28/04/2011

ဆယ်ကျော်သက်အရွယ်မှာ စာဖတ်ပါ


အော့စဖို့ဒ် တက္ကသိုလ် လူမှုဗေဒဆိုင်ရာ လေ့လာမှု တစ်ခုအရ အသက် ၁၆ နှစ် အရွယ်တွင် စာဖတ် အလေ့အကျင့် ထူထောင်ခြင်းဖြင့် နောင်တွင် ဘ၀အတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပရောဖက်ရှင်နယ်
အလုပ်တစ်ခု မြဲမြဲ ရရှိစေနိုင်ကြောင်း သုတေသနပြု တွေ့ရှိထားသည်။

မကြာခင်က လေ့လာချက်အရ ဆယ်ကျော်သက်အရွယ် အားကစား၊ လူမှုဆက်ဆံရေး၊ ကခုန်ခြင်း၊ ပြတိုက်သွားခြင်း၊ ချက်ပြုတ်ခြင်း၊ ဇာထိုး စက်ချုပ်၊ ကွန်ပြူတာဂိမ်းဆော့ခြင်း စသည်တို့မှာ ပရောဖက်ရှင်နယ် အလုပ်အတွက် အကျိုးပြုမှု သိပ်မရှိလှကြောင်း တွေ့ရှိရသည်။

သုတေသနပြုခဲ့သူ အော့စဖို့ဒ် တက္ကသိုလ်မှ လူမှုဗေဒပညာရှင် Mark Taylor က ၁၉၇၀ ခုနှစ်တွင် မွေးဖွားသူ လူ ၂၀,၀၀၀ ကျော်ကို မေးခွန်းများ မေးခဲ့သည်။ ၄င်း လူ ၂သောင်းရဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသင်ရိုးပြင်ပ လှုပ်ရှားဆောင်ရွက်မှု မျိုးစုံကို အသေးစိတ် မေးခွန်းများ မေးပြီးနောက် သူတို့ အသက် ၃၃ နှစ်အရွယ် အလုပ်အကိုင်များကို မေးခဲ့သည်။

Taylor ရဲ့ လေ့လာချက်အရ ဆယ်ကျော်သက်အရွယ်တွင် စာဖတ်တဲ့ မိန်းကလေးများမှာ သက်ဆိုင်ရာ ပရောဖက်ရှင်နယ် အလုပ်တစ်ခုရဖို့ ၃၉ ရာခိုင်နှုန်း အခွင့်အရေး ရှိကြောင်းနှင့် စာမဖတ်ဘဲ အခြားလူမှု အားကစားများနဲ့သာ အချိန်ကုန်သူများက ပရောဖက်ရှင်ဖြစ်ဖို့ ၂၅ ရာခိုင်နှုန်းသာ အခွင့်အရေးရှိကြောင်း တွေ့ရသည်။

ဆယ်ကျော်သက် ယောက်ျားလေးများ စာဖတ်ခြင်းက ပရောဖက်ရှင်နယ် အလုပ်အကိုင်ရဖို့ ၅၈ ရာခိုင်နှုန်း အခွင့်အရေး ရှိကြောင်း တွေ့ရသည်။ Talyor ရဲ့ ကောက်ချက်အရ စာဖတ်ခြင်းက စကားပြော စွမ်းရည်ကို ပိုမိုတိုးတက်စေပြီး၊ လုပ်ငန်းခွင် အတွင်း အလုပ်ရှင်များကို ပိုမို စွဲဆောင်နိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် ဆယ်ကျော်သက်အရွယ် ပြင်ပဗာဟီရကိစ္စများနှင့် လူမှု့ အားကစားများမှာ အသက် ၃၃ နှစ် အရွယ်တွင် အလုပ်အကိုင်တစ်ခု ရခြင်း မရခြင်း၊ လုပ်ခ လစာ နည်းခြင်း များခြင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း တွေ့ရှိရသည်။ အသက် ၁၆ နှစ်အရွယ် စာဖတ် အလေ့အထ ထူထောင်ခြင်းဖြင့်သာ နောင်လုပ်ငန်းခွင်ထဲ လစာကောင်းဖို့ ပရောဖက်ရှင် ဖြစ်ဖို့ သေချာ စေနိုင်သည်။

No comments:

Post a Comment