက အပင်ပိုင်ရှင် အရှင်ကြီးကို ‘အို သစ်ပင်ပိုင်စိုး တန်ခိုးကြီးမား အရှင်ကြီးခင်ဗျား၊ ကျွန်တော်မျိုး၏ သဘာဝအရ လူသားသတ္တ၀ါကို အနံ့လေးရရုံမျှနဲ့ သွားရည်တမျှားမျှားကျ စားလိုလှပါတယ်၊ ခွင့်ပြုတော်မူပါ’ လို့ ပြောသတဲ့။

ဒီအခါမှာ အရှင်ကြီးဆိုတဲ့ ပုဂ္ဂိုလ်က ‘အင်း… အိပ်စက်နေတဲ့ နှစ်ယောက်အနက်မှာ ဒီဘက်က ပုဂ္ဂိုလ်က ဘုရားသာရှိခိုးပြီး ငါ့ကိုဘာမှမပြောမဆို အိပ်သွားတယ်၊ ဟိုဘက်က တစ်ယောက်ကတော့ဖြင့် သူ့ကိုယ်ခန္ဓာကို ငါ့ကိုအပ်ပြီး အိပ်ရှာတယ်၊’

ဒါနဲ့ ကျားက ‘ဘယ်သူ့ကိုစားရမလဲ အရှင်ကြီး’ လို့ မေးသတဲ့။

အရှင်ကြီးက ‘ကိုယ်မပိုင်တဲ့ ပစ္စည်းကို ဘယ်ပေးလို့ကောင်းပါ့မလဲလေ၊ ငါ့ကို အပ်ပြီးအိပ်တဲ့သူကို ငါပိုင်တယ်၊ သူ့ကိုစားစေ’

21/08/2009

ငါအိုသွားတဲ့အခါ......




ငါအိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး

ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ၊

ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ

အက်ႌေပၚ ဖိတ္စင္သြားတဲ့အခါ

အင်္ကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ

ငါ့ကို မရွံ့ပါနဲ့

ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို

ကျေးဇူးပြုပြီး သတိရပေးပါ၊

အပ်ကြောင်းထပ်မက ပြောဖူးတဲ့စကားတွေ ပြန်ပြောမိတဲ့အခါ

စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ၊

ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း

တစ်ထောင့်တစ်ည ပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ

ဇာတ်ကြီးဆယ်ဘွဲ့တွေ

စတဲ့ပုံပြင်တွေကို မရိုးနိုင်အောင်ပြောရင်း

ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ

ငါ့ကို မငြိုငြင်ပါနဲ့

ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ဖူးတဲ့

ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ်နည်းပညာသစ်တွေကို

မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့

ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့ မေးခွန်းတိုင်းကို

စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ၊

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး

လမ်းမလျှောက်နိုင်တဲ့အခါ

ခွန်အားပါတဲ့ လက်တစ်စုံနဲ့

ငါ့ကို ကူတွဲပေးကြပါ၊

လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း

လမ်းလျှောက်လေ့ကျင့် ပေးခဲ့တာတွေကို သတိရပေးပါ၊

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး

ဝမ်းမနည်းပါနှင့် နားလည်ပေးပါ၊ အားပေးပါ၊

အရင်တုန်းက လူ့ဘ၀တစ်လမ်းအတွက်

ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ

ငါ့ဘ၀ နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ

ချစ်ခြင်းမေတ္တာနဲ့ အေးမြမှုတွေကို

ငါပြုံးပြုံးလေး လက်ခံမှာပါ။

အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ

တွေ့ရမှာပါ။

(အိုပယ်ဇာတ်ကားထဲမှ ကူးယူဖော်ပြပါသည်။

ဒလက်တောပုံပြင်



ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း

သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ

ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊

ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။

သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့

လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက

ဒီလို။ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက်နှင်မှ

ရောက်တဲ့ ရွာငယ်လေးတစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေးတစ်ခုပေါ့။

ရွာဦးမှာ ထုံးစေတီရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး

သုံးတဲ့ ရေတွင်းကြီးရှိတယ်။ စပါးခင်း၊ ငွေတိုးချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့

ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။

ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ

သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့

အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။ အဲဒါက ကြာတော့ကြာခဲ့ပြီ။

မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီခေတ်ဦး၊

ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး အာရှနိုင်ငံရယ် လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့

အဆက်အသွယ် မရှိသလောက် နည်းတဲ့ ဒလက်တောရွာကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က

ဆရာတော့် တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါးသိရတာ။

ဇာတ်လမ်း အစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။ တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့

လက်ထဲမှာ အဘိဓာန်တစ်အုပ်လောက် နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ်ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့

ဆိုတော့ “နအဖ လက်ထက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့စာအုပ်ကြီး။

အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင် ပြန်ရိုက်လို့ရတယ်။

အာဇာနည်စိတ်ရှိပြီး စစ်အစိုးရကိုမုန်းတဲ့ ဆရာတော်က ငါဖတ်ရအောင် တစ်ပတ်လောက်ထားခဲ့စမ်းဆိုတော့

ကိုထွန်းဝါလည်း တင်ပါ့ ပေါ့။ ထားခဲ့တယ်။ ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီး

လည်း ဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့

မြင်လာတယ်။ ငါလည်း ကြေညာချက်ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက်တစ်ရွက်ထဲ ချရေး

လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃

ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။

ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့် စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။

လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။

ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။

ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်

ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်း

ဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေးသလိုလို

အရေးအသားနဲ့ ဘာကိုဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်းပါတယ်။ ဦးစိန်မောင် နာမည်

လည်း ပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲတစ်ခုကိုသွားဖို့

နွားလှည်း အလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့

တောက်ထွန်း လှည်းရှာကွာ ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊

စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီးရေးထားတဲ့ ဒလက်တောရွာလုံးဆိုင်ရာ

ဆရာတော် ဆိုတာပဲ။

ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ဆိုင်မှာတုန်း။ ဒါနဲ့

ဆရာတော်ကို ဝင်ဖူးပြီး လျှောက်တယ်။

“အရှင်ဘုရား - အရင်လိုပဲ လှည်းလိုလို့ ဦးစိန်မောင်ကို ပြောခိုင်းတာမဟုတ်လားဘုရား။ ဘာလို့ စာတတန်၊

ပေတတန်ဖွဲ့ရတာလဲ ဘုရား။ အကြောင်းထူးများရှိလို့လားဘုရား”

ဆရာတော်က အ တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး

“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က

ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင်ထုတ်ခဲ့ရတယ်ဟ”

“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”

“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့မပါဘူး။ လိုရင်းကို ထိရောက်အောင်

ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချ ပြောစရာမလိုတော့ဘူးလေကွာ။ မင်းတို့လည်း

ကြေညာချက် ထုတ်ကြဟ။ စကားနည်းရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာလုပ်ချည်။ ငါ မနက်ဖြန်အတွက်

ကြေညာချက် တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”

ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝအနားက

ခြံစည်းရိုးအစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။

“ဗျို့ ဦးစိန်မောင်။ ဆရာတော့်ကျောင်းဘက်လာဦးဗျ”

“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”

ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူ သူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း

ကြေညာချက်ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွား

တာ ညနေ နေအတော်စောင်းမှ ပြန်လာတယ်။

မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု

ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။

စိန်မောင်ရဲ့ကြေညာချက်

၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။

၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။

၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။

ပုံ - စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်းအလှူရှင်များ အဖွဲ့ဝင်။


သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက်ပိုင်းလေးပေါ်မှာ

ခဲတံတုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။

ကပ္ပိယကြီးက ကြေညာသည်။

ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရပ်ကို ရွာသားများနဲ့အတူ

လုံးဝကြိုဆို တယ်။ ဆရာတော့်ကျောင်း စည်ပင်သာယာရေးအတွက် အထောက်အကူကောင်းလို့ ယုံကြည်

မျှော်လင့်၏။ ဆရာတော့် ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။

တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။

ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။ ကြေညာချက်ထုတ်တာကို

သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေး

တတ်သူတိုင်း ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး ဆရာတော့်ကျောင်း

ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။

ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊ ကြေညာချက်ပြန်ထုတ်နဲ့

ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို အောက်က ဥပမာတွေသာကြည့်တော့။

ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃

ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကားလိုက်ပြောတာကို အပြင်းအထန် ကန့်ကွက်တယ်။ သူ့မှာ

လူကြီးချင်း သဘောတူပြီးသားရှိတယ်ဟေ့။ သူကလည်း ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ

ထပ်မံပြုလုပ်ပါက ကျုပ်အပြစ် မဟုတ်ကြောင်း ကြိုပြောထားမည်။

စိုးမောင်၊ သမီးအဖေ။
………………………………………….
အရီးမြကလေး၏ ကြေညာချက်

ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊ ယူသူကြည်ဖြူတဲ့

အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။ ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း

ဝင်ကပ်သည်။

အရီး။
………………………………………….
မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း

တစ်ရွာလုံးက အားပေး ဝယ်ယူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို မနက်ဖြန် တစ်ရက် နားမည်။

ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့ ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။

မိမိုး (ဥာဏ်ကြီးရေးပေးသည်)

အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။ ကြေညာချက် တစ်စောင်ပဲ

ထုတ်လိုက် ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။

အချင်းချင်း တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလိုပြန်ကြေညာမယ်နဲ့ပဲ နှုတ်ဆက်ကြ

တော့တယ်။

ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝမှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။ ရွာအလယ်က

ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း ဆရာတော့်ကျောင်းနဲ့ ရေချမ်းစင်

ပြေးနေကြတာပဲ။ အဲဒီမှာ ဘာတွေပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖတ်ပြီး အကြောင်းကြားပေးတဲ့

မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့ ကျော်ကျော်ထွန်းတို့လို

မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ ပေါ်လာတယ်။

စာမရေးတတ်၊ မဖတ်တတ်တဲ့လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ ထုတ်လာတော့တယ်။ စံချိန်တင်

ကြေညာချက် ထုတ်ကြတဲ့နေ့ကတော့ အတိုးပေးတဲ့ အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့

ရန်ဖြစ်ကြတဲ့နေ့ပဲ။ နှစ်ယောက်ရန်ဖြစ်တာ စကားသံတစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက အကြွေးတောင်းတဲ့

ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့် တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့

ကြေညာချက် ထုတ်ပြန်တယ်။

အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက်

အပြန်အလှန် ထုတ်ကြတာ။ စကားတော့ တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတော့

ကြေညာချက်ကို ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကို

ကြေညာချက် ၄၀ ထုတ်ပြီး သွားပြီတဲ့လေ။

တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ် ထုတ်လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃

ငါနဲ့ စိန်မောင်ကလွဲပြီးကျန်တဲ့လူတွေ တစ်ယောက်ချင်း ကြေညာချက်မထုတ်နဲ့လို့ တားမြစ်လိုက်သည်။

သဘောတူရာ တူရာ အချင်းချင်းစုပြီး အဖွဲ့လိုက်ထုတ်ကြတော့။

မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။

ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။

ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။ အဖွဲ့တွေကတော့

နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက်ထုတ်ရတာကို သဘောတွေ့နေတဲ့လူတွေဆိုတော့ တစ်ဖွဲ့က

တစ်ခုထုတ်ပြန်လိုက်ရင် ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင်

သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။

“ခြေတံရှည်အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊ “ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး

ဘေးဝဲယာနေသူများအဖွဲ့” ၊ “ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့် နွားလှည်းပိုင်ရှင်များအဖွဲ့” ၊

“လူပျိုသိုးကြီးများအဖွဲ့” ၊ “ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။ ရေးပြရင်တော့

မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင် ပါသေးတာလေ။

နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အဖွဲ့တွေ အချင်းချင်း ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က

ကြေညာချက် ထုတ်ရင် ထောက်ခံတဲ့လူက မိတ်ဆွေ၊ သဘောထားမတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့

အဲဒီအဖွဲ့နဲ့ ကမ္ဘာရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊ ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊

ဆရာတော်က ဝင်ဖြေရှင်း ရနဲ့ ရပ်ထဲရွာထဲလည်း အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ

အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။ ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင်

လာဘ် သိပ်မရွှင်တော့ဘူးလေ။

ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ တစ်ယောက် ဆရာတော့်ကို

လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။ ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ

ဝတ်ဖြည့်တာတောင် မစောင့်တော့ဘူး။

“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”

“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီလိုပါသလဲဘုရား”

“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက် ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။

(ရှင်းပြရင်းတောင် ကြေညာချက် နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း

ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။

“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ နောက်တစ်အုပ် ရှိပါသေးတယ်။

အဲဒီမှာ ကြေညာချက်တွေ အဲလို လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”

“ဟေ… ဘာတဲ့လဲကွ”

“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့ သဘောပေါ့ဘုရား။ အခုပဲ ရွာကို

ထိခိုက်နေပြီမဟုတ်လားဘုရား”

“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါလုပ်ရမတုန်း”

“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”


“မင်းပဲ ကြေညာချက်က ထုတ်တိုင်းမကောင်းဘူးဆိုကွ”

“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။

ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။

တရွာလုံးကို အသိပေးလိုက်သည်။ နောက်ထပ် ငါ တခုခု မပြောမချင်း ဘာကြေညာချက်မှ မထုတ်ရဘူး။

အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။ အရင်လို ပြန်နေကြ။ မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။

ဆရာတော်



(ကျွန်တော်ရဲ့ မေးလ်ထဲသို့ သူငယ်ချင်းများပေးပို့သော ဖော်ဝပ်မေးလ်မှ တဆင့် ရလာသည့် စာစုလေးကို သဘောကျ နှစ်ခြိုက်လွန်းသဖြင့် ဤ ဘလော့ခ်တွင် မျဝေခံစား တင်ပြပါ ကြောင်း ကြေငြာအပ် ပါသည်။ ပိုင်ရှင် မည်သူမှန်း မသိလို့ ခွင့်တောင်းခွင့် မရခဲ့ပါ ကြောင်း လည်း ထပ်လောင်း ကြေညာအပ် ပါတယ်။ ပိုင်ရှင်ရှိပါလျှင် အသိပေး အကြောင်းကြား သွား နိုင်ပါကြောင်း လည်း ထပ်ဆင့် ကြေညာလိုက်ပါရစေ..

20/08/2009

သဒ္ဓါကြည်ဖြူ ရွှေညာသူတွေရဲ့ ရွှေဆံပင်အလှူပွဲ

ဆံပင်များကိုဖြတ်စီး၍ လာရောက်ဒါန်းနေကြစဉ်


စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ပုလဲမြို့နယ်၊ယင်းမာပင်မြို့နယ်အတွင်းရှိမုံရွာမှ

အလောင်းတော်ကဿပဘုရားသို့သွားရာပင်မလမ်းဟောင်းကြီးသည်သွားမဖြစ်လောက်

အောင်ပျက်စီးယိုယွင်းလျှက်ရှိနေပါသဖြင့်အရှင်ဝေပုလ္လဦးဆောင်သောသံဃာတော်များက

ပြုပြင်နေလျှက်ရှိရာ တံတားများစွာအနက်မှ ဘတ်ဂျက်များစွာကုန်ကျမည့်တံတားကြီးတစ်စင်း

အတွက်အလှူငွေရဖို့ရန် အရမ်းခက်ခဲလျှက်ရှိပါသည်၊သို့အတွက်ကြောင့်တံတားရန်ပုံငွေအတွက်

အဆင်ပြေစေရန် ဆံပင်များအလှူခံကာ ဆံပင်ရောင်းရငွေများဖြင့်ရွှေဆံပင်တံတားတည်ဆောက်မည်

ဖြစ်ရာ ရွှေညာသူများကလည်း ၄င်းတို့၏ဆံပင်များကိုဖြတ်၍ လှူဒါန်းလျှက်ရှိကြောင်းသိရှိရသည်၊။

မဟာချူလာလောင်ကွန်တက္ကသိုလ်သမိုင်းအကျဉ်းနှင့်ဝင်ခွင့်လမ်းညွှန်


Tuesday, July 28, 2009

မဟာချူလာလောင်ကွန်တက္ကသိုလ် (အယုဒ္ဒယ)

နောက်ခံသမိုင်းအကျဉ်း

မဟာချူလာလောင်ကွန်တက္ကသိုလ်ဟာ ဘာသာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၅.ဆက်မြောက် ရာမ
ဘုရင်ဖြစ်တဲ့ ချူလာလောင်ကွန်ဘုရင်က တည်ထောင်ခဲ့တာဖြစ်ပါတယ်၊ တက္ကသိုလ်ကိုလည်း တည်ထောင်ခဲ့တဲ့ ဘုရင့်ရဲ့ အမည်ကိုလိုက်ပြီး မဟာချူလာလောင်ကွန်တက္ကသိုလ်ဆိုပြီး မှည့်ခေါ်
ခဲ့ပါတယ်၊ (ထိုင်းလူမျိုးများက သူတို့ဘုရင်များကို ရာမ ၁- ၂ စသည်ဖြင့် ခေါ်ဆိုကြသည်။) ရည်ရွယ်ချက်က ဗုဒ္ဓသာသနာကို မြှင့်တင်ဖို့ဖြစ်ပြီး ရဟန်းတော်များသာမက ဗုဒ္ဓဘာသာကို စိတ်ပါ
ဝင်စားသူလူပုဂ္ဂိုလ်များပါ သင်ကြားခွင့်ပြုထားပါသည်၊ ယင်းတ က္ကသိုလ်ကြီးကို သာသနာသက္ကရာဇ် ၂၄၃၂-ခု၊ ခရာဇ်နှစ် ၁၈၉၀-ခု၊ နိုဝင်ဘာ ၈.ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ ယင်းတက္ကသိုလ်မှာ B.A တန်းနှင့် M.A တန်းးများကို အင်္ဂလိပ်လိုရော ထိုင်းလိုပါ နှစ်သက်ရာဘာသာနှင့် သင်ကြားနိုင်
ပါတယ်၊

B.A တန်းဝင်ခွင့်

B.A တန်းကို တက်ချင်တဲ့မြန်မာကျောင်းသားဟာ သာသနာ့ဝန်ထမ်း ရဟန်း သီလရှင်ဆိုယင် အနည်းဆုံး အကြီးတန်းအောင်မြင်ပြီးသူဖြစ်ရပါမယ်၊ လူပုဂ္ဂိုလ်ဆိုယင် ၁၀.တန်းအောင်ရပါမယ်၊ မူရင်းအောက်လက်မှတ်ဟာ မြန်မာဘာသာနဲ့ဆိုလျင်တော့ နိုထရီပြန်ဖို့လိုပါတယ်၊ အင်္ဂလိပ်လို ရေးထားပါက ပြန်ရန် မလိုအပ်တော့ပါ၊ ကျန်တဲ့လိုအပ်ချက်တွေကတော့ ကိုယ်အောင်မြင်ထားတဲ့ စာမေးပွဲ အမှတ်စာရင်း၊ သာသနာရေးဝန်ကြီးဌာနထောက်ခံစာများ လိုအပ်ပါမယ်၊ အင်္ဂလိပ်ပရိုဂရမ်
တက်မည့်သူများဟာ အင်္ဂလိပ်စာကို ကောင်းကောင်း လေ့လာပြီးသူဖြစ်သင့်ပြီး အက်ဆေးကိုလည်း နိုင်နိုင်နင်းနင်း လက်တန်းရေးနိုင်သူဖြစ်က ပိုအဆင်ပြေပါသည်၊ သို့မဟုတ်ပါက ပညာသင်နှစ်
အတွင်းမှာ အခက်ခဲတွေ့နိုင်ပြီး မျက်နှာငယ်ရတတ်ပါသည်၊ B.A တန်းကို လေးနှစ်သတ်မှတ်ထားပြီး ကုန်ကျစရိတ်ကတော့ Semester တစ်ခုကို ဘတ် ၅၀၀၀ သွင်းရပါသည်၊ (ကျပ်တစ်သိန်းခွဲခန့်) တစ်နှစ်လျင် Semester နှစ်ခုရှိပြီး လေးနှစ်ဆိုလျင် Semester ရှစ်ခုရှိ ပါမည်၊ လေးနှစ်စာ ကုန်ကျစရိတ်ကား ဘတ်ငွေ ၄၀၀၀၀ ရှိပါမည်၊ (ကျပ် ၁၄.သိန်းခန့်) B.A တန်းတွင် ဘာသာရပ် ၇.ခုရှိပြီး စိတ်ဝင်စားစရာလည်းကောင်းပါသည်၊ သင်္ချာနဲ့ အင်္ဂလိပ်စာများလည်း ပါပါသည်၊ ၀င်ခွင့်ဖေါင်များကို ဇန်န၀ါရီတွင် စတင်လက်ခံလေ့ရှိပြီး M.A တန်းအတိုင်း ၀င်ခွင့်ကို ရေးဖြေကော နှုတ်ဖြေပါ ဖြေရပါသည်၊ မေးတတ်သော မေးခွန်းများကား General knowledge in Buddhism (Four Nobel Truths & Eight-fold Nobel Paths, etc) နဲ့ English Proficiency များပင်ဖြစ်သည်။

M.A တန်းဝင်ခွင့်

M.A တန်းကိုတက်ရောက်လိုသည့်ကျောင်းသားသည် အနည်းဆုံး ဓမ္မာစရိယ သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ B.A အောင်ထားပြီးသူဖြစ်ရပါမည်၊ ဓမ္မာစရိယအောင်လက်မှတ်ဖြစ်ပါက နိုထရီ အင်္ဂလိပ်လိုပြန်ရန်လိုအပ်ပြီး သာသနာ့တက္ကသိုလ်မှ အောင်လက်မှတ်ဖြစ်ပါက အင်္ဂလိပ်လို ပါပြီး
ဖြစ်၍ ပြန်ရန်မလိုတော့ပါ၊ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလကုန်တာနဲ့ ၀င်ခွင့်တွေကိုလက်ခံတတ်ပြီး မတ်လ အလယ်လောက်မှာ ၀င်ခွင့်စာမေးပွဲကျင်းပလေ့ရှိပါတယ်၊ ရေးဖြေကော နှုတ်ဖြေပါ ဖြေရပါတယ်၊ ၀င်ခွင့်စာမေးပွဲမှာတော့ General Knowledge in Buddhism နဲ့ English Proficiency မေးခွန်းတွေပဲဖြစ်ပါတယ်၊ ပညာသသင်နှစ်ကို ၅-နှစ်သတ်မှတ်ထားပြီး (Course Works) သင်တန်းကာလ ၂-နှစ်ဖြစ်ပြီး (Thesis) ကျမ်းရေးရန် ၃-နှစ်သတ်မှတ်ထားပါသည်၊ တတ်နိုင်ပါက သင်တန်းပြီးပြီးချင်းလည်း ကျမ်းကို တင်နိုင်ပါသည်၊ မိမိနှစ်သက်ရာ ခေါင်းစဉ်ဖြင့် ရေးရမည်ဖြစ်ကာ အနည်းဆုံး စာမျက်နှာ ၁၂၀ ပါရှိရပါမည်၊ အင်္ဂလိပ်လို ရေးရပါမည်၊ M.A တန်းအတွက် ကုန်ကျစရိတ်ကတော့ ဘတ်ငွေ ၁၅၀၀၀၊ (ဒေါ်လာ-လေးရာကျော်) ပေးသွင်းရပါသည်၊ ဖိုင်နယ်စာမေးပွဲမှာ အမှတ်ကောင်းပြီး Credit များများရပါက Tuition Fee Scholarship ရပြီး ပိုက်ဆံထပ်သွင်းစရာ မလိုတော့ပါ၊ စာမေးပွဲကျပါက ဘာသာအလိုက် Tuition Fee ထပ်သွင်းရပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူများကပစ္စည်းလေးပါးပဒေသာပင်စိုက်ထူ



16,ှSunday,August

ယနေ့ နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိစက်ရုံအသီးသီးတွင် လုပ်ကိုင်နေကြသော စာထုပဒီမိသားစု

ဝါလာလပ်မိသားစုနှင့် ဖက်ကစင်-၆၂/လမ်းမိသားစုများက ၀ပ်တလုံးကျောင်းတိုက်အတွင်းရှိ ပညာတော်သင်

သံဃာတော် ၅၀-ပါးတို့အား ချမ်းသာစွာပညာသင်ကြားနိုင်ရေး မျှော်ရည်တွေးလျှက် နေ့ဆွမ်းဆက်ကပ်ခြင်း၊

ထာဝရပစ္စည်းလေးပါးပေဒေသာပင်များ စိုက်ထူ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

အလှူရှင်များကို သံဃာတော်များကိုယ်စား ဝေယျာဝစ္စအသင်းမှ အကျိုးတော်ဆောင်လူငယ်များက

အလှူရှင်ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်းသိရှိရပေသည်။

ပစ္စည်းလေးပါးထာဝရငွေပဒေသာပင်များ စိုက်ပျိုးလှူဒါန်းလိုသူများအနေဖြင့် အောက်ပါဖုန်းနံ

ပါတ်များကိုဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်လိုက်ရပေသည်။

ဦးဓမ္မပါလ ဖုန်း-0896360194

ဦးတေဇဓမ္မ ဖုန်း-0876840140


18/08/2009

မိခင် နှောင်ကြိုးကို ဖြေပါအံ့

“မိခင် နှောင်ကြိုးကို ဖြေပါအံ့”

• သည်းစွာသော အနာကို ကုစားပါအံ့
သမီး၏ လုံ့ လ ဝ်ီရိယဖြင့် နာလန်ထူပါစေ အံ့---

• မွေး ကျေးဇူးကို မသိတတ်သော ထိုသူတို့အား
သိနားလည်အောင် ဆွဲဆောင် နိုင်စွမ်းကို
သမီးအား ပေးပါလေ ---

• တွေ့ရအံ့သော ဘေးရန် တို့ကို
သမီး ထီမည် မဟုတ် ---

• တဘဝတွင် တခါသာ သေရသည် ဖြစ်၍
အဘယ်နည်းနှင့် သေရသည် ဖြစ်စေ
သမီး၌ မထူးခြား ---

• သမီး၏ စိတ်ကူးတို့ သည်
ဤ တကယ်အဖြစ်သို့ ရောက်သော အချိန်တွင်
ဤသင်တို့သည်လည်း ပျော်မြူး ကြရမည် ----

• အခြား အခြားသော သူတို့၏
ရှုတ်ချခြင်း
ကဲ့ရဲ့ခြင်း
မုန်းတီး ရွံရှာခြင်း
နာမည်ဖျက်လိုခြင်း တို့ကို
သမီး အလျဉ်း ဂရုမပြု ---

• မိခင်ထံမှ ဒါမှ ငါ့သမီး ဟူသော
ကျူးရင့်သံကိုသာ တောင့်တ ပါ၏ ----

• လောကတွင် မိခင်၏ ကျေးဇူးကို
အသိတတ်ဆုံးသမီး ဖြစ်ရပါလို၏ ။ ။

အောင်ဆန်းစုကြည်

16/08/2009

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားဖူးမှတ်တမ်းဓာတ်ပုံများ

ကြည်ညိုသပ္ပာယ်စွာဖူးတွေ့ရသော ညပိုင်းမြင်ကွင်း
ဘုရားဖူးရဟန်းရှင်လူပြည်သူများက ရွှေသင်္ကန်းကပ်လှူနေကြစဉ်
ကျိုက်ထီးဆောင်းဆရာတော်၏ စတုဒိသာအလှူပွဲမြင်ကွင်း
ပျိုပျိုမေတို့ကလည်း ပျော်ပျော်ပါးပါး
ကလေးငယ်များနှင့်အပြိုင်တပျော်တပါး တိုးဝှေ့စီတန်းနေကြသောလူပျို၊ အပျိုလေးများ
ကလေးငယ်တွေနဲ့အတူ တပျော်တပါး စီတန်းနေကြသော ဦးလေး၊ဒေါ်ဒေါ်များ
လေကောင်းလေသန့် အားပါးတရ ရှူရှိုက်နိုင်သော ဘုရားရင်ပြင်တော်
ကလေးငယ်များ ကျီးပါးစပ်အတွင်းသို့ ပိုက်ဆံအကြွေစေ့များ ပစ်ထည့်နေကြစဉ်
ကျိုက်ထီးရိုးဘုရားရောက်လျှင် မသွားမဖြစ်သွားသင့်တဲ့နေရာတစ်ခု
ကျိုက်ထီးရိုးဘုရားမုခ်ဦးအား တွေ့ရစဉ်
ရသေ့တောင်မှ ဘုရားရင်ပြင်ပေါ်သို့ ၀ါးထမ်းစဉ်များငှါးရမ်း၍လည်း တက်တာကိုတွေ့ရစဉ်
တောင်တက်ကားကြီးများ ရပ်နားရာ ရသေ့တောင်စခန်း


ကင်ပွန်းစခန်းနှင့် ရသေ့တောင်ကို အလှည့်ကျ ပြေးဆွဲနေသော လူအယောက်(၅၀)စီးကားကြီးများ
ရသေ့တောင်ယာဉ်ရပ်နားစခန်းအားတွေ့ရစဉ်
ရန်ကုန်နှင့်ကျိုက်ထိုသို့ပြေးဆွဲလျှက်ရှိသောအိစ်ဘတ်ကားကြီးများအား ကင်ပွန်းစခန်း၌တွေ့ရစဉ်

15/08/2009

တိပိဂန္ဓာ(ရွှေနံ့သာစံပြ)မှ ကြည်ညိုဖွယ်ရာ ပုံရိပ်လွှာများ

ပဓာနနာယကဆရာတော်နှင့်အတူရဟန်းခံပွဲတစ်ခု၌အမှတ်တရ
တပည့်တစ်ပါး၏ရဟန်းခံပွဲတစ်ခုသို့ကြွရောက်ချီးမြောက်ခဲ့စဉ်
ကျောင်းတိုက်တာ၏နာယကစာချဘုန်းတော်ကြီးအရှင်ဝါသေဋ္ဌာလင်္ကာရ(ဒွိပိဋကဓရ)
ကျောင်းတိုက်တာ၏ရဟန်းခံပွဲတစ်ခုမှမှကံဆောင်တော်မူပုံမြင်ကွင်း

စီတန်းညီညာစွာ ဆွမ်းခံကြွချီတော်မူကြသောသံဃာတော်များ၏ကြည်ညိုဖွယ်ရာမြင်ကွင်း

စာသင်တိုက်တွေမှာ ဖူးတွေ့ရလေ့ရှိတဲ့( ကပ္ပိယကာရက)ဖိုးသူတော်လေးများနှင့်အတူအမှတ်တရ
&&&...ကျောင်းတိုက်အခြေနေအကျဉ်းချုပ်&&&....
`ဤကျောင်းတိုက်တာကိုတည်ထောင်အုပ်ချုပ်သူမှာဘဒ္ဒန္တသီတလ(ဒွိပိဋကဓရ)ဖြစ်ပြီး မြန်မာသက္ကရာဇ်-၁၃၆၀/၁ခုနှစ်က တပည့်သံဃာ(၁၄)ပါးဖြင့်စတင်တည်ထောင်တော်မူခဲ့သည်။
တကယ်တော့ ဤတိုက်တာလေးသည် ရန်ကုန်မြို့၊ ကမ္ဘာအေး တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်
ကြီး၏ ကျောင်းတိုက်ခွဲများအနက်တစ်ခုအပါဝင်ဖြစ်ပါ၏။
ဤကျောင်းတိုက်တာသည် ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊ပုလဲမြို့သစ်၊ရွှေနံ့သာစံပြကျေးရွာ
တွင်တည်ရှိပြီး ရန်ကုန်မြို့နှင့်မိုင်(၄၀)ကွာအဝေးတွင်တည်ရှိသည်၊ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ(Ph.D)တိပိဋကဓရ၊ဓမ္မဘဏ္ဍာဂါရိက၊ပါဠိပါရဂူကိုကျေးဇူးဆပ်သောအားဖြင့်
ကျောင်းတိုက်အမည်ကိုလဲ တိပိဋကမဟာဂန္ဓာရုံဟုအမည်ပေးခဲ့လေသည်။
ထူးခြားချက်မှာ ဆရာတော်သည် ရိပ်သာဆရာတော်လုပ်လျှင် ဘုန်းကြီးမှန်းသိသော်လဲ
ပစ္စည်းလာဘ်လာဘကိုမငဲ့ကွက်ဘဲ ပရိယတ္တိစာပေစိတ်ထက်သန်သူပီပီ စာချဆရာတော်ဘ၀ကို ရွေးချယ်
တော်မူကာ ပရိယတ္တိစာသင်တိုက်ကို တည်ထောင်တော်မူခဲ့ခြင်းဖြစ်သည်။
ကျေးဇူးတော်ရှင်တိပိဋကဓရဆရာတော်ဘုရားကြီး၏ချီးမြောက်စောင့်ရှောက်မှု
၊ကျောင်းအစ်မကြီးဒေါ်လှ(မိုးဒီဇယ်)မိသားစု၏ထောက်ပံ့အားပေးမှု၊ကျောင်းတိုက်ဝန်ဆောင်သံဃာတော်များ၏
ညီညွတ်မှု ၊ဒကာ၊မအပေါင်း၏လှူဒါန်းမှုတို့ကြောင့် ယ္ခုအခါ ခန့်ငြားထည်ဝါသော အဆောက်ဦး
များဖြင့် တိုးတက်စည်ကားလျှက်ရှိနေပြ့ါပီ၊။
သင်ကြားရေးအပိုင်းကြည့်ပြန်လျှင်လည်း ငယ်၊လတ်၊ကြီး၊ စာချတန်းစာဝါများသာမကဘဲ
သာမဏေကျော်စာဝါများကိုပါ ပို့ချပေးလျှက်ရှိရာ ဓမ္မာစရိယဘွဲ့ရ၊သာမဏေကျော်ဘွဲ့ရပုဂ္ဂိုလ်များကိုလည်း
မွေးထုတ်ပေးလျှက် ရှိနေပါပြီ၊။
တိုက်တည်နှစ်(၁၁)နှစ်အတောအတွင်း၌းအထူးခြားဆုံးအောင်မြင်မှုအနေဖြင့် ၁၃၇၀-ခု
နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲပထမလတ်တန်းတွင် အရှင်ပညာဝရာလင်္ကာရမှ တစ်နိုင်ငံလုံး
ပထမဂုဏ်ထူးဖြင့်ဖြေဆို အောင်မြင်ခဲ့ရာ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်ဟုပြောရပေAdd Videoမည်။

ယ္ခုအခါ စာချ၊စာသင်သံဃာတော် ရှစ်ဆယ်ကျော်တို့ဖြင့် ကျောင်းတိုက်တာ၏ ပရိယတ္တိ
စက်ယန္တရားကြီးဟာ ဆက်လက်မောင်းနှင်နေလျှက်ရှိပ့ါကြောင်းပြောကြားရင်း ရပ်ဝေးရပ်နီးပုဂ္ဂိုလ်များ
ကြည်ညိုသဒ္ဓါ ပွားများးနိုင်ရန် တင်ပြလိုက်ရပေသည်။

ဆန်းသစ်အောင်