20/11/2012
ဆောင်းဦးလှိုင်ရဲ့ ""အညတရ သူရဲကောင်း""အမည်ရှိ ကိုယ်ပိုင်သံစဉ်တေးစီးရီးအခွေသစ်ထွက်ရှိ
 ပြုပြင်ပြောင်းလဲလာတဲ့ နိုင်ငံတော် အစိုးရသစ်လက်ထက်မှာ အဆိုတော်
 ဆောင်းဦးလှိုင်တစ်ယောက် တိုင်းကျိုးပြည်ပြု လူမှုရေးလုပ်ငန်းတွေကို
 သူဖြတ်သန်းလာခဲ့တဲ့ အနုပညာလုပ်ငန်းနဲ့အတူ ယှဉ်တွဲပြီး တစ်ဖက်
တစ်လမ်းကနေ အားကြိုးမာန်တက် လုပ်ဆောင်နေတာတွေဟာ
တိုင်းသိပြည်သိဖြစ်ပီးသားမို့ ထွေထွေထူးထူး ပြောပြစရာတော့  လိုမယ်
မထင်တော့ပါဘူး..
 ဘာလို့လဲဆိုတော့ သူဟာ  ယုံကြည်ချက်အတွက်  နိုင်ငံရေး အကျဉ်းကျခံ
 နေရတဲ့ ၈၈မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်အချို့ အပါဝင် 
အခြားနိုင်ငံရေး အကျဉ်းသားအချို့ အကျဉ်း ထောင်  အသီးသီးကနေ  
လွတ်မြောက်လာကြပီးနောက်မှာ ၄င်းပုဂ္ဂိုလ်တွေအတွက်နဲ့  ဦးကျော်သူရဲ့ 
နာရေးကူညီမှုအသင်းအတွက်  ""နှလုံးသားတွေ လှူမယ့်ည""ဆိုတဲ့ ခေါင်းစဉ်နဲ့ 
Live Show ပွဲတစ်ပွဲစီစဉ်ကာ ၄င်းShowပွဲကနေ ရရှိလာတဲ့ သူ့ရဲ့ အကျိုးမြတ်
အနုပညာငွေကြေးတွေကို တစ်ပြားတစ်ချပ်မှ ချန်မထားဘဲ အကုန်လှူဒါန်း 
ပစ်ခဲ့သူပါတယ်။ 
  နောက်ပီးတော့လည်း နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပီးနောက် 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အမေစု(ဒေါ်စု)ရဲ့ NLD ပါတီအတွက် မဲစီးရုံးရေး
 ခရီးစဉ်တွေမှာလည်းဒေါ်စုမသွားရောက်နိုင်တဲ့နေရာအချို့မှာ ရုပ်ရှင်ဒါရိုက်တာ
ခရီးစဉ်အချို့တွေမှာလည်းစိတ်ပါလက်ပါနဲ့ လိုက်ပါဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ 
စကားစပ်လို့ ကြားညှပ်ပီးပြောရမယ်ဆိုရင် အဆိုတော် ဆောင်းဦးလှိုင်ဟာ အဆိုတော်
လောကမှာ အများတကာထင်ထားသလို သူဟာ အစ္စလာလ်(မွတ်စလင်)ဘာသာဝင် 
တစ်ယောက်မဟုတ်ပဲ တကယ်တော့ သူဟာ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်...
အခုလည်းဘဲ ကိုဆောင်းဦးလှိုင်ဟာ "" အညတရ သူရဲကောင်း"ဆိုတဲ့ တေးစီးရီးသစ် 
တစ်ခွေကိုလည်း ကိုယ်ပိုင် တီးခတ် စီစဉ်ပီး ၄င်းတေးစီးရီးအခွေကနေ ရရှိလာတဲ့
ငွေကြေးတွေကို တိုင်းကျိုးပြည်ပြု လူမှုရေး လုပ်ငန်းတွေအတွက် အသုံးချသွားမယ်လို့
သိရပါတယ်။
  ယခုထွက်ရှိခဲ့တဲ့ တေးစီးရီးအခွေဟာ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးအတွက် 
အသက်သွေးချွေတွေ ပေးဆပ်ခဲ့ကြတဲ့သူတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့်
မထင်မရှား လူသိမများခဲ့ကြရတဲ့ သူတွေအတွက် ရည်ညွှန်းဂုဏ်ပြုတဲ့အနေနဲ့ သီးသန့်
စီစဉ်ထားတဲ့အကြောင်းစတာတွေကို သူ့အခွေရဲ့ ကာဗာမှာ မြင်တွေ့ကြရမှာဖြစ်ပါ
ကြောင်း တေးအယ်လဘဏ်မိတ်ဆက်အနေနဲ့  တင်ပြပေးလိုက်ရပါသည်။
တေးစီးရီးအယ်လဘဏ်ရဲ့ လင့်လေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်....
အားလုံးကို ကျေးဇူးတင်လျှက်..
ဆန်းသစ်အောင်
အသိပေးတောင်းပန်ခြင်း။                 ။ မိမိလို ဗုဒ္ဓဘာသာဝင်တစ်ယောက်က 
ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့အခြားတစ်ယောက်ရဲ့ အကြောင်းအရာပို့စ်တစ်ခုကို 
တင်လိုက်တဲ့အတွက် သာမန်အနေနဲ့  ကြည့်ရင် ဒါဟာ အခြားဘာသာကို
 အားပေးအားမြှောက် လုပ်ရာကျတယ်လို့ ထင်စရာပါ..ဒါပေမယ့်.....
ကျန်ုပ်ရဲ့ရည်ရွယ်ချက်ကတော့  အဆိုတော်ဆောင်းဦးလှိုင်(ခရစ်ယာန်)ဆိုတာထက် 
မွန်မြတ်လှတဲ့သူရဲ့တိုင်းကျိုးပြည်ပြု ပရဟိတလုပ်ဆောင်ချက်တွေကိုသာ အဓိကထား
 အားပေးချီးကြူးတဲ့အနေနဲ့ တင်ပေးလိုက်တာဖြစ်ပါကြောင်း ရိုးသားစွာ 
ဝန်ခံအသိပေးပါရစေ..
""ပရဟိတလုပ်ဆောင်ကြတဲ့နေရာမှာ အမျိုးကို မကြည့်ဘဲ အကျိုးကိုသာ
 ကြည့်ပြီး လုပ်ရမယ်""ဆိုတဲ့  အဆုံးမကို နှလုံးမူ၍ ဤပို့စ်ကိုတင်လိုက်ရပါကြောင်း 
ထပ်လောင်း၍ ၀န်ခံအသိပေးပါရစေ....
07/11/2012
သူမသိပါစေနဲ့...
လူသားတို့ သဘာဝ...........
လျှောက်လှမ်းရမယ့် ဘ၀ခရီးလမ်း
တစ်ယောက်တည်း မလျှောက်လှမ်းချင်လို့
နှစ်ယောက်တွဲ လျှောက်လှမ်းဘို့အတွက်
မတူညီတဲ့ သဘောတရားတွေကို
နားလည်မှုတွေနဲ့ ပေါင်းစပ်ပြီး
အေးအတူ ပူအမျှ
နှစ်လွှာတစ်ရွက် စွယ်တော်ရွက်ပမာ
ဘ၀ဆိုတဲ့ အဓိပ္ပါယ်ကို
ပီပြင်စွာ ဖွင့်ဆိုတတ်ကြတာ သဘာဝပေမို့
ရိုးမယ်ဖွဲ့ပီး ပြောစရာလည်း လိုမယ်ထင်ပါဘူး...
သို့သော်လည်း(ဒါပေမဲ့)...
ပါရမီဖြည့်ဖက်တို့ရဲ့ သဘာဝ
ပျိုမြစ်နုနယ် လှသွေးကြွယ်နေချိန်မှာ
သားသမီးဆိုတာ အရေးမပါသေးပေမယ့်
အားအင်ငြှိုးနွမ်း အိုမင်းမစွမ်းချိန်မှာတော့
သားသမီးဆိုတာ မိဘတွေအတွက်
အားကိုးစရာ လက်နက်သဖွယ်ပေမို့
မိခင်တွေအများစု ရယူချင်ကြတဲ့
သားဦးရတနာတစ်ယောက်
ကံကောင်းစွာနဲ့ မွေးဖွားထွန်းတောက်ခဲ့လို့
ဖခင်တစ်ယောက်ရဲ့ ရင်ထဲမှာ
ပြောပြလို့ မရတဲ့ ပီတိတွေ
                                                                                                              ဘယ်အရာနဲ့မှမတူတဲ့ ပျော်ရွှင်မှုတွေ                                                        
အတိုင်းအဆမဲ့ ဖြစ်ခဲ့ရတာ အမှန်ပါ..
အခြေနေမပေးလို့
အနေဝေးနေရတဲ့ ဇနီးမောင်နှံနှစ်ယောက်
သစ္စာမဖောက်ကြေးရယ်လို့
ကတိသစ္စာတရားတွေ
ဗုဒ္ဓထံပါးမှာ တိုင်တည်မထားခဲ့ကြပေမဲ့လည်း
ဝေးတာနီးတာ ပဓာနမထားပဲ
နားလည်မှုတွေ လက်ကိုင်ထားခါ
မိမိတို့ရဲ့ ရင်သွေး သားရတနာလေးအတွက်
ဖခင်တစ်ယောက်အနေနဲ့
မောတာပန်းတာ ပဓာနမထားပဲ
ရှာဖွေရရှိတဲ့ လစာငွေအားလုံး
အဝေးက ချစ်ဇနီးထံ လစဉ်ပုံမှန်ပို့ပေးရင်း
အချိန်တော်တော်ကြာ နေထိုင်လာခဲ့ကြရင်းကနေ
တဒင်္ဂအတွင်း ဖြဟ်ပေါ်လာတဲ့ စိတ်ဆန္ဒအတွက်
အလိုလိုက်မိတဲ့ ချစ်ဇနီးတစ်ယောက်
မိမိရဲ့သားနဲ့ လင်ယောင်္ကျားမျက်နှာကို မထောက်ထား
အိမ်ထောင်ရေးဖောက်ပြားမှုဆိုတဲ့  သစ္စာမဲ့လုပ်ရပ်ကို
အဝေးက လင်ယောင်္ကျားသာ သိသွားခဲ့ရင်
 ခဲလေသမျှ သဲရေကျဖြစ်ပီး
ယူကျူံးမရ ဖြစ်မိမှာ အမှန်ပေမို့
      အဝေးက
"" သူမသိပါစေနဲ့""လို့
ဆုတောင်းပေးရုံမှတပါး အခြားမရှိလေပြီ..........
။အသိပေးခြင်း။   လတ်တလော ကြားသိရသော စိတ်မကောင်းစရာ
သတင်းတစ်ပုဒ်အား မှီငြမ်းခံစား ရေးဖွဲ့ထားပါကြောင်း အသိပေးအပ်ပါသည်။
09/10/2012
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးကျင်းပဖြစ်ခဲ့တဲ့ စာပေဟောပြောပွဲ
(၀ဲမှာယာ)ဆရာအော်ပီကျယ်၊ဦးမြင့်သူရ၊ဒေါ်သန်းမြင့်အောင်၊တေးရေးအဆိုတော် ကိုဆောင်းဦးလှိုင်
                      စာရေးသူတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နေထိုင်စဉ်ကာလအတွင်း အခုလိုမျိုး မြန်မာပြည်မှ စာရေးဆရာ ဆရာမများကို ဖိတ်ကြားပြီး စာပေဟောပြောပွဲ ကျင်းပတာကို တစ်ခါမှ မကြားဖူးသေးဟု အမှန်တိုင်း ပြောချင်ပါသည်။ မြန်မာပြည်မှ နာမည်ကြီး ဆရာတော်များကို ပင့်ပီး တရားပွဲများ ကျင်းပနေတာကိုတော့ မကြားချင်အဆုံးဆိုသလို နေရာအနှံ့ မှာ တွေ့မြင်ကြားသိနေရပါသည်။ မြန်မာပြည်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို လာပီး တရားမဟောဖူးသေးသော နာမည်ကျော် ဓမ္မကထိက ဆရာတော်များ မရှိသလောက်ပင် ဖြစ်ပါသည်။ ဟို ရှေးယခင် နှစ်တွေက ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးများအနေဖြင့် အခုလို စာပေဟောပြောပွဲများ ကျင်းပနိုင်ရန် အကြိမ်ကြိမ် ကြိုးစားကြသော်လည်း တစ်ခါမှ မအောင်မြင့်ခဲ့ဟု အတွေ့အကြုံရှိသူများ၏ အဆိုအရ ကြားသိမှတ်သားရပါသည်။ ထို့ကြောင့် ဘန်ကောက်မှာ စာပေဟောပြောပွဲ ကျင်းပဘို့ အားထုတ်စီစဉ်မှုများဟာ လက်တွေ့အဆင့်သို့ မရောက်ဘဲ အိပ်မက်အဆင့်နဲ့သာ အဆုံးသတ်ခဲ့ရပါသည်။
                                     ဒီနေ့တော့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ စုပေါင်းဖွဲ့စည်းထားတဲ့ မဟာချိုင်ဒေသရှိ နာရေးကူညီမှုအသင်းမှ အကျိုးဆောင်ပုဂ္ဂိုလ်များရဲ့ ကြိုးပမ်းစီစဉ်မှုကြောင့် အမှတ်မထင် စာရေးသူတို့ နေထိုင်ရာ ကျောင်းတိုက်တာအတွင်း စာပေဟောပြောပွဲတစ်ခု အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါသည်။                                
                                    စာပေဟောပြောပွဲဖြစ်ခဲ့ပုံလေးကို အကျဉ်းချုပ်အနေနဲ့ ပြောပြချင်ပါသည်၊ ပီးခဲ့တဲ့ (၅-၁၀-၂၀၁၂) သောင်္ကြာနေ့ ညနေပိုင်းအချိန်လောက်မှာ မဟာချိုင် နာရေးကူညီမှုအသင်းမှ ခေါင်းဆောင်ပုဂ္ဂိုလ်များဆီက ဖုန်းဆက်လာပါသည်။ သူတို့နေရာမှာ ဒီလ(၇)ရက်နေ့ကျရင် မြန်မာပြည်မှ စာရေးဆရာများနဲ့ စာပေဟောပြောပွဲတစ်ပွဲ ကျင်းပမှာဖြစ်တဲ့အကြောင်း...အကယ်၍ စာရေးသူတို့ နေထိုင်ရာ  ကျောင်းတိုက်မှာလည်း စာပေဟောပြောပွဲ လုပ်ချင်ပါက စနေနေ့မှာ လုပ်လို့အဆင်ပြေကြောင်း လျှောက်ထားလာတဲ့အတွက် ကျောင်းတိုက်ရှိ သံဃာတော်များက ၄င်းနေ့ညပိုင်းလောက်မှာ စာပေဟောပြောပွဲ ကျင်းပနိုင်ရေးအတွက် စည်းဝေးညှိနှိုင်း တိုင်ပင်ကြကာ အစည်းဝေးတက်ရောက်သည့် သံဃာအများစုက သဘောတူခဲ့ကြသဖြင့် မနက်ဖန် (၆-၁--၂၀၁၂) စနေနေ့ နေ့လည်(၁)နာရီအချိန်မှာ စာပေဟောပြောပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါသည်။
                                        စာပေဟောပြောပွဲ ကျင်းပဘို့ စီစဉ်ဆုံးဖြတ်ခဲ့ကြသော်လည်း တကယ့်တကယ် ကျင်းပမယ်ဆိုတော့ အချိန်ကာလအနေနဲ့ အမတန်မှ တိုတောင်းလှပါသည်။ ၄င်းတိုတောင်းတဲ့ အချိန်ကာလ အတွင်းမှာ အဆင်ပြေအောင်လုပ်ဘို့ဆိုသည်မှာ သာမာန်စိတ်မျိုးနဲ့ ဆိုရင်တော့ ဖြစ်နိုင်ချေ နဲပါးလှပေမယ့် စာပေချစ်မြတ်နိုးကြသည့်  သံဃာတော်များရဲ့ စိတ်စွမ်းအားကြောင့်ဆိုရမလားမသိ။ စာပေဟောပြောပွဲကို နောက်တစ်နေ့မှာ စည်ကားစွာ ကျင်းပနိုင်ခဲ့ပါသည်။ စာပေဟောပြောပွဲမှာ ဟောပြောကြမည့် စာရေးဆရာ၊မများအတွက် သံဃာတော်များမှ ထည့်ဝင်လှူဒါန်းသည့် ဘတ်ငွေ(၂၀၀၀၀)  နှစ်သောင်းကို တစ်ယောက်တစ်ယောက်စီအတွက် စာပေပူဇော်ကြေး(စာပေအလှူငွေ)အဖြစ် ဘတ်ငွေ(၅၀၀၀) ငါးထာင်ဆီ ထောက်ပံ့လှူဒါန်းနိုင်ခဲ့သလို မြန်မာ ပညာသင်ရဟန်းတော် တစ်ပါးဖြစ်သည့် အရှင်ပုညသဌမှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် အလှူတော်ငွေကျပ်(၁၀)သိန်းကိုလည်း ပေးအပ်လှူဒါန်းနိုင်ခဲ့သဖြင့် အမတန် ကြည်နူးဝမ်းသာပီတိ ဖြစ်မိပါသည်။
ဆရာအော်ပီကျယ်မှ ဟောပြောနေစဉ်
                              စာပေဟောပြောပွဲကို နေ့လည်(၁)နာရီအချိန်မှာ စတင်ရန် ကြေငြာခဲ့သော်လည်း အခမ်းနားပြင်ဆင်ရေးကိစ္စ မပြီးပြတ်သေးတာနဲ့ စာရေးဆရာ၊မများဘက်က နေ့လည်(၁)နာရီ အချိန်ပိုင်းလောက်မှာ ရောက်ရှိနေခဲ့ကြပေမယ့် အခမ်းနားပြင်ဆင်ရေး ကိစ္စက နေ့လည်(၁)နာရီ ကျော်လောက်ကျမှ ပြီးစီးသဖြင့် ဟောပြောပွဲကို နေ့လည်(၁)နာရီ ၄၅ မိနစ်လောက်မှ စတင်နိုင်ခဲ့ပါတယ်။
                           ဟောပြောပွဲမှာ ဟောပြောကြမည့် စာရေးဆရာ၊မများကတော့ ဆရာအော်ပီကျယ်၊ တေးရေးအဆိုတော် ကိုဆောင်းဦးလှိုင်၊ ဦးမြင့်သူရ၊ ဒေါ်သန်းမြင့်အောင်တို့ပဲ ဖြစ်ပါတယ်။ အခမ်းနားမှူးအဖြစ် ဆရာတော်ဦးပညာဇောတမှ တာဝန်ယူဆောင်ရွက်ပြီး စာရေးဆရာ၊မများရဲ့ ကိုယ်ရေးအကျဉ်းများကိုတော့ ဆရာတော် ဦးက္ကန္ဒာဝုဓမှ ဖတ်ကြားခဲ့ပါတယ်။ ဟောပြောပွဲမှာ ပထမဆုံးအနေနဲ့ ဦးမြင့်သူရမှ စတင်ဟောပြောခဲ့ပါသည်။ သူဟောပြောသွားတဲ့အထဲမှ မှတ်သားဖွယ်ရာများကို ကောက်နှုတ်တင်ပြပေးရလျှင် ၀ိုင်အမ်ဘီအေ ကလျှာဏယုဝ ဗုဒ္ဓဘာသာအသင်းကြီးရဲ့ လှုပ်ရှားဆောင်ရွက်မှု အကြောင်းနဲ့ ၄င်းအသင်းကြီးကနေ အမျိုး ဘာသာ သာသနာ ပညာရေးအတွက် ဆောင်ရွက်ခဲ့မှု ဆောင်ရွက်နေဆဲ အခြေနေများကို ရှင်းလင်းပြောကြား သွားခဲ့ပီး နိုင်ငံရေး ဗဟုသုတအပိုင်းကို ပြောကြားရာမှတော့ ဟာသဖောက်တဲ့အနေနဲ့ နိုင်ငံတော်က ရေးဆွဲထားတဲ့ ပုဒ်မ(၄)ဆိုတာ ပေးမှလုပ်တာကို ဆိုလိုကြောင်းစသသည်များကို ပြောကြားသွားခဲ့ပါတယ်။
      ဟောပြောပွဲရောက်ခိုက် ရတဲ့အချိန်လေးမှာ မှတ်စုတွေရေးမှတ်နေတဲ့ ဆရာအော်ပီကျယ်
                                                                                                                                                ဆက်လက်အလှည့်ကျခဲ့တဲ့ဆရာမ ဒေါ်သန်းမြင့်အောင်မှ ဟောပြောရာမှာတော့"ဆယ်တန်းစာမေးပွဲ
 အောင်မြင်တဲ့နေ့မှာ နိုင်ငံရေးအမှုနဲ့ စွတ်စွဲဖမ်းဆီးခံခဲ့ရပီး လူမသိသူမသိ မိသာစုးပတ်ဝန်းကျင်ထဲကနေ ပျောက်ကွယ်သွားခဲ့တဲ့ ကျောင်းသာလေး တစ်ယောက်ရဲ့ ဘ၀အကြောင်းကို အဓိကထားပီး ပြောကြားသွားမှာ ဖြစ်တဲ့အကြောင်း စကားပလ္လင်ခံကာ ရယ်စရာ ဟာသအနေနဲ့ အရင်တုန်းက အဘဆိုတဲ့သူတွေဟာ အခုတော့ အမဖြစ်ကုန်ကြပြီတဲ့..ပြည်သူလူထုဆိုတာ စင်းတီတုံးတစ်ခုလို အထုခံ အထစ်ခံ အနှိပ်ခံနိုင်ဘို့ ကြိုးစားရမှာ ဖြစ်တဲ့အကြောင်း...မှတ်တိုင်ပါတယ် ဆရာရေစတဲ့ ကဗျာသုံးေးလးပုဒ်လောက်ကိုလည်း ရွတ်ပြသွားခဲ့ပါတယ်.. နောက်ပီး ဦးသုခရဲ့တိုက်တွန်းအားပေးနဲ့အတူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကိုယ်တိုင် ဖွဲ့စည်းတည်ထောင်ထားတဲ့ မိမိတို့ရဲ့ နာရေးကူညီမှုအသင်းကြီးရဲ့ ဆောင်ရွက်မှု အတွေ့အကြုံစတာတွေကို စိတ်အားတက်ကြွစွာနဲ့ ပြောသွားပုံမှာ စာပေပရိသတ်များအတွက် နှစ်ခြိုက် သဘောကျစရာ အတုယူမှတ်သားစရာတွေ အများကြီး စွဲကျန်ရစ်ခဲ့ပါတယ်။
                                      ထို့နောက်မှာတော့ နာမည်ကြီး ကာတွန်းဆရာကြီး ဆရာအော်ပီကျယ်ကနေ ဆက်လက်ဟောပြောခဲ့ရာမှာ သူ့အနေနဲ့ အခုလို ရဟန်းသံဃာတော်တွေရဲ့ ရှေ့မှောက်မှာ ဟောပြောရတဲ့အတွက် စိတ်ထဲမှာ တမျိုးခံစားရကြောင်း..ဟောပြောတဲ့အခါတွေမှာလည်း အသုံးအနှုန်းများ မှားယွင်းခဲ့ပါလျှင် ခွင့်လွှတ်ပေးဘို့ ရှေးဦးစွာအနေနဲ့ စကားပလ္လင်ခံကာ အခုအကြိမ်ဟာ သံဃာတော်တွေရဲ့ ရှေ့မှောက်မှာ ဒုတိယအကြိမ် ဟောပြောရခြင်းဖြစ်ကြောင်း..ပထမဆုံး အကြိမ်ကတော့ မော်လမြိုင်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ ဖြစ်ကြောင်း..သူဟောပြောလာတဲ့ သက်တမ်းတစ်လျှောက်မှာ အခုလို ဘောင်းဘီတို (ရှော့ပင်)၀တ်ပီး တစ်ခါမှ မဟောဖူးခဲ့ကြောင်းနှင့် အဲဒီအတွက်လည်း နားလည်ခွင့်လွှတ်ပေးကြဘို့တောင်းပန်လျှောက်ထားပါတယ်..ဆက်လက်ပြောကြားရာမှာတော့ ဟိုယခင် စက်တင်ဘာ(၂၀၀၇) သံဃာ့အရေးအခင်းတုန်းက ဒဏ်ရာရ ဦးဇင်းတစ်ပါးကို သူ့ကားနဲ့ ဆေးရုံကို ပို့ပေးဘို့ လျှောက်ထားရာမှာ ဒကာကြီးရေ ဦးဇင်းကို ဆေးရုံပို့မယ်ဆိုရင် ထောင်ထဲကို ပို့ပေးတာနဲ့ အတူတူပဲပေါ့ဆိုပီး ၄င်းဦးဇင်းမိန့်ကြားခဲ့တဲ့ စကားလေးကို အခုထိ နားထဲမှာ စွဲကျန်နေခဲ့ကြောင်း ဆိုပီး ဟာသလေးနဲ့ စတင်မိတ်ဆက်ပါ၏။ 
ဟောပြောပွဲမှာ တွေ့ရတဲ့ တေးရေးအဆိုတော် ကိုဆောင်းဦးလှိုင်
                                မြန်မာလူမျိုးတွေရဲ့ နှုတ်ဖျားမှာ အပြောများနေတဲ့ ပြည်သူဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက် ဖွင့်ဆို ပြောကြားသွားပုံဟာ နားထောင်သူများအဖို့ အရမ်းမှတ်သားဖွယ် ကောင်းလှပါသည်။ နောက်တစ်နေ့ မဟာချိုင်မှာတော့ "ဤခရီး နီးသလား"ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပေးမှာ ဖြစ်တဲ့အကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။ သူအနေနဲ့ ဟိုပီးခဲ့တဲ့ နှစ်တွေက ဟောပြောခဲ့တဲ့ "ဇွန်ပန်းရုံအနီး၊ လှည်းဘီး နွံထဲ ကျွံနေသည်၊ ကူ၍တွန်းပေးကြပါ၊ လေးလွန်း၍ မတွန်းနိုင်ဘူးလား၊ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်"ဆိုတဲ့ ဖတ်စာပိုဒ်လေးများရဲ့ အဓိပ္ပါယ်တစ်ခုချင်းစီကို ဟာသနှောပီး ပြောသွားပုံမှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ နောက်ဆုံးအနေနဲ့ You Are Your Countery ဆိုတဲ့ အင်္ဂလိပ်စာပိုဒ်လေးကို ရွတ်ပြပြီး သူရဲ့ဟောပြောမှုတွေကို နိဂုံးချုပ်ပါတယ်။
တေးရေးအဆိုတော် ကိုဆောင်းဦးလှိုင်မှ ဟောပြောနေစဉ်
                          နောက်ဆုံးအနေနဲ့ တေးရေးအဆိုတော် ကိုဆောင်းဦးလှိုင်ရဲ့ ဟောပြောမှုအလှည့်ကို ရောက်လာတဲ့ အခါမှာတော့ ကင်မရာမင်းများက ရှေ့ကစာရေးဆရာတွေထက် ပိုပီး ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်လာကြတာကို ထူးခြားစွာ တွေ့ရပါတယ်။ ရှေးဦးစွာအနေနဲ့ သူဟာ တေးရေးအဆိုတော်တစ်ယောက် ဖြစ်ပေမယ့်လည်း စာပေနဲ့ပတ်သက်လို့ ဘာမှမသိတဲ့သူမို့ ဆိုင်းဘုတ်မှာ ရေးထားတဲ့ စာပေဟောပြောပွဲနေရာကို လက်နဲ့ထောက်ကာ သူ့အတွက် စာပေကိုဖြုတ်ပီး သာမာန်ဟောပြောပွဲလို့သာ ယူဆချင်ပါကြောင်းလို့ စကားပလ္လင်ခံကာ မြန်မာပြည်နဲ့ ပတ်သက်ပီး အရင်ကအခြေနေနဲ့ အခုအခြေနေနှစ်ခုရဲ့ ကွာခြားချက်များကို သူဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံ သာဓကများစွာနဲ့ စိတ်အားထက်သန်စွာနဲ့ မီးမောင်းထိုးပြီး ပြောသွားသလို နောက်ဆုံးအနေနဲ့ သူဟာ ကိုကျော်သူတို့ နာရေးကူညီမှုအသင်းအဖွဲ့နဲ့ ပြည်ဘက်ကို လိုက်ပါးသွားခဲ့စဉ် ဒေသခံပြည်သူများက သူတို့ကို ကြိုဆိုရာမှာ"နာရေးကူညီမှုအသင်းကြီး ရာသက်ပန်တည်တံ့ခိုင်မြဲပါစေ.ကိုကျော်သူကြီးလည်း သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းကြတဲ့အထဲက ဒုတိယဖြစ်တဲ့ကို ကိုကျော်သူကြီးလည်း သက်တော်ရာကျော်ရှည်ပါစေလို့ ဆုတောင်းတာဟာ ၀မ်းသာစရာ ဖြစ့်ပေမယ့် ရှေ့ဆုံး နာရေးကူညီမှုအသင်းကြီး တည်တံ့ခိုင်မြဲပါစေ ဆိုတဲ့ ဆုတောင်းကိုတော့ သူ့အနေနဲ့ သဘောမကျခဲ့ကြောင်း ပြောကြားကာ သူ့ရဲ့ဟောပြောမှုကို နိဂုံးချုပ်ခဲ့ပါတယ်။
ဟောပြောပွဲရောက်တုန်း အချိန်ရခိုက်လေးမှာ မှတ်တမ်းရေးနေတဲ့ ဒေါ်သန်းမြင့်အောင်
ဒေါ်သန်းမြင့်အောင်မှ ဟောပြောနေစဉ် 
ဟောပြောပွဲမှာ တွေ့ရတဲ့ ဦးမြင့်သူရ
စာပေချစ်မြတ်နိုးသူ ထိုင်းနိုင်ငံရောက် မြန်မာရဟန်းတော်များ
စာပေချစ်မြတ်နိုးကြတဲ့ မြန်မာပရိသတ်များ
စာပေချစ် ရဟန်းပရိသတ်များ
ဟောပြောပွဲမစတင်မှီအချိန်မှာ တွေ့ရတဲ့ စာရေးဆရာ၊မများ
အဆိုတော်ဆောင်းဦးလှိုင်ရဲ့ ဟောပြောမှု မူဟန်
အခမ်းနားမှူးဆရာတော် ဦးက္ကန္ဒာဝုဓ
စာရေးဆရာ၊မများအား အစားသောက်များဖြင့် ဧည့်ခံစဉ်
ဟောပြောပွဲဖြစ်မြောက်ရေးအကျိုးတော်ဆောင်ဆရာတော်များမှ လက်ဆောင်ပစ္စည်းများ ပေးအပ်နေစဉ်
အရှင်ပုညသေဌမှ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်းနေစဉ်
စာပေဟောပြောပွဲအပြီး စာရေးသူနှင့် ကိုဆောင်ဦးလှိုင်တို့အမှတ်တရ
(ကြိုတင်အသိပေးခြင်း) စာပေဟောပြောပွဲ ရုပ်သံဖိုင်များကိုလည်း 
မကြာမှီအချိန်အတွင်းမှာ တင်ပေးနိုင်ဘို့  ကြိုးစားနေပါတယ်လို့
 ပြောကြားရင်း ရုတ်တရက် နှုတ်ဆက်ချင်တာက
 ""လွင်မိုးခရီးသွားနေပါသည်....ဆောရီး မှားသွားလို့..ဘလော့ဂါ ခရီးသွားနေပါသည်။""
အစဉ်ထာဝရ လေးစားခင်မင်ရပါသော အွန်လိုင်းနယ်ပယ်အသီးသီးမှ
ဘလော့ဂါအပေါင်းတို့ခင်ဗျား....
ယခု  မျိုးဆက်သစ်မှတ်တိုင် ဘလော့အိမ်ပိုင်ရှင်ဟာ ခရီးသွားစရာကိစ္စရှိပါဖြင့်
ခရီးသွားနေစဉ်အတောတွင်းမှာ ပို့စ်အသစ်များ တင်ပေးနိုင်မှာ
မဟုတ်သေးတဲ့အကြောင်း အသိပေး အကြောင်းကြားရင်း အားလုံးကို
 နှုတ်ဆက်ခဲ့ပါတယ်နော်....ဘိုင်..ဘိုင်....
                                                        See You..!!!      Bye....Bye..!!
                                                          All of My Blogger Friends.
06/10/2012
ပညာဒါန ပြုကြသူငါ
ယခုချိန်ခါ တို့ကျေးရွာတွင်
ပညာအသိ လူတိုင်းရှိရန်
အတွေးကိုယ်စီ ရှိနေကြပြီ။
ပညာရှာသူ တို့ဝိုင်းကူပါ
ပညာဒါန ပြုကြသူငါ
စာပေပြည့်ဝ နှလုံးလှမည်
လူတိုင်းအသိ ရှိကြပြီ။
ဟိုတစ်ချိန်က တို့ဘ၀အတွက်                            
စာငတ် ပေငတ် အသိငတ်ခဲ့
မဖတ်မသိ မသိမမြင်
အမြင်နိမ့်ကျ တို့ဘ၀များ
ရှိ၍သွားလည်း အားမငယ်မိ                                            
ယခုအခါ တို့ကျေးရွာတွင်
စာကြည့်တိုက်လေး ရှိနေပြီ။
စာပေမပြတ် နေ့တိုင်းဖတ်က
ဆင်းရဲတွင်းက ကင်းဝေးကြလိမ့်
စာပေဆီမီး ထွန်းညှိပြီးလျှင် 
အမှောင်ခွင်းကာ အလင်းဆောင်မည်
သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနား                            
ဆိုရိုးစကား ရှိ၍ထားသည်
စာကြည့်တိုက်မှ..
စာပေပညာ ပဒေသာဖြင့်
လေ့လာလိုက်စား တို့စွမ်းအားမြှင့်                       
နိုင်ငံသစ်ဆီ အရောက်ချီရန်
ပညာဒါန ပေးလှူကြပါ
ပညာအားဆေး သုံးဆောင်ပေးပါ။ 
အသိပေးခြင်း။                 အတွဲ(၉)၊အမှတ်(၁၇)၊၂၀၁၂ခုနှစ်၊စက်တင်ဘာလ
(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ ရွှေမင်းအောင်(ကျောက်ပန်းတောင်း)
 ၏ ကဗျာအား လောကပြတင်းရွှေနံ့သာစာကြည့်တိုက် တည်ထောင်သူ 
လူငယ်စာရေးဆရာ မောင်မင်းစိုးအား ဂုဏ်ပြုသောအားဖြင့် မူရင်းအတိုင်း 
ကူးယူဖော်ပြပါသည်။
26/09/2012
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြဘုရားသမိုင်း
                              ကြည်ညိုဖွယ်ရာ မြဘုရား ဆင်းတုရုပ်ပွားတော်မြတ်အား ဖူးတွေ့ရစဉ်
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ရောက်ပြီဆိုတာနဲ့ မဖြစ်မနေ      သွားရောက်ဖူးမျှော်ရမည့် အဓိကဘုရားတစ်ဆူကတော့ "မြဘုရား"ပဲဖြစ်ပါတယ်။
  မြဘုရားဟာ ကျောက်စိမ်းတုံးအစစ်မှ ထုလုပ်ထားသော ဘုရားဆင်းတုတော်ဖြစ်ပြီး မြဘုရားရဲ့ သမိုင်းကြောင်းကတော့ ထူးဆန်းအံ့သြဘွယ်ရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။
                            မြဘုရားသည် ဟိုရှေးယခင်ကမူ ယခုလက်ရှိ ဖူးမျှော်နေရသည့် ကျောက်စိမ်းဘုရား ပုံစံမျိုး မဟုတ်ဘဲ အင်္ဂတေများဖြင့်သာ  ဖုံးလွှမ်းတည်ရှိခဲ့လေသည်။ သမိုင်းအထောက်ထားများအရ အေဒီ ၁၄၃၄ခုနှစ်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းရှိ စေတီတော် တစ်ဆူကို လျှပ်စီးမိုးကြိုး ထိမှန်ရာမှ ၄င်းစေတီတော် အတွင်းမှ အင်္ဂတေများဖြင့် ဖုံးလွှမ်းလျှက်ရှိသော ဘုရားဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့သည်။ ထိုဆင်းတုတော်ကို စေတီအနီးရှိ ကျောင်းထိုင်ဆရာတော်မှ ကျောင်းဆောင်သို့ ပင့်ကာ ကိုးကွယ်၍ ထားခဲ့သည်။ တစ်နေ့တွင် ထိုဆင်းတုတော်ရဲ့ နှာတော်မှ အင်္ဂတေသားများ အထပ်လိုက် ကွာကျနေပြီး ထိုအင်္ဂတေသားများ ကွာကျနေသော ဆင်းတုတော်ရဲ့ နှာတော်နေရာမှာ ကျောက်စိမ်းသားများ ပေါ်နေသည်ကို ဆရာတော်က သိလိုက်ရသည်။
   မြဘုရားဝင်းအတွင်းရှိ စေတီတော်များနှင့် ဘုရားပရ၀ုဏ်များအား အဝေးမှ ဖူးတွေ့ရစဉ်
                    ထို့ကြောင့် ဆရာတော်သည် ဆင်းတုတော်ရဲ့ အင်္ဂတေသာများကို ဆက်၍ ခွာလိုက်ရာတွင် ယခုအခါ ဖူးမျှော်နေရသည့် မြဘုရား ဆင်းတုတော်ကို တွေ့ရှိခဲ့လေသည်။ ထိုသတင်းမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ထိုထူးဆန်းသော မြဘုရားကို လာရောက် ဖူးမျှော်ကြလေသည်။ ထိုအချိန်တွင် ချင်းမိုင်မြို့မှာ ချင်းမိုင်ဘုရင် လက်အောက်တွင် ရှိသော အချိန်ကာလ ဖြစ်လေ၏။ နောင်တက်လာသည့် ချင်းမိုင်ဘုရင် ဆန်ဖမ်းခအင် မင်းကြီးသည် မြဘုရားကို ချင်းမိုင်မြို့တွင် တည်ထားကိုးကွယ်ရန်အတွက် ဆင်တော်တစ်စီးကို စေလွှတ်၍ မြဘုရားကို ပင့်ဆောင်စေခဲ့ရာတွင် ထိုမြဘုရား ဆင်းတုတော်ကို သယ်ဆောင်လာသော ဆင်တော်ကြီးမှာ လန်းပန်းမြို့တော်နှင့် ဆက်ထားသော လမ်းဆုံကို ရောက်တိုင်းရောက်တိုင်း ထိုမြို့ဆီသို့ ဦးတည်၍သာ ပြေးသွားခဲ့လေသည်။
         ဘုရင်မင်းကြီးသည် ဆင်တော်ကို သုံးကြိမ်သုံးခါ စေလွှတ်၍ ပင့်ဆောင် စေသော်လည်း ထိုလမ်းဆုံကို ရောက်လျှင် ဆင်တော်ကြီးမှာ လန်းပန်းမြို့ဘက်သို့ ဦးတည်၍သာ သွားမြဲသွားခဲ့လေသည်။ ထို့ကြောင့် ဘုရင်မင်းကြီးသည် မြဘုရားကို စောင့်ရှောက်ကြကုန်သော နတ်ကောင်း နတ်မြတ်တို့သည် လန်းပန်းမြို့တွင်သာ ဆန္ဒရှိကြဟန် တူသည်ဟု အတွေးတစ်ခု ပေါ်လာတော့သည်။ သို့နှင့် မြဘုရားကို လန်းပန်းမြို့တွင်သာ တည်ထား ကိုးကွယ်လာခဲ့သည်မှာ ချင်းမိုင်ဘုရင် တိလောကမင်းကြီးလက်ထက် ၁၄၆၈ခုနှစ်အထိ ၃၂နှစ်တိုင်တိုင် ကြာခဲ့လေသည်။ ချင်းမိုင်ဘုရင် တိလောကမင်းကြီးမှာ အင်မတန် သြဇာ အာဏာ ကြီးမားသူဖြစ်လေ၏။ သူ့လက်ထက်တွင် မြဘုရားကို ချင်းမိုင်မြို့သို့ ပင့်ဆောင်ကာ လူအန်ဂ် စေတီတော်ကြီး၏ အရှေ့မျက်နှာစာတွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းအထောက်ထားများက ဆိုကြသည်။
မြဘုရားဝင်းအတွင်းရှိ ခေါင်းလောင်းမျှော်စင်ကြီး
             ၁၅၅၁ခုနှစ်တွင် ချင်းမိုင်ဘုရင် နတ်ရွာစံခဲ့ကာ ဘုရင်ကြီးမှာ သားတော်တစ်ပါးမျှ ထွန်းကားခြင်းမရှိဘဲ သမီးတော်များသာ ထွန်းကားခဲ့၏။ ထိုသမီးတော်များထဲမှ သမီးတော် တစ်ယောက်သည် လာအိုဘုရင်ကြီးနှင့် စုလျား ရစ်ခွေကာ သားတော်မင်းသားလေး ချိုင်ချတ်သကို မွေးဖွားခဲ့လေသည်။ ချင်းမိုင်ဘုရင်မင်းကြီး နတ်ရွာ စံတော်မူသောအခါ ချင်းမိုင်မှူးကြီး မတ်ရာတို့သည် ၁၅နှစ်မျှသာ ရှိသေးသော ထိုမင်းသားလေးကို  အဘိုးဖြစ်သူ ချင်းမိုင်ဘုရင်ကြီး နေရာတွင် မင်းဆက်ခံရန် ဖိတ်မန္တက ပြုခဲ့ကြသည်ကို လက်ခံကာ မင်းသားလေး ချိုင်ချတ်သသည် ချင်းမိုင်ဘုရင်မင်းကြီး ချိုင်ချတ်သ ဖြစ်လာခဲ့လေသည်။ မင်းကြီးချိုင်ချတ်သသည် သူ၏ ခမည်းတော် လာအိုဘုရင်မင်းကြီး နတ်ရွာစံသည့် သတင်းကို ကြားသိသောအခါ အမိနိုင်ငံ လာအိုသို့ ပြန်လိုသည့် ဆန္ဒများ တဖွားဖွား ဖြစ်ခဲ့ရာ ၁၅၅၂ ခုနှစ်တွင်မူ မင်းကြီးချိုင်ချတ်သသည် မြဘုရား ဆင်းတုတော်ကိုပါ အပါပင့်ပြီး သူ၏ မှူးကြီးမတ်ရာများကို ချင်းမိုင်မြို့သို့ ပြန်လာပါမည့် အကြောင်း ကတိပေးကာ လာအိုနိုင်ငံသို့ ပြန်ကြွသွားခဲ့လေသည်။
မြဘုရားဝင်းနှင့် တဆက်တည်း ဆောက်လုပ်ထားတဲ့ ဘုရင့်ရဲ့နန်းတော်
             ထိုအချိန်မှစ၍ မင်းကြီးချိုင်ချတ်သသည် ချင်းမိုင်သို့လည်း ပြန်မလာတော့၊ မြဘုရား ဆင်းတုတော်ကိုလည်း ပြန်မပို့တော့ပေ။ သို့နှင့် မြဘုရား ဆင်းတုတော်မှာ လာအိုနိုင်ငံ လူအန်းဖရဘန်းမြို့တွင် ၁၂နှစ်ကြာမျှ ကိန်းဝပ်စံတော်မူခဲ့ရလေသည်။ ၁၅၆၄ခုနှစ်တွင် မင်းကြီးချိုင်ချတ်သသည် ဘုရင့်နောင်မင်းကြီးရဲ့ ဗမာ့တပ်ကို မခုခံ မတိုက်ခိုက်နိုင်ခဲ့သောကြောင့်  သူ၏မြို့တော် ဗီယန်တိန်းမြို့သို့ ပြောင်းရွှေ့ စိုးစံခဲ့ရလေသည်။ ဤတစ်ကြိမ်တွင်မူ မြဘုရားဆင်းတုတော်မှာ ဗီယန်တိန်းမြို့တော်တွင် ၂၁၄နှစ်ကြာမျှ ကိန်းဝပ် စံတော်မူခဲ့ရပြန် လေသည်။ ၁၇၇၈ ခုနှစ်တွင် သုန်ဘူရီ ခေတ်ကာလအတွင်း ဘန်ကောက်ဘုရင် ရာမ(၁)သည် စစ်ဗိုလ်ချုပ်ဖြစ်နေသည့် အချိန်။ သူသည် လာအိုနိုင်ငံ ဗီယန်တိန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြဘုရား ဆင်းတုတော်ကိုလည်း ထိုင်နိုင်ငံသို့ ပြန်လည် ပင့်ဆောင်လာနိုင်ခဲ့သည်။
       ဘန်ကောက်မြို့ကို ထိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် တည်ဆောက်ခြင်းနှင့်အတူ မြဘုရား ဆင်းတုတော်သည် ထိုင်းနိုင်ငံရဲ့ အထင်ကရ ရုပ်ပွားတော်တစ်ဆူ ဖြစ်လာခဲ့သည်မှာ ယခုခေတ်အထိပင်။ ဆင်းတုတော်ကို သုန်ဘူရီမှ ဘန်ကောက်ရှိ မြဘုရား ကျောင်းတော်သို့ ၁၇၈၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရွှေ့ပြောင်း ပင့်ဆောင်ခဲ့လေသည်။ ဘုရင်မင်းကြီး ရာမ(၁)သည် မြဘုရား ဆင်းတုတော်အား ရာသီအလိုက် သင်္ကန်းကပ်ပွဲတော် နှစ်ခုကို နှစ်စဉ် ကျင်းပပေးခဲ့ရာတွင် နွေရာသီ သင်္ကန်းကပ်ပွဲ တစ်ကြိမ်နှင့် မိုးရာသီ သင်္ကန်းကပ်ပွဲ တစ်ကြိမ်ဖြစ်သည်။ ဘုရင်မင်းကြီး ရာမ(၃) လက်ထက်တွင်မူ ဆောင်းရာသီ သင်္ကန်းကပ်ပွဲကိုပါ ထည့်သွင်း ကျင်းပပေးခဲ့သဖြင့် ထို့ကြောင့် မြဘုရား ဆင်းတုတော်အား သင်္ကန်းကပ်ပွဲမှာ တစ်နှစ်လျှင် သုံးကြိမ်ဖြစ်လာခဲ့လေသည်။ ထိုသို့သော ဓလေ့ထုံးတမ်း အစဉ်လာများကို အစွဲပြု၍ မြဘုရား ဆင်းတုတော်များကို ရောင်းချသည့် ဆိုင်များကလည်း နွေဘုရား၊မိုးဘုရား၊ဆောင်းဘုရားဟု သုံးမျိုးသုံးစား ခွဲခြားကာ ရောင်းချနေကြခြင်း ဖြစ်ဟန်တူပါသည်။
မြဘုရားဝင်း ၀င်ပေါက်တည့်တည့် အပြင်ဘက် ကားလမ်းမကြီး
                    ရှေးခေတ်ဘုရင်များ လက်ထက်တွင် မြဘုရားကျောင်းတော်ရှိ သိမ်တော်အတွင်း ကျင်းပသည့် ပွဲတော်များကို တက်ရောက်ကြသည့် မှူးကြီးမတ်ရာများနှင့် ဘုရင့်သားတော်များ၏ ကိုယ်ပေါ်တွင်သာ အန္တရာယ်ကင်း ပရိတ်ရေများ ပက်ဖျန်းပေးလေ့ ရှိခဲ့သော်လည်း ယခုမျက်မှောက်ခေတ် လက်ရှိဘုရင်မင်းကြီး ဘူမိဘောကမူ သိမ်အပြင်၌ စောင့်ဆိုင်းနေကြကုန်သော တိုင်းသူပြည်သား ပရိသတ်များ၏ ကိုယ်ပေါ်သို့လည်း ပရိတ်ရေများ ပက်ဖျန်းပေးလေ့ရှိသည်။ ဤသို့ ကျင်းပပြုလုပ်ပေးခြင်းသည် ထိုင်းနိုင်ငံ တော်ဝင် မိသားစု၏ ရိုးရာပွဲလည်း ဖြစ်လေသည်။ ထိုအချိန်ကတည်းက အစပြုခဲ့သော ပရိတ်ရေ ပက်ဖျန်းခြင်းအလုပ်သည် ယခုမျက်မှောက်ကာလ တိုင်အောင် ထိုင်းဘုန်းတော်ကြီးများ၏ ရင်ထဲတွင် စွဲကပ်ကိန်းအောင်းလျှက် ရှိနေကြသည်မှာ ဘုန်းတော်ကြီးကျောင်းသို့ ဖူးမျှော်ဘို့ရန်သော်၎င်း လှူဒါန်းဘို့ရန်သော်၎င်း ရောက်လာကြကုန်သော ဒကာ ဒကာမများအား ဦးခေါင်းပေါ်သို့ ပရိတ်ရေများ ပက်ဖျန်းပေးနေကြသည်မှာ အခုအချိန်ထိ ဖြစ်ပါသည်။
      မြဘုရားကျောင်းဆောင် အ၀င်ဝရှိ ပရိတ်ရေစင်ခွက်ကြီးထဲမှ ကြာဖူးဖြင့် တို့ထိပီး ဦးခေါင်းကို ဆွတ်ဖျန်းနေကြစဉ်
              ဤနေရာတွင် စကားစပ်လို့ ကြားညှပ်ပြောရမည်ဆိုလျှင် မြဘုရားရင်ပြင်တော်အတွင်း ရောက်ရှိပြီးနောက် မြဘုရား ဆင်းတုတော်ကို ဖူးမျှော်လိုပါက နိုင်ငံခြားသားများဆိုလျှင် ၀င်ကြေးအဖြစ် ဘတ်ငွေလေးရာပေးဆောင်မှသာ ဘုရားဖူးခွင့် ရရှိမှာဖြစ်ပါတယ်။ သို့သော်ငြားလည်း ထိုင်းနိုင်ငံသူ နိုင်ငံသားများနှင့် သံဃာတော်များ(ပြည်တွင်းပြည်ပ) ဖြစ်ပါက ဘုရားဖူးဘို့ရန်အတွက် ၀င်ကြေးငွေ လုံးဝပေးစရာမလိုပါ။ နောက်ပီး မြဘုရားရဲ့ ထူးခြားချက်ကတော့ ဘုရားကို ဖူးမျှော်ခွင့်ရဘို့ အတွက် အရမ်းနတ်ကြီးသည်ဟု လူအများနှုတ်ဖျားတွင် ပြောစမှတ် ရှိသည့်အတိုင်း နိုင်ငံကြီးအချို့မှ ပြန်လာကြသည့် မြန်မာလူမျိုးများ ထိုင်းနိုင်ငံရောက်ခိုက် မြဘုရားဖူးဘို့ရန် လာရောက်ကြရာတွင် နိုင်ငံအတွင်း ဆန္ဒပြနေသည့် အချိန်နှင့် ကြုံနေ၍ လမ်းတစ်ဝက်မှာပင် လှည့်ပြန်သွားရသူများ ရှိသလို ဘုရားဖူးလာရာလမ်းတွင် ယာဉ်ကျောပိတ်ဆို့မှုနှင့် ကြုံနေသဖြင့်ဘုရားဝင်း မုခ်ဦးတံခါး ပိတ်ချိန်မှ နောက်ကျရောက်သွား၍ လှည့်ပြန်သွားရသူများလည်း မကြာခဏ ကြားသိနေရပါသည်။ အချို့လူများဆိုလျှင် ဘုရားရင်ပြင်အတွင်း ရောက်ပြီးမှ ၀င်ကြေးငွေ နှမြှောပြီး ဘုရားမဖူးပဲ ပြန်ထွက်လာသူများလည်း ရှိသေး၏၊
 ပြည်ပနိုင်ငံများမှ ဘုရားဖူးဧည့်သည်များ
                  လွန်ခဲ့သည့်နှစ်က ကျန်ုပ်ရဲ့သူငယ်ချင်း တစ်ယောက်ဆိုလျှင် မြဘုရားဖူးချင် လွန်းလှသဖြင့် မလေးရှားကနေ တကူးတက ထိုင်းသို့ဝင်လာရာ ထိုင်းတစ်နိုင်ငံလုံး ရေကြီးမှု ဖြစ်ပွားနေချိန်နဲ့ တိုက်ဆိုင်နေသဖြင့် မဖူးဘဲ ပြန်သွားရသည့် အဖြစ်ပျက်လေးကိုလည်း အခု စာရေးရင်း ပေါ်လာသဖြင့် ထည့်ရေးပေးလိုက်ခြင်း ဖြစ်ပါ၏။ လက်တွေ့ကျကျ ပြောရပါမူ ထိုင်းနိုင်ငံသို့ နှစ်ပေါင်းများစွာ ကတည်းက ရောက်ရှိနေကြသည့် မြန်မာလူမျိုးများဆိုလျှင် ဟိုယခင်က တရားဝင် ပတ်စပို့စာအုပ်တွေ မရှိကြသဖြင့် ထိုင်းနိုင်ငံ တစ်နေရာနဲ့ တစ်နေရာကို သွားလာဘို့ အမတန် ခက်ခဲနေချိန်မို့ မြဘုရားဆိုတာကို ကြားသာကြားဖူးပြီး အနီးကပ် ဖူးမြင်ခွင့် မရခဲ့ကြသည့် နှစ်ပရိစ္ဆေဒများစွာ ရှိခဲ့ပြီး အခုနောက်ပိုင်း ပတ်စပို့စာအုပ်တွေနဲ့ ဖြစ်လာတော့မှသာ ဖူးမြင်ခွင့် ရသူကများပြား၏။ 
သို့ကြောင့်ပင် မြဘုရားဟာ နတ်ကြီးတယ်ဟူသော စကားဟာ လူတကာနှုတ်ဖျားမှာ ရေပန်းစားနေခြင်း ဖြစ်ပါသည်။ မြန်မာပြည် ရောက်ပီးမှ လေးဆူဓာတ်ပုံ ရွှေတိဂုံကို မဖူးရလျှင် ရောက်ရကျိုး မနပ်ဆိုသလို ထိုင်းရောက်ပီးမှ မြဘုရားကို မဖူးခဲ့ရဘူး ဆိုလျှင်လည်း ထိုင်းရောက်ရကျိုး နပ်မည်မထင်ပါ။
ဦးခေါင်းကို ပရိတ်ရေဖြင့် ဆွတ်ဖျန်းနေကြစဉ်
                           မြဘုရား ဆင်းတုတော်၏ ရင်တော်မှာ ၄၈.၃ စင်တီမီတာရှိပြီး ၆၆ စင်တီမီတာ မြင့်သည်။ ဆင်းတုတော်မှာ ဘယ်ခြေတော်ပေါ် ညာခြေတော်တင်လျှက် တင်ပလ္လင်ခွေ ထိုင်လျှက် ပုံဖြစ်သည်၊ ဤဆင်းတုတော် ပုံစံကို ကြည့်ခြင်းအားဖြင့် ဆင်းတုတော်ကို ထုလုပ်ထားခဲ့သည်မှာ အေဒီ ၁၅ရာစုထက် သိပ်မစောနိုင်။ ထို့ပြင် ဆင်းတုတော်မှာ နောက်ပိုင်း ထိုင်းမြောက်ပိုင်း ချင်းစယ်(သို့) ချင်းမိုင်ကျောင်းများ၏ လက်ရာဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် မြဘုရား ဆင်းတုတော်ကို ပုံသွင်း ထုလုပ်ခဲ့သည်မှာ ချင်းမိုင်ရှိ စေတီတော်အတွင်းမှ စတင်တွေ့ရှိခဲ့သည့် အချိန်နှင့် သိပ်မကြာခင်ကတည်းက ပြုလုပ်ကြဟန်ရှိသည်၊ နောက်ထပ် ထင်မြင်ချက်သဘောအရမူ မြဘုရား ဆင်းတုတော်မှာ တရားထိုင်နေသည့်ပုံ ဖြစ်သည့်အတွက် တောင်အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံရှိ တရားထိုင်ပုံ ဆင်းတုတော်များနှင့် များစွာဆင်လှသည်။ တရားထိုင်ပုံ ဆင်းတုတော်များမှာ ထိုင်းနိုင်ငံလက်ရာ ဘုရားဆင်းတုတော်များနှင့် အနေအထားအရ ကွာခြားလှသဖြင့် မူလမြဘုရား ဆင်းတုတော်သည် အထက်ဖော်ပြပါ နိုင်ငံထဲမှ နိုင်ငံတစ်ခု၏လက်ရာ ဆင်းတုတော် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သမိုင်းအထောက်ထားများက ဆိုပါသည်။
(အသိပေးချက်)စက်တင်ဘာလထုတ်၊ အတွဲ(၁) အမှတ်-၂- တက္ကသိုလ်ရဟန်းပျို ဓမ္မစာစောင်မှ နေညိုချမ်း၏ဆောင်းပါးကို နည်းမှီ ကိုးကား၍ ရေးသားတင်ပြထားခြင်း ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
17/09/2012
တယူသန် မောင်ဖိုးပေ
                တစ်ခါက  ပေပင်ကုန်းရွာ၌ နေထိုင်သော ဆင်းရဲချို့တဲ့သည့် မိသားစုတစ်စုတွင်  သားတစ်ယောက် ရှိလေ၏  ၄င်းမိသားစု၌ ထိုသားလေး မွေးဖွားသန့်စင်လာသည့်အချိန်မှစ၍ အလုပ်ကိုင်များ တစ်နေ့တခြား အဆင်ပြေလာကြပြီး ငွေကြေးဥစ္စာများ မယုံနိုင်လောက်အောင်ပင် ပြည့်စုံလာသဖြင့် ဘေးပတ်ဝန်းကျင်မှ လူအများပင် ၀ိုင်းဝန်းချီးကြူးရသည်အထိဖြစ်၏။  ထို့ကြောင့်ပင် မိသားစုတစ်စုလုံးက ထိုသားလေးကို ၀ိုင်းချစ်ကြလေ၏၊
 ထိုသို့ချစ်ကြသည့်အတိုင်း  သားလေးအား  နာမည်ပေး ကင်ပွန်းတပ်သည့်နေ့တွင် မိသာစုစားဝတ်နေရေးအတွက် ငွေကြေးဥစ္စာများ ကြီးပွားတိုးတက်လာမှုကို အစွဲပြု၍ သားလေးရဲ့အမည်ကို " မောင်ဖိုးငွေ"ဟု မှည့်ခေါ်စေ၏။ မောင်ဖိုးငွေကလည်း မိသားစုအားလုံးက အလိုလိုက်မှန်း ချစ်မှန်းသိသဖြင့်
သူလိုချင်တာမှန်သမျှ သူစားချင်တာမှန်သမျှ အကုန်ပူဆာ၏၊၊ သူပူဆာသည့်အတိုင်း အိမ်ကလူတွေကလည်း လိုလေသေးမရှိအောင် အကုန်လုပ်ပေးကြ၏၊ ဤကဲသို့ သားလေးအတွက် လိုချင်တာ စားချင်တာမှန်သမျှ  လုပ်ပေးနေရတာကိုပင် မိသားစုများက ၀မ်းသာမဆုံး ပျော်မဆုံး ဖြစ်နေကြ၏။
       တစ်နေ့ မောင်ဖိုးငွေလေးမှာ ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သဖြင့် ကျေးလက်ကျမ္မာရေး ဆေးပေးခန်းသို့ သွားပြရာ ဆရာမက ကလေးအား ရေသောက်ချင်ပါက ရေစိမ်းမတိုက်ပဲ  ရေကျက်အေးတိုက်ရန်နှင့် ဓာတ်ဆားထုတ်များ ဖျော်တိုက်ဖို့ရန် မှာကြားသတိပေးလိုက်လေ၏။ ဤသို့ဖြင့် အိမ်ပြန်လာခဲ့ရာ အိမ်ပြန်ရောက်ပီး မကြာခင်မှာပင် မောင်ဖိုးငွေလေးက ရေသောက်ချင်ကြောင်း ပြောလာသဖြင့် ဆေးခန်းက ဆရာမမှာကြားသည့်အတိုင်း ရေစိမ်းမတိုက်ပဲ ရေနွေးအိုးထဲတွင် အသင့်ထည့်ထားသော ရေကျက်အေးကို ခပ်ပေးရာ ဘာမပြော ညာမပြော မောင်ဖိုးငွေက ရေကျက်အေးခွက်ကို ပစ်လွှင့်လိုက်ခါ "မေမေ သားက ဒီရေကျက်အေးကို မသောက်ချင်ဘူး..ဟိုသောက်ရေအိုးထဲက ရေအေးအေးပဲ သောက်ချင်တာဗျ..သားကို အဲဒီရေပဲခပ်ပေးပါ"ဟု ပြောလာသဖြင့် အမေဖြစ်သူက "ဒီရေကျက်အေးလေးပဲ သောက်ပါ သားရယ်..ဆရာမကလည်း ဒီရေကျက်အေးပဲ သောက်ဖို့ မှာလိုက်တာသားရဲ့...ရောဂါပျောက်တော့မှ ဟိုသောက်ရေအိုးထဲက ရေကို သားသောက်လို့ရမှာလေ"ဟု ချော့မော့ပြောသော်လည်း ဘယ်လိုမှ နားမ၀င်ပဲ သောက်ရေအိုးထဲက ရေကိုသာ သောက်ဘို့ ဇွတ်တရွတ်ပူဆာနေသဖြင့် နောက်ဆုံးတော့လည်း သားကိုချစ်တဲ့စိတ်နဲ့ ဆရာမ မှာလိုက်သော စကားကို သတိမမူတော့ဘဲ ရေအိုးထဲမှ ရေစိမ်းကို တိုက်လိုက်သဖြင့် မောင်ဖိုးငွေ၏ ၀မ်းလျှောရောဂါဟာ မသက်သာသည့်အပြင် နဂိုထက်ပင် ပိုဆိုးလာတဲ့အတွက် ဆရာမဆီသို့ နောက်တစ်ကြိမ် ထပ်မံပြရလေရာ ဆရာမက ဤသို့ မေးလိုက်လေ၏၊ "ဟေ.. သားလေးရောဂါက မသက်သာဘူးလား..ဘယ်လိုဖြစ်ရတာလဲ..ဆရာမပေးလိုက်တဲ့ ဆေးတွေကို မသောက်ဘူးလား''ဟု မိခင်ဖြစ်သူအား မေးလိုက်ရာမှာတော့ မောင်ဖိုးငွေမိခင်က "'ဒီလိုပါ ဆရာမရယ်..ကျမလည်း သားလေးကို ဆရာမပေးလိုက်တဲ့ ဆေးလုံးတွေကို အကုန်တိုက်ပါတယ်..ဒါပေမယ့် သားလေးက ရေကျက်အေး မသောက်ချင်ဘူး၊ ရေစိမ်းဘဲ သောက်ချင်တယ်ပြောတာနဲ့ ကျမလည်း သားလေးစိတ်ဆိုးမှာကြောက်ပီး ရေစိမ်းတွေ ခပ်ပေးလိုက်မိတယ် ဆရာမရယ်" ဟု စိတ်မကောင်းသော လေသံနဲ့ ပြန်ပြောလိုက်ရာ ဆရာမက ဒေါသတကြီးဖြင့် "အေး အေး အမေရဲ့ သားလေးကို ကျပ်ကျပ်အလိုလိုက်သိလား..တစ်နေ့ကျရင် ဒီသားလေးအတွက်နဲ့  မိသားတစ်စုလုံး ဒုက္ခရောက်မှာ မြင်ယောင်သေးတယ်" ဟု ပြောပြီး ရောဂါမသက်သာမချင်း ရေကျက်အေးကိုသာ တိုက်ရန် မှာကြားပြီး လိုအပ်သောဆေးဝါးများ ပေးကာ ပြန်လွှတ်လိုက်လေ၏။
                              အိမ်ပြန်ရောက်သည့်အခါမှာတော့ မောင်ဖိုးငွေတစ်ယောက် ဆရာမကို ကြောက်သည့်စိတ်ကြောင့် ရေစိမ်းတွေ မသောက်တော့ပဲ ဆေးဝါးများကို မှန်မှန်သောက်လာခဲ့ရာ ၀မ်းလျှောဝမ်းပျက်ရောဂါကား ပျောက်ကင်းသွားချေပြီ။ မည်သို့ပင် ရောဂါပျောက်သွားသည် ဆိုသော်ငြား မိသားစုက အလိုလိုက်မှန်းသိ၍ မိသားစုအပေါ် နွဲ့ဆိုးဆိုးကာ ပေကပ်ကပ်လုပ်သည့် ရောဂါကား ပျောက်မသွားပဲ တဖြည်းဖြည်း ဆိုးသထက် ဆိုးလာသည်ကိုတော့ မိသားစုများ သတိမူကြဟန်မတူပါ။ ထိုသို့ ပေသီးပေကပ်လုပ်သော အကျင့်ဆိုးကား ခလေးဘ၀အရွယ်မှာ မသိသာလှသော်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ သိသာထင်ရှားလာလေ၏၊ တစ်ခုသောနေ့မှာတော့ မောင်ဖိုးငွေတစ်ယောက် အိမ်နားနီးချင်း  သူငယ်ချင်းအချို့နဲ့ ဂေါ်လီလုံးလှိမ့်တမ်း ကစားရာ သူလှိမ့်ဖို့အလှည့်အရောက်တွင် လှိမ့်လိုက်သော ဂေါ်လီလုံးက စည်းမကျော်သဖြင့် သေ(ပုတ်)သွားသည်ကို သူမပုတ်ကြောင်း အတင်းဇွတ်ကန် ငြင်းနေလေတော့၏၊ ကစားဖော်သူငယ်ချင်းများက ပြောမရသည့်အဆုံး သူ့အားကျောခိုင်းကြကာ အခြားနေရာသို့ သွားပီးကစားကြတော့မှ မောင်ဖိုးငွေတစ်ယောက် မျက်နှာညှိုးစွာဖြင့် အိမ်သို့ပြန်သွားလေတော့၏။
                              အိမ်ရောက်တဲ့အခါ  မိခင်ဖြစ်သူက "အို..ငါ့သားမျက်နှာ ကြည့်ရတာ မကောင်းပါလား..ဘာလဲ..သူငယ်ချင်းတွေနဲ့ ဆော့ကစားရာကနေ ရန်ဖြစ်ပီး ပြန်လာတာမို့လား..ကဲ ငါ့သား အမေကိုပြောစမ်း.ဘယ်လိုဖြစ်လာရတာလဲ" ဟု မေးလိုက်ရာ '' သူငယ်ချင်းတွေနဲ့ ရန်ဖြစ်ပီး ပြန်လာတာတော့ မဟုတ်ဘူးအမေ..သူတို့တွေ သားကို သူတို့နဲ့အတူ ပေးမဆော့ချင်လို့ အခြားနေရာပြောင်းပီး သွားကစားကြတာကို သားစိတ်မကောင်းဖြစ်ပီး ပြန်လာတာအမေရ" ဟု သားဖြစ်သူက ပြန်ပြောလိုက်ရာ အမေဖြစ်သူလည်း သားကိုချစ်တဲ့စိတ်ကြောင့် သူ့သားရဲ့တဖက်သတ် ပြောစကားကိုယုံပီး ဒီအတိုင်းဖာသိဖာသာ နေလိုက်၏၊ အမှန်တကယ်ဆိုရင် သားဖြစ်သူရဲ့ ပြဿနာကို သေသေချာချာ မေးမြန်းပီး အကျိုးအကြောင်းညွှန်ပြ ဆိုဆုံးမသင့်ပေ၏။
                             ယနေ့သည်ကား မောင်ဖိုးငွေအတွက် မူရင်းနာမည်ကွယ်ပျောက်ပြီး နာမည်ဆိုးရောက်မည့်နေ့ဟု မောင်ဖိုးငွေနှင့် သူ့မိသားစုများ ကြိုတင်တွက်ထားကြဟန် မတူပါ။ ဒီနေ့မောင်ဖိုးငွေတို့စာသင်ကျောင်းတွင် ကျောင်းသူ/ကျောင်းသားအားလုံး ကျောင်းသန့်ရှင်းရေးအတွက်
 ကျောင်းဝန်းအတွင်း မြက်ပင် ပေါင်းပင်များကို တူရွင်းပေါက်တူးများဖြင့် တူးဆွကာ သူ့အဖွဲ့ သူ့နေရာနဲ့သူ ကျောင်းဆရာ ဆရာမများ သတ်မှတ်ပေးထားသည့် နေရာများတွင် လုပ်ကြရပီး သန့်ရှင်းရေးလုပ်လို့ ပြီးဆုံးသွားချိန်တွင် ကျောင်းအုပ်ဆရာကြီးက တစ်နေရာချင်း သေသေချာချာ လိုက်လံစစ်ဆေးကာ နေရာအလိုက် အကောင်းဆုံး အသန့်ရှင်းဆုံး လုပ်နိုင်သည့်နေရာများကို ပထမ ဒုတိယ တတိယဆုများအဖြစ် ချီးမြှင့်ရာ မောင်ဖိုးငွေတို့ ကျောင်းသားအုပ်စု သန့်ရှင်းရေးလုပ်သည့် နေရာသည် ဘာဆုမှ မရရှိသည့်အပြင် ကျောင်းအုပ်ဆရာကြီး၏ အဆူခံထိခဲ့ရာ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက ဒေါသထွက်ကာ မောင်ဖိုးငွေအား "" ဟေ့ကောင် ဖိုးငွေ မင်းတစ်ယောက်အတွက်နဲ့ ငါတို့တစ်ဖွဲ့သားလုံးကို ကျောင်းအုပ်ဆရာကြီးက အခုဆူလိုက်ပီဆိုတာ မင်းသိရဲ့လား..မင်းလုပ်တဲ့နေရာကို သေချာပြန်ကြည့်စမ်း..မြက်ပင်၊ပေါင်းပင်တွေ အများကြီးကျန်ခဲ့တယ်ကွ.ဒီမှာ ကြည့်စမ်း သန့်ရှင်းရေးလုပ်တာ ဘာမှ မပြောင်ဘူး" ဟု ၀ိုင်းဝန်းအပြစ်တင်ကြရာ မောင်ဖိုးငွေက ဒေါသတကြီး ပြန်အော်လိုက်ပုံက "မင်းတို့တွေက ငါ့တစ်ယောက်တည်းကိုဘဲဝိုင်းပီးအပြစ်တင်နေကြတာ တော်တော်ရယ်စရာ ကောင်းလှပါလား..အဲဒီနေရာက
ငါလုပ်တာမဟုတ်ဘူးကွ..ဟိုကောင် ငပွလုပ်တဲ့နေရာဆိုတာ မင်းတို့တွေ မသိကြဘူးလား'' ဟု ပြန်အော်တာကို ကြားကြားချင်းသလို အနီးနားမှာရှိသော ငပွပြန်ပြောလိုက်ပုံက ဤသို့ပါတည်း။
                             ""'ဒီမှာ ဖိုးငွေ..မင်းဟာ မင်းအမှားကို လွယ်လွယ်ကူကူနဲ့ ၀န်ခံတတ်တဲ့သူ မဟုတ်မှန်း တစ်ရွာလုံး တစ်ကျောင်းလုံးက သိပီးသားမို့ မင်းကို ငါရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး..ဒီနေ့ ဒီအချိန်ကစပီး မင်းနာမည်ကို ဖိုးငွေလို့ မခေါ်တော့ဘူး..မင်းဟာ လူတကာနဲ့ ဇွတ်အတင်းကန်ပီး ငြင်းတဲ့ကောင်ဆိုတော့ ""ဖိုးပေ""လို့ဘဲ ခေါ်တော့မယ်" ဟူသော စကားဆုံသည်နှင့် တပြိုင်နက် အနီးနားမှာ ရှိနေကြသော ကျောင်းသူကျောင်းသားများကလည်း "ဟုတ်တယ်..ဟုတ်တယ်.. ငါတို့တွေလည်း ဒီကောင်ကို ဒီနေ့ကစပီး ဖိုးပေလို့ဘဲ ခေါ်တော့မယ်" ဟု ၀ိုင်းဝန်းလှောင်ပြောင်ကြရာ မောင်ဖိုးငွေတစ်ယောက် သူ့မွေးဖွားပြီးသည့်အချိန်မှစ၍ မိသားစုများ ငွေကြေးဥစ္စာများ သိသိသာသာ ပြည့်စုံလာမှုကို အစွဲပြုပြီး မှည့်ခေါ်ခဲ့သည့် ဖိုးငွေဟူသာ နာမည်မှသည် အလွန်ဆိုးရွားသော ဖိုးပေဟူသည့်  ခေါ်သံကို ကြားရကာ အမတန်ရှက်ပီး ငိုကြီးဟစ်ကျယ်ဖြင့် အတန်းကျောင်းကနေ အိမ်သို့ပြန်လာခဲ့လေ၏။
                                     ကျောင်းကနေ အိမ်ကို ငိုယိုပီး ပြန်လာသည့် မောင်ဖိုးငွေကို ကြည့်ကာ အမေဖြစ်သူက "" ဟယ် သားရယ်..ဘာဖြစ်လို့ ကျောင်းကနေ ငိုပီး ပြန်လာရတာလဲကွယ်..အမေကို ပြောစမ်းပါဦး""ဟု စိတ်မကောင်းစွာဖြင့် မေးမြန်းသော်လည်း သားဖြစ်သူက ဘယ်လိုမှ ပြန်မပြော တဟီဟီသာ ငိုနေလေတော့၏။ အမဖြစ်သူ အကိုဖြစ်သူများကလည်း နည်းမျိုးစုံဖြင့် ချော့မောပြီး မေးကြသော်လည်း မောင်ဖိုးငွေက ဘာမှ ပြန်မပြောပေ။ နောက်ဆုံး  လယ်တောမှ ပြန်လာသော ဖခင်ဖြစ်က ငေါက်ငန်းကြိမ်းမောင်းတော့မှ မောင်ဖိုးငွေပါးစပ်မှ ထစ်ထစ်ငေါ့ငေါ့
ဖြင့် ဤသို့ပွင့်ထွက်လာလေတော့၏။ "" ဒီနေ့ သားအရမ်းဝမ်းနဲလို့ ယူကျူံးမရဖြစ်ပီး ငိုမိတာပါ..ဒီနေ့ သားတို့ကျောင်းမှာ ကျောင်းသန့်ရှင်းရေးလုပ်ကြရတယ်..သန့်ရှင်းရေးလုပ်တာ အကောင်းဆုံး အဖွဲ့တွေကို ကျောင်းအုပ်ကြီးကနေ ဆုတွေပေးတော့ သားပါဝင်တဲ့အဖွဲ့က ဆုမရတဲ့အပြင် အဆူခံရတော့ အဖွဲ့သားအားလုံးက သားလုပ်တဲ့နေရာက မပြောင်လို့ အခုလို ဆုမရဘဲ အဆူခံရတာဆိုပီး သားကိုချည်း ၀ိုင်းပြောကြတယ်..အဆိုးဆုံးကတော့ သားဟာ အမှားကို လွယ်လွယ်နဲ့ ၀န်မခံဘဲ ဇွတ်အတင်း ကန်ငြင်းတဲ့သူဆိုပီး သူတို့တွေက သားကို ဖိုးငွေလို့မခေါ်တော့ဘဲ ဖိုးပေလို့ ၀ိုင်းခေါ်ကြတာကို သားမခံမရပ်နိုင်ဖြစ်ပီး ငိုမိတာပါ..မိသားစုအားလုံးက အမြတ်တနိုးမှည့်ထားတဲ့ ဖိုးငွေဆိုတဲ့ နာမည်ကိုမခေါ်ဘဲ ဖိုးပေဆိုတဲ့ နာမည်ကို ၀ိုင်းလှောင်ပြောင်ပြီး ခေါ်ကြတော့ သားရှက်လဲရှက်မိတယ်""ဟူသည့်စကားအဆုံးမှာတော့မိသားစုအားလုံးစိတ်မကောင်းဖြစ်ကြကာ
 အောက်ပါ နောင်တအတွေးများ ဖြစ်ပေါ်လာခဲ့ချေပြီ။
                                            .အင်း...သားကို အခုလို ဖိုးပေလို့ အခေါ်ခံရတာဟာ အမေတို့ မိသားစုတွေရဲ့ အပြစ်တွေပါကွယ်..အမေတို့တွေက သားကိုအရမ်းချစ်ကြပီး သားလိုချင်တာ သားစားချင်တာ သားလုပ်ချင်တာတွေ မှန်သမျှ အကုန်လုပ်ပေးခဲ့ကြတယ်..သားလုပ်တာတွေ မှားမှားမှန်မှန် ခေါင်းငုံ့ခံခဲ့ကြတယ်လေ...နောက်ဆုံး သားသူငယ်ချင်းတွေနဲ့ ဆော့ကစားရာကနေ ဇွတ်အတင်း ငြင်းကန် ပေတေတေ လုပ်ပီးပြန်လာခဲ့တာတွေကို သားကိုချစ်တဲ့စိတ်နဲ့ မသိချင်ယောင်ပီး နေလာခဲ့ကြတယ်..မိသားစုတွေ အပေါ်မှာ ပေတေတေလုပ်တတ်တဲ့ အကျင့်ဆိုးကြီးက မိသားစုအပေါ်မှာတင် မဟုတ်တော့ပဲ ကစားဖော် သူငယ်ချင်းတွေ အတန်းဖော် သူငယ်ချင်းတွေအပေါ်ထိ ကူးစက်သွားပီး အခုလို မူရင်းနာမည်ပျောက် ဖိုးပေဆိုတဲ့နာမည်ရောက်လာခဲ့တာဟာ အမေတို့တွေရဲ့ ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းခဲ့လို့ ဖြစ်ခဲ့ရတာပါ သားရယ်..အမေတို့ သားလေးဟာ သံပုရာသီးလို ကြီးလေချဉ်လေ ဖြစ်လာလိမ့်မယ်ဆိုတာ အစောကတည်းက ကြိုသိခဲ့ရင် အခုလို ဖြစ်မှာမဟုတ်ဘူးသားရယ်...အခုတော့ အမေတို့မိသားစုတွေရဲ့ ပေါ့ဆမှုတွေကြောင့် အမြတ်တနိုး မှည့်ခေါ်ခဲ့တဲ့ သားလေးဖိုးငွေကနေ ဖိုးပေအဖြစ် လူတကာ နှုတ်ဖျားမှာ ရေပန်းစား ခေါ်ဝေါ်ခံခဲ့ရလေပြီပေါ့ သားလေးရယ်ဟု နောင်တအတွေးများဖြင့် အတွေးနယ်ချဲ့ရင်း သားလေး မောင်ဖိုးငွေရဲ့ ဘ၀အနာဂတ် ဘယ်လိုလှပအောင် ပြုပြင်ရမလဲဆိုတာတွေကို စဉ်းစားနေလေတော့၏။
(အသိပေးခြင်း) လူ့ဘ၀ဇာတ်ခုံ အဖုံဖုံ၌ ကြုံတွေ့ရသော 
အဖြစ်ပျက်လေးအား မှီငြမ်းပြီး  ခံစားရေးဖွဲ့ပါသည်။
08/09/2012
ကျေးလက် နှင့် သာသနာ
 ``ဦးဇင်း ၊ တပည့်တော်ကို ၀ါးတစ်လုံးလောက်စွန့်ပါဦးဘုရား´´
``ဟာ ၊ ဘယ်လိုလဲ ၊ ဗေဒင်ဆရာကလွှတ်လိုက်တာဘဲလား´´
ကြုံခဲ့ရပေါင်းများနေပြီဖြစ်တဲ့အတွက်    ထိုကဲ့သို့   မေးလိုက်ခြင်းဖြစ်ပါသည်။    
ဟုတ်ပါတယ်။တော်တော်များများကိုကြုံခဲ့ဖူးတာပါ။     ယတြာချေကြတာလေ။  
 ကျောင်းမှာရှိတဲ့ ရွက်လှပင်၊သီးပင်း ၊   ဒန်းပင် ၊   
အုန်းလက်တော်တော်များများ ဘုန်းကြီးရဟန်းများနှင့်မခြား  အပင်တိုင်းဂတုံး တွေဖြစ်ကုန်ပြီ။
ခုလဲ လာပြန်ပြီ။      ၀ါးတစ်လုံးလောက်စွန့်ပါတဲ့။         တစ်ခါတစ်လေစဉ်းစားမိပါသေးတယ်။
သစ်တောဦးစီဌာနကို    တိုက်ရိုက်ဆန့်ကျင်နေတာ ဗေဒင်ဆရာတွေများဖြစ်နေမလားလို့လေ။
မဆီမဆိုင်ပေါ့။    အရင်တစ်ခါကလဲ ဒကာတစ်ယောက်    သူ့အမေ အသည်အသန်ဖြစ်နေတဲ့
အတွက် ယတြာချေရမယ်ဆိုလို့ ကျောင်းကိုဝါးလာတောင်းတာ။
သာမန်ဝါးတွေဆိုရင်မဆန်းပါဘူး။အခုသူလိုချင်နေတာက ကျောင်းရှေ့မှာအလှစိုက်ထားတဲ့ဝါး
ရွာဘက်  အခေါ်ဆို(၀ါးမင်းပင်)ပေါ့။ အဆစ်တွေကဖုဖုထစ်ထစ်လေးတွေနဲ့တော်တော်လေးကို
ကြည့်လို့ကောင်းတာပါ။      သူ့အမေက အသက် ( ၃၇ ) နှစ်ဆိုတော့   အဆစ်ပေါင်း ( ၃၇ )  
ဆစ်ပါတဲ့ ၀ါးကိုရမှဖြစ်မှာဆိုလို့ တကယ့်လှပေဆိုတဲ့ ၀ါးကိုမှ ရွေးခုတ်သွားပါလေရဲ့။
      ကျေးလက်ရဲ့သာသနာ သင်ပုန်းကြီးကနေ အစဖြာခဲ့((အခုချိန်မှာတော့ ကျောက်သင်ပုန်းတွေ
နေရာမှာ I Pad တို့  တဂ်ဘလက်ပ်တို့က အစားထိုးဝင်ရောက်လာခဲ့ချေပြီတကား))
သြော်    လူတစ်ယောက်ရဲ့       အသက်တစ်ချောင်းအတွက်ပဲလို့သာ       ယူဆလိုက်ရတာ
ယတြာချေခိုင်းတဲ့        ဗေဒင်ဆရာကိုတော့        နည်းနည်းထုထောင်းလိုက်ချင်သေးတယ်။
ဒါပေမဲ့ လာတောင်းတဲ့လူကိုဘဲ ပြောလိုက်မိပါတော့တယ်။
`` အလကားရတဲ့ ပစ္စည်းနဲ့ ယတြာချေတာ အလကားဘဲဖြစ်မယ်´´ လို့ပေါ့။
တစ်ခါတစ်လေ စဉ်းစားမိတော့လဲ။ တောသူတောင်သားတွေ ဘာသာရေး ဗဟုသုတအားနည်း
နေတာကို တွေ့ရတော့    စိတ်မကောင်းဖြစ်မိပါတယ်။       မိရိုးဖလာတွေက များနေတာကိုး။
ဒါဟာ   သာသနာပြန့်ပွားမှုအားနည်းနေတာကို   မီးမောင်းထိုးပြနေတာဘဲလို့များ 
စဉ်းစားမိတဲ့ သူတွေများများပေါ်ပေါက်လာပါစေဟုသာ အကြိမ်ကြိမ် အခါခါ 
ဆုတောင်းမိပါတော့တယ်။ယခု ၀ါးတောင်းတဲ့  ဒကာကိုလဲ 
ယတြာချေဖို့ဘဲထင်လို့မေးလိုက်ပါတယ်။     
 ဒီတော့မှ သူက.......
`` မဟုတ်ပါဘူးဘုရား ၊ တပည့်တော်        အလုပ်ပိတ်တဲ့ရက်       အိမ်မှာနေရတာပျင်းလို့
ငါးမျှားချင်လို့ပါ´´
ကိုင်းဗျာ။ ကဲ ဘာတတ်နိုင်သေးလဲ၊ ဘုန်းကြီးကျောင်းမှာလာပြီး  
ငါးမျှားတံလာအလှူခံနေတာ။
ဒါဟာ ကလေးတစ်ယောက်လဲမဟုတ်တော့ဘူး။ သားမယားနဲ့ အိမ်ထောင်သည်တစ်ယောက်။
ကျေးလက်တောရွာတွေမှာ ရွာဦးဘုန်းတော်ကြီးကျောင်းတွေကတော့ရှိပါရဲ့။သာသနာတော်ရဲ့
ရေသောက်မြစ်က မဆင်းသက်နိုင်သေးသ၍ ငါးမျှားဖားရိုက် လေးခွတစ်လက်နဲ့ငှက်လိုက်ပစ်
နေတဲ့ အကျင့်တွေရှိနေဦးမည်သာ။
                ဟိုအတိတ်ဆီက ကျေးလက်ဘုန်းကြီးကျောင်းသားလေးများရဲ့ လွမ်းမောဖွယ်ရာမြင်ကွင်း
ကျောင်းသားဗလာ ကိုရင်မရှိတဲ့ တောရွာက ကျောင်းတွေမှာ သာသနာ့မျိုးဆက် ဘယ်လိုများ
ထွက်ပါလိမ့်မလဲ။  သားသမီးမမွေးတဲ့အမျိုးသမီးများကို   အမြုံမလို့ခေါ်သလို 
မျိုးဆက်သစ်တို့ မပေါက်ဖွားနိုင်တဲ့ ကျောင်းတော်ကြီးကို ဘယ်လိုများနာမည်တပ်ကြပါမလဲ။
``ကျောင်းတော်ကြီးက၊ ကြီးလိုက်တာ၊ မျိုးဆက်မရှိပါ။
   သာသနာပြန့်ပွားရေး၊  တောရွာများကို၊   ဦးစားပေး။
   ကျောင်းသားကိုရင်၊ မရှိလျှင်၊ မျိုးဆက်ပြတ်မည်ပင်။
   ကွယ်မည့်အရေး၊ စဉ်းစားပေး၊ ကိုရင်ကျောင်းသားမွေး။
   ဒါမှ နောင်ရေး၊ စိတ်မှာအေး၊ သာသနာတွက် ၀န်မလေး။´´
အနာဂတ်မျိုးဆက်သစ်ဖြစ်လာမည့် သားသမီးတွေရဲ့ ဖခင်တွေဟာ မိမိအားလပ်ချိန်ကို အဲလို
ဖြုန်းတီးနေမယ်ဆိုရင် စဉ်းစားလို့သာကြည့်ကြပါတော့။
ဒီလိုဆိုရင် အနာဂတ်ဆိုတာ ဘာလဲ။ တစ်ခြားဝေးဝေးတွေးနေစရာမလိုပါ။ ပြောင်းပြန်လေး
တွေးကြည့်လိုက်ပါဦး။  
`` အနာဂတ်ဆိုတာ အနက်ကာထားတာဘဲ´´
အနက် (အမည်း) ကာထားတော့ ဘာမှတွေ့နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သာသနာ့
ခေါင်းဆောင်တိုင်း `ကျေးလက်နှင့် အနာဂတ်သာသနာ´ကိုမေ့ထားလို့မရနိုင်ပေ။  တစ်ခြား
ဘာသာဝင်တွေကသူတို့ဘာသာရေးကို ကြိုတင်တွက်ဆပြီး အားကုန်သုံး၍ ရုန်းနေတဲ့အချိန်
တွေမှာ မိမိတို့ ဗုဒ္ဓဘာသာ ရွှေမြန်မာများက ဗျာများနေတုန်းပင်။ 
                                  သာသနာနွယ်ဝင် မျိုးဆက်သစ် သီလရှင်လေးများ
 ဟိုဟာလိုလို ဒီဟာလိုလို ဟိုဟာဆိုလား ဒီဟာဆိုလားဖြစ်မနေသင့်တော့ပေ။ တကယ်တော့
`ဆိုလား´တော့ `ဆားလို´ ၊ ဆားလိုတော့ `ပေါ့´၊ ပေါ့တော့ `ပေါလောပေါ်´ ပေါလောပေါ်
တော့ `အနှစ်မရှိ´၊ အနှစ်မရှိတော့ `အလကား´၊ အလကားဆိုတော့ `တန်ဘိုးမရှိ´ တန်ဘိုး 
မရှိတော့ `ဘယ်သူကမှ အလေးမထား´။
နောက်တစ်ချိန် ထိုကဲ့သို့ကိန်းမျိုးဆိုက်သွားနိုင်လေ၏။ အနှစ်ကိုမမြင်နိုင်တော့ပေ။
ဘာသာရေးပွဲအခမ်းအနားရှိလို့သာ`နမော တဿ´ သုံးကြိမ် ရွတ်ဆိုဖူးပါသည်။ ဘုရားရှေ့မှာ
ထင်ရာလုပ်။ သာသနာကို ဂုတ်သွေးစုပ်နေသော   လူတစ်ချို့ကလဲ ခေါင်းပေါင်းစတစ်လူလူနဲ့
သူ့ကိုသူ သာသနာပြုနေသူဆိုတာတွေက အများသားလား။ ခက်တော့ခက်သား။
`သံကိုသံဖျက် သံချေးတက်´ နေတာတွေကလဲပေါလှပါဘိနဲ့။ သာသနာကို သူတို့တစ်သက်
စာလောက်ဘဲ ထင်မှတ်ထားနေတာလားတော့ မပြောတတ်ပေ။
                        ဟိုးအတိတ်ဆီက ကျေးလက်သာသနာရဲ့ အမှတ်တရ မြင်ကွင်းတစ်ခု
 နိုင်သလောက်ဝိုင်းကူပြီးတွန်းနေသူကို ဖြိုတယ်ထင်တာကလဲရှိသေးတယ်။ `ဗုဒ္ဓသာသနံ စိရံ
တိဋ္ဌတု´ရွတ်နေရုံလောက်နဲ့ သာသနာတည်နေပြီဟုများ ထင်နေလားမသိပေ။
``တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမည်´´
မိမိကိုယ့်ကျိုးအတွက်လုပ်နေတာမဟုတ်။ သာသနာအတွက်   အနစ်နာခံလုပ်နေတာဆိုလျှင်
မဖြစ်ဟူသမျှ မရှိလောက်အောင်ကို    အဆင်ပြေလှပါသည်။         အဘယ့်ကြောင့်ဆိုသော်
သာသနာကို ဗန်းပြ၍ လုပ်စားနေသူတစ်ချို့ပင် အဆင်ပြေနေသောကြောင့်ဖြစ်ပါသည်။
 အနာဂတ်သာသနာအတွက် ကျေးလက်သာသနာကနေ မျိုးဆက်သစ်လေးများကို ဤသို့မွေးထုတ်ပေးခဲ့
 ကျေးလက်နှင့်သာသနာသည် ဝေးကွာကောင်းသောအရာမဟုတ်။   ကျေးလက်မှသည် မြို့ပြ
ဆီသို့ ရောက်ရှိသွားသည်ကများ၏။
`အမှိုက်ကစ ပြသာဒ်မီးလောင်´ဟူသောစကားကိုသေချာတွေးကြည့်ပါ။ ဘာသာခြားတို့သည်
ထိုနည်းဖြင့် မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များကို လောင်မြိုက်ဝါးမျိုနေကြလေတော့၏။   တောရွာ
ဇနပုဒ် များမှာ ဘာသာရေးအသိဥာဏ်ကအားနည်း ဘာသာခြားကစွဲဖြင့်    တဖြည်းဖြည်းချင်း
ဧရိယာကျဉ်းလာနေသည်ကို သတိထားမိဖို့လိုပါသည်။
                    ကျေးလက်ရဲ့ဘာသာ သာသနာ ဘုန်းတော်ကြီးသင်ကျောင်းများမှ အစဖြာ
ဘာသာရေးသည် အသက်ကြီးသောအဖိုးအဖွားတို့သာလုပ်သင့်သည်ဟု ထင်မှတ်နေခြင်း၏
အဓိကအကြောင်းရင်းမှာ အဘယ်ပါနည်း။
စေ့စေ့တွေးက ရေးရေးမြင်နိုင်ပါသည်။ တစ်ချို့ကျေးရွာများဆိုလျှင် ရှေးဟောင်းကျောင်းအို
ဘုရားပြို ဘုရားပျက် များစွာရှိသော်လည်း  သမိုင်းဝင်မှတ်တိုင်အဖြစ် အသိမှတ်ပြုသူထက်
ဂျိုးထောင် ငှက်ထောင် အပေါ့အပါးစွန်တဲ့ချောင်  တစ်ခုအဖြစ်သာ    ပြုလုပ်နေကြသည်မှာ
အလွန်တရာမှ စိတ်မကောင်းဖြစ်စရာကောင်းလှပါတော့သည်။
ဝမ်းနည်းဖွယ်ကောင်းပေစွ။ ဘာသာရေး  သွေးအေးနေကြသည့်အတွက်  
ပြိုပျက်ကျခဲ့ကြသော သာသနိကအဆောက်အဦးတို့မှာ မြောက်များစွာရှိနေသည်ကို 
သတိပြုမိဖို့လိုပါသည်။
သာသနာမတည်သေးသော  နေရာများကို  သာသနာရောက်ရှိလာအောင် တည်လာအောင်
 ဆောင်ရွက်ရခြင်း ၊  သာသနာတည်နှင့်နေပြီးသောနေရာများကို    ရေရှည်တည်တန့်အောင်
ဆောင်ရွက်ရခြင်းသည် သာသနာ့ဝန်ထမ်းတိုင်းမဖြစ်မနေလုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်
ကိုမေ့ထား၍မရပေ။
                                 နွေရာသီယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ ကလေးတရားပွဲ
သာသနာနှင့်စပ်ပြီးပြောရလျှင်
၁။ သာသနိကအဆောင်အဦး
၂။ သာသနာ့ဝမ်ထန်း
၃။ သာသနာ
ဟုသုံးမျိုးကို ကွဲပြားစွာသိထားဖို့လိုအပ်ပါသည်။
သာသနိက အဆောက်အဦးဆိုသည်မှာ စေတီ ၊  ပုထိုး ၊ ဘုရား ၊ ကျောင်း ၊ ကန် ၊ ဇရပ်
စသည့် သာသနာနှင့်သက်ဆိုင်သော အဆောက်အဦးများကို ဆိုလိုပါသည်။
သာသနာ့ဝမ်ထန်းဆိုသည်မှာဘုန်းကြီး ၊ ဦးဇင်း ၊ ကိုရင် ၊ သီလရှင်( ရဟန်း ၊ သာမဏေ)
ဖိုးသူတော်၊သာသနာတော်ကို ပြန့်ပွားအောင်ဆောင်ရွက်နေကြသောလူပုဂ္ဂိုလ်များစသည်
ကိုဆိုလိုပါသည်။
 အနာဂတ်သာသနာ ဝေဆာဘို့အတွက် ဖိုးသူတော်လေးများဟာလည်း ချန်လှပ်ထားလို့မရပေ
 သာသနာဆိုသည်မှာ မြတ်ဗုဒ္ဓ၏ ဒေသနာတော်များဖြစ်ပါသည်။
သို့ဆိုလျှင် ကိုရင် ဦးဇင်းတွေပေါများလာရုံ ၊     သာသနိကအဆောက်ဦးတွေပေါများလာရုံနှင့်
ဒီမြို့ ဒီရွာမှာ သာသနာတည်နေပြီဟုပြောမရပေ။
အကြောင်းမှာမူ သာသနိကအဆောက်ဦးထဲတွင်   သာသနာနှင့်မအပ်စပ်သောအမှုများပြုလုပ်
နေကြခြင်း ၊ သင်္ကန်းတည်းဟူသော   အရေကိုခြုံထားပါသော်လည်း
 ရဟန်းတော်များနှင့်မသင့်လျော် မလျှောက်ပတ်သောအမူအရာတို့ဖြင့် 
သာသနာဖျက်နေသော မသမာသူများရှိနေသောကြောင့်ဖြစ်ပါသည်။
                        ကျေးလက်သာသနာအတွက် ဆောင်ရွက်ချက် ပုံရိပ်လေးများ
 အကုသိုလ်များစွာဖြင့် ဘ၀ရှင်သန်မှုကို ဆောင်ရွက်နေကြသော လူသားတို့အား ဖြစ်နေနှင့်ပြီး
သောအကုသိုလ်များ ဆက်လက်မဖြစ်အောင် ၊  မဖြစ်သေးသော အကုသိုလ်များကို မလုပ်ဖြစ်
အောင် ၊ မလုပ်ဖြစ်သေးသော ကုသိုလ်တရားများ ပြုလုပ်ဖြစ်လာအောင် ၊ ပြုလုပ်ထားပြီးသော
ကုသိုလ်တရားများ ဆက်လက်တိုးပွားလာအောင် ပြုမူဆောင်ရွက်စေခြင်း ၊   
 ယဉ်းကျေးလိမ္မာရောက်ရှိစေနိုင်သောမြတ်ဗုဒ္ဓ၏ အဆုံးမများကိုလူသားတို့နှလုံးသားသန္တာန်တွင်
တည်စေနိုင်မှ သာလျှင်တကယ်စစ်မှန်သော သာသနာတည်မည်ဖြစ်ပါသည်။
  ကမ္ဘာ့သာသနာပြုဆရာတော်ကြီးများဟာလည်း ကျေးလက်သာသနာကနေ ဤသို့အစပြုခဲ့ကြသည်
အနှစ်ချုပ်အားဖြင့်ပြောရလျှင်   သာသနာ၏     မျိုးဆက်အရှင်မြတ်တို့သည် နိုင်ရာဝန်ကိုယ်စီ
ထမ်းလို့ လာလမ်းကို ( မိမိတို့မွေးဖွားရာ ဇာတိ ) ကြွမြန်းပြီး စွမ်းနိုင်သမျှ      သာသနာမျိုးစေ့
ပြန်လည်ချထားမှသာလျှင်      ကျေးလက်တောရွာ သာသနာသည် စည်ပင်လာပြီး သာသနာ
မျိုးဆက် (သို့ )    သာသနာနှင့်နီးစပ်သူများ    ကုသိုလ်ပွား၍ အနာဂတ်ကမ္ဘာ့အလယ်မှာ ၀င့်
ထည်သော ဘာသာတရားတစ်ခု အဖြစ်ဆက်လက်တည်ရှိနိုင်မည်ဖြစ်ပါကြောင်း   .. …။
အသိပေးချက်။      ။မျိုးဆက်သစ်အရှင် ဘလော့မှ တဆင့် ကူးယူဖော်ပြပါသည်။