25/05/2012

အမှတ်တရ စိန်ရတု စကားဝိုင်း(စိန်ရတုမွေးနေ့ပူဇာအထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး)




ဥတုဟေမန္တ ဆောင်းကာလ နံနက်ခင်း၏ မြင်ကွင်းကား ကျေးလက်ဒေသနေ လူများအဖို့
သိပ်မထူးဆန်းလှသော်လည်း တစ်ခါတစ်ရံမှသာ မြို့ကနေ ဇာတိရပ်ရွာကို
အလည်ပြန်လေ့ရှိသော မောင်သာခင်အတွက်တော့ တော်တော်လေးပင် ထူးဆန်းနေချေ၏၊
အဘယ့်ကြောင့်ဆိုသော် ကောက်စပါးသီးနှံများရဲ့
ရင့်မှည့်ချိန်မို့ အေးခဲလှသော ဆောင်းနှင်းထုကြားကနေ ဖောက်ထွက်လာသော
ကောက်စပါးရနံ့ကား မြို့ကြီးပြကြီးတွေမှာ ရှူရှိုက်ခွင့်မရတဲ့ သင်းရနံ့ဖြစ်သလို
အအေးဒဏ်ကိုဘေးချန်ပီး စပါးရိုက်နေကြသော ရွှေညာသူ
လုံမပျိုလေးများရဲ့ ဇွဲ လုံ့လ သတ္တိတွေကိုလည်း လက်တွေ့ကျကျ
မြင်တွေ့ခွင့်ရသောကြောင့်ပေတည်း။
ဤကဲသို့သော အချိန်ခါမျိုးမှာ စပါးရိုက်ရာမှ ခေတ္တနားပြီး အဆာပြေမုန့်ပဲသရေစာနှင့်
ရေနွေးကြမ်းသုံးဆောင်နေကြသော စပါးခင်းပိုင်ရှင် ဦးမြဖေတို့သားအဖနှစ်ယောက်နှင့်
စပါးရိုက်အဖွဲ့လုံမပျိုလေးများဆီသို့ မောင်သာခင်တစ်ယောက် ရောက်သွားတဲ့အခါမှာ
ဦးမြဖေက ဖော်ရွေစွာပင် ကြိုဆိုနှုတ်ဆက်လေ၏။
“ ဟေး..မောင်သာခင်ကြီးပါလား..ဘယ်ကနေ လှည့်လာတာလဲကွ..လာကွာ
ရေနွေးကြမ်းလေး ဘာလေး သုံးဆောင်စမ်းပါဦး..မောင်ရင်လည်း ရွာမပြန်လာတာ
အတော်ကြာပီနော်”
ဦးမြဖေရဲ့ ဖိတ်မန္တကပြုမှုကို လက်ခံသည့်အနေဖြင့် မောင်သာခင်တစ်ယောက်
ရေနွေး ကြမ်း ၀ိုင်းထဲသို့ ၀င်ထိုင်လိုက်ပြီး ဤသို့ စကားတုံ့ပြန်လေ၏၊
“ ဒီလိုဗျ ဦးလေးမြရဲ့..မြို့မပြန်ခင် အချိန်ရတုန်းလေးမှာ ရွာအနောက်ဖက်မှာ
ဖောက်လုပ်ထားတဲ့ ဆည်မြောင်းတွေနဲ့ စံပြစပါးစိုက်ခင်းတွေကို သေချာသိချင်တာနဲ့
လမ်းလျှောက်ရင်း လှည့်ပတ်ကြည့်တာပါဗျာ…
အော် … ဒါနဲ့ဗျာ သိချင်တာလေးရှိလို့ ဦးလေးမြကို မေးရဦးမယ်ဗျ..စပ်စုတယ်လို့တော့
မထင်လိုက်ပါနဲ့ ..အခု ဦးလေးမြတို့လယ်ကွက်ထဲမှာ စပါးရိုက်နေကြတဲ့
စပါးရိုက်အဖွဲ့ကအမျိုးသားတစ်ယောက်မှမပါဘဲ
အမျိုးသမီးတွေချည်းပါလားဗျ..ဘယ်လိုဖြစ်ရတာလည်း ပြောပြစမ်းပါဦး”ဟု
မောင်သာခင်က စောဒကတက်လိုက်ရာမှာတော့ ရေနွေးကြမ်းဝိုင်းနားမှာရှိတဲ့
ဦးမြဖေရဲ့သား မောင်တုတ်ကြီးက သူ့ရင်ထဲမှာ ရှိတဲ့အတိုင်း ဖွင့်ဟလေတော့၏၊
“အေးကွာ ..မင်းသိချင်တော့လည်း စိတ်မကောင်းစွာနဲ့ ပြောပြရတော့မှာဘဲ..
ဒီလိုလေကွာ.. အခုနောက်ပိုင်းရွာမှာရှိတဲ့ လူငယ်အများစုက ရွာမှာ
သိပ်မနေချင်ကြတော့ဘူး..စင်္ကာပူတို့ မလေးရှားတို့သွားပီး
ငွေရှာထွက်တဲ့လူကထွက်..နောက်ပီး ဖားကန့်ကျောက်မှော်ထဲသွားပီး
ငွေရှာသွားတဲ့လူကသွားနဲ့ ဆိုတော့ ရွာမှာလူငယ်သိပ်မကျန်သလောက်ပဲဗျာ..
သီးနှံဈေးကလည်း သိပ်မကောင်းတော့ ရွာမှာလုပ်ကိုင်စာသောက်ရတာကလည်း
အရင်ကလို အဆင်မပြေတော့ တနယ်တကျေးသွားပီး
လုပ်ကိုင်စားသောက်ကြတာလည်း မဆန်းတော့ပါဘူး..ဒီတော့ ရွာမှာလူငယ်တွေ
သိပ်မရှိကြတော့ စပါးရိုက်ခေါ်ချင်ရင် အမျိုးသမီးတွေကိုဘဲ အားကိုးပီး ခေါ်နေရပီဆိုတော့
အင်း..ခေတ်က တဖြည်းဖြည်းနဲ့ နွားထီးငါးကျပ် နွားမငါးကျပ်ခေတ်ရောက်နေပီ
မောင်ရင်ရေ” ဟု စိတ်မကောင်းစွာနဲ့ ပြောပြနေသော မောင်တုတ်ကြီးစကားအဆုံးမှာတော့
မောင်သာခင်က အမှတ်မထင် မေးခွန်းတစ်ခုကို ဦးမြဖေအား ကောက်မေးလိုက်လေ၏၊
“ အဲဒါတွေထားပါတော့ဗျာ.. လာမည့်နှစ်ကျရင် ကျွန်တော်တို့ ရွာဦးကျောင်းဆရာတော်ရဲ့
သက်တော်(၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ပွဲသဘင်ကို ခြိမ့်ခြိမ့်သဲကျင်းပမယ်လို့
ရွာထဲမှာပြောနေတာ ကြားခဲ့ရတယ်ဗျ…ဦးလေးမြတို့က ရွာမှာ အမြဲနေတဲ့
သူတွေဖြစ်တော့ ဒီကိစ္စကို ကျနော်ထက်စာရင်ပိုသိမှာမို့ မွေးနေ့ပွဲအကြောင်း
သိသလောက် ပြောပြပေးပါလား” ဟု မောင်သာခင်က တောင်းဆိုလိုက်သဖြင့်
ဦးမြဖေတစ်ယောက် ငှဲ့ထားသော ရေနွေးကြမ်းခွက်ကို သောက်ရင်း
စိန်ရတုမွေးနေ့ပွဲအကြောင်း စီကာပတ်ကုံး ပြောပြလေတော့၏၊
“ဒီလိုလေ ငါ့တူရ..ဦးလေးလည်း စိန်ရတုမွေးနေ့ပွဲ ကျင်းပမဲ့အကြောင်းကို
ကြားနေတာတော့ တော်တော်ကြာပါပြီ…၀မ်းသာစရာကောင်းတာက ဆရာတော်ရဲ့
စိန်ရတုမွေးနေ့ပွှဲမှာ စိန်ရတုမဂ္ဂဇင်းစာအုပ် ထုတ်ဝေမဲ့
ကုန်ကျစရိတ်အတွက် မန္တလေးက ဦးဘမောင်+ဒေါ်ကြင်ဆွေမိသားစုတို့က
တာဝန်ယူလှူဒါန်းသွားမှာတဲ့ဗျ..ရွာဦးကျောင်းထိပ်က ရှစ်မျက်နှာဘုရားကလည်း
သူတို့ပဲ လှူဒါန်းထားကြတာလေ…ဒါတင်ဘယ်ကဦးမလဲ..မကြာခင်ဆောက်လုပ်တော့မဲ့
ချောင်းကူးတံတားအတွက်လည်းသိန်း(၂၀)ကျော်ထည့်ဝင်လှူဒါန်းကြဦးမယ်လို့
ကြားသေးတယ် ငါ့တူရ.
.အခြားလှူဒါန်းထားတဲ့ အလှူတွေလည်းအများကြီး ရှိနေသေးတာမို့ ပြောပြနေရင်
ပြီးမှာမဟုတ်တော့ဘူး ငါ့တူရေ”
ဦးမြဖေ စကားမဆုံးခင်မှာပင် မောင်သာခင်တစ်ယောက် ၀မ်းသာလွန်းသဖြင့်
စိန်ရတုမဂ္ဂဇင်းစာအုပ် အတွက်ကုန်ကျစရိတ်လှူဒါန်းကြမည့် အလှူရှင်တွေကို
စိတ်ထဲကနေ သာဓုအကြိမ်ကြိမ် ခေါ်ဆိုနေမိတော့၏၊“ ဦးလေးစကား
မဆုံးသေးဘူး ငါ့တူရ..၀မ်းသာစရာတွေများစွာရှိတဲ့ထဲက အခုပြောပြမဲ့
ဟာက ပိုပီးဝမ်းသာစရာကောင်းမယ်ထင်ပ…ဒီလိုလေကွာ..ဆရာတော်ကြီးရဲ့
စိန်ရတုမွေးနေ့ပွဲမှာဆရာသခင်ကိုပူဇော်ဂုဏ်ပြုတဲ့အနေနဲ့
အနယ်နယ်အရပ်ရပ်မှာ ရောက်ရှိသီတင်းသုံးနေကြတဲ့
ဆရာတော်ကြီးရဲ့တပည့်သားသံဃာတွေကလည်း သွားရေး လာရေး
အဆင်ပြေဘို့အရေး မျှော်ရည်တွေးပီးတော့ယာဉ်ငယ်တစ်စီးဝယ်ဘို့
အလှူငွေတွေ အသီးသီးထည့်ဝင်လှူဒါန်းထားကြပီးပီလို့ ကြားတယ် မောင်ရင်ရေ”
ဟူသော ဦးမြဖေစကားကို ကြားတဲ့အခါမှာတော့ အတော်ပင် အံ့သြ၀မ်းသာသွားကာ
သူ့ခေါင်းထဲ၌ အတွေးတစ်ခု ၀င်ရောက်ခဲ့လေပြီ။
“ သြော်..သြော်..ရပ်ရွာကျေးဇူး ဆရာသမားကျေးဇူးကို အမတန်သိတတ်ကြတဲ့
တပည့်သားသံဃာတော်တွေပါတကား..ငါတို့လို လူပုဂ္ဂိုလ်တွေအနေနဲ့လည်း
ငါတို့ချွေးနဲစာထဲကနေ
ထုတ်နှုတ်ပြီးတော့ ရပ်ရွာဆရာတော်ရဲ့ စိန်ရတုမွေးနေ့ပွဲမှာ သဒ္ဓ္ဓါတတ်အားသမျှ
လှူဒါန်းကြမှ သင့်မယ်”ဟု အတွေးနယ်ချဲ့လို့ မပြီးဆုံးခင်မှာပင်
ဦးမြဖေက သူသိချင်သော အကြောင်းရာတစ်ခုကို ဤသို့မဆိုင်းမတွ မေးမြန်းလေ၏၊
“ နေပါဦး..ဦးလေးက စိန်ဆိုလို့ စိန်စတင်းဆိုင်းတို့ စိန်မွတ္တားဆိုင်းတို့ပဲ ကြားဖူးတာဟ..
ငါ့တူပြောနေတဲ့ စိန်ရတုဆိုတာကို အခုမှပဲကြားဖူးတာမို့ ငါ့တူအချိန်ရမယ်ဆိုရင်
စိန်ရတုအကြောင်းကို နဲနဲလောက် ပြောပြပေးပါလားကွာ” ဟု တောင်းဆိုလာသဖြင့်
မောင်သာခင်တစ်ယောက် ရှင်းပြလေတော့၏၊
“ ဒီလိုဗျ ဦးလေးရ..ကျနော်သိသလောက် ပြောပြရရင် လူ့သက်တမ်းနှစ်တစ်ရာကို
လေးပုံပုံကြည့်တဲ့အခါမှာ ပထမဆုံး(၂၅)နှစ်တာခရီးကို ငွေရတု၊ဒုတိယ
နှစ်(၅၀)ခရီးကို ရွှေရတု၊ တတိယ(၇၅)နှစ်တာခရီးကိုစိန်ရတု၊စတုတ္ထ
နှစ်(၁၀၀)ခရီးကို ပုလဲရတု ပတ္တမြားရတုလို့ သတ်မှတ်ထားတာဖြစ်လို့ ယ္ခု ဦးလေးမြတို့
ကျနော်တို့ရဲ့ဆရာတော်ကလည်း သက်တော်အနေနဲ့(၇၅)နှစ်ထဲရောက်ရှိလာပြီမို့
စိန်ရတုဆိုတဲ့ ခေါင်းစဉ်နဲ့ မွေးနေ့ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပမှာလေ” ဟူသော
မောင်သာခင်စကား ဆုံးသည်နှင့်တပြိုင်နက် စပါးရိုက်အဖွဲ့
အမျိုးသမီးလေးများက ဤသို့ ရုတ်တရက်ထပြောက်ြလေ၏၊
“ ဆရာတော်ရဲ့ စိန်ရတုမွေးနေ့ပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပမယ်ဆိုတော့
ဇာတ်ပွဲတွေလည်း ပါမှာပေါ့နော်” ဟုအတွန့်သက်လာသဖြင့် ဦးမြဖေတို့ စကားဝိုင်းက
ပြီးတော့မလိုနဲ့ မပြီးပဲ ပို၍ပင် အသက်ဝင်လာ၏။
“ အော် ..ခက်ပါလားကွာ..မင်းတို့တွေကတော့ ကိုယ်လိုရာ ကိုယ်ဆွဲပြောနေကြပြန်ပြီ..
ဇာတ်ပွဲပါမယ်လို့ ဘယ်သူကပြောလို့တုန်း..အကိုအမြင်ရ ပြောရရင် ပျော်ပွဲရွှင်ပွဲ
ဇာတ်ပွဲတွေဆိုတာက
မိမိတို့ရဲ့စိတ်ကို တဒင်္ဂမျှသာ ပျော်ရွှင်စေနိုင်ပြီး ထာဝရမပျော်ရွှင်စေနိုင်တာ
အမှန်ဘဲ..ဘုရားလက်ထက်တော်ကာလက ရှင်သာရိပုတြာအလောင်း ဥပတိဿနဲ့
ရှင်မဟာမောဂ္ဂလာန်လောင်း ကောလိတတို့ပဲ ကြည့်လေ..သူတို့တွေ
ဇာတ်ပွဲကြည့်ရင်းကနေ ငြီးငွေ့စိတ်ပျက်ပြီး တရားဘက်ကို ကူးပြောင်းခဲ့ကြတာကို
မင်းတို့တွေ ကြားဖူးကြတယ်မဟုတ်လား..ဒီတော့ ဘ၀အတွက် ပျော်ရွှင်စရာတွေထဲမှာ
အကောင်းဆုံး အမွန်မြတ်ဆုံးဖြစ်တဲ့ဓမ္မနဲ့ပျော်ရွှင်စေနိုင်ဘို့ မကြာခင်ကျင်းပတော့မဲ့
ဆရာတော်ရဲ့ စိန်ရတုမွေးနေ့ပွဲမှာပါမယ့် ညတရားပွဲတွေကို
နာဖြစ်အောင် နာယူကြဘို့ မှာချင်ပါတယ် ညီမတို့ရေ..ကဲ..ကဲ .ကျနော်လည်း
ဒီနေ့ညနေ မြို့ကိုပြန်ရတော့မှာမို့ ပြင်ဆင်စရာရှိတာလေးတွေ သွားပြင်လိုက်ပါဦမးယ်..
လာမည့်နှစ် ဆရာတော်စိန်ရတုမွေးနေ့ပွဲကျမှပဲ ပြန်လာနိုင်အောင် ကြိုးစားပါဦးမယ်..
ဦးလေးမြရေ .ပြန်ပြီဗျို့…
ဝေးရပ်မြေမှ အနန္တဂုဏ်အင် ကျေးဇူးရှင် ဆရာသခင်အား ဤစာစုဖြင့် ပူဇော်ကန်တော့ပါ၏။
(အာစရိယဂုဏံ အဟံ ၀န္ဒာမိ သဗ္ဗဒါ)
(မှတ်ချက်)မွေးရပ်ဇာတိမြေမှ ဆရာတော်ဘုရားကြီး၏ စိန်ရတုမွေးနေ့ပွဲတွင် ထုတ်ဝေမည့်
စိန်ရတုမဂ္ဂဇင်းအတွက် ရေးသားပေးပို့ခဲ့သော စာမူအား မူရင်းအတိုင်း ဖော်ပြပါသည်။

24/05/2012

အမှတ်တရ ရွာပြန်လက်ဆောင် အပိုင်းအစလေးများ







(မုံရွာမြို့ရဲ့ ကျက်သရေဆောင် မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်အား ဖူးတွေ့ရစဉ်)



ဟဲ..ဟဲ.. စာရေးသူလည်း မကြာခင်လေးကပဲ မွေးရပ်မြေ မုံရွာမြို့လေးကို ရောက်ခဲ့ပါတယ်..

ညနေပိုင်းမှာ မိုးလေတွေ ပြင်းထန်စွာတိုက်ခတ်နေလို့ ညောင်ပင်ကြီးဘက်ကမ်းကို

စက်လှေနဲ့ ကူးခတ်ဘို့အတွက် တစ်နာရီကျော်ကြာ စောင့်ဆိုင်းခဲ့ရတာလေးတွေရယ်..

မုံရွာရောက်တုန်းရောက်ခိုက် ကွမ်းယာတွေ တလစပ်ဝါးပီး ထုံးပေါက်လို့ လေးငါးရက်

လောက်ထမင်းကောင်းကောင်း မစားနိုင်ခဲ့တာလေးတွေရယ်...

နောက်ပီးအထူးခြားဆုံးက ဇာတိမွေးရပ်မြေရောက်ခိုက် ကြုံတုန်းမို့ မြန်မာနေရှင်နယ်

လိတ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဇေယျာရွှေမြေအသင်းနဲ့ ရက္ခပူရအသင်းယှဉ်ပြိုင်တဲ့

ဘောလုံးပွဲစဉ်ကိုMR TV4ကနေ တိုက်ရိုက် ထုတ်လွှင့်ပေးလို့ ဇေယျာရွှေမြေအသင်းကို

အားပါးတရအားပေးလိုက်တာ ရက္ခပူရအသင်းကိုခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့

 ဖြစ်ရပ်လေးတွေရယ်.

.ဒီအဖြစ်အပျက်လေးတွေကတော့ ဘယ်တော့မှ မေ့လို့မရတဲ့ ဖြစ်ရပ်(ရွာပြန်လက်ဆောင်)

လေးတွေပါဘဲ..

ဟဲ..  ဟဲ..   ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပတ်ပတ်လည်ဘေးမှာ ဖယောင်းတိုင်တွေကိုင်ပီး

စီတန်းလမ်းလျှောက်ပွဲနဲ့တော့ တေ့လွဲလေး လွဲလာခဲ့လေရဲ့..


                                                                                   
        (မုံရွာမြို့ရဲ့ ကျက်သရေဆောင် မဟာဗောဓိတစ်ထောင်အား ဖူးတွေ့ရစဉ်)                                                                        

မွေးရပ်မြေမှ ဆရာတော် ဘဒ္ဒန္တပညာဓမ္မ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ ဂုဏပူဇာပွဲ မှတ်တမ်းဓာတ်ပုံများ

  
ခန့်ငြားထည်ဝါသော စိန်ရတု ဂုဏပူဇာအထိမ်းအမှတ် ဆိုင်းဘုတ်မုခ်ဦးကြီး



စိန်ရတုဂုဏပူဇာပွဲအတွက် အလှူရှင်အသီးသီးကို ဆိုင်းဘုတ်ဖြင့် မှတ်တမ်းတင်ထားစဉ် 



ဦးတင်ကို+ဒေါ်အေးလွင်မိသာစုတို့၏ မဏ္ဍပ်ဆင်အလှူတော်
ဦးအောင်ရင်+ဒေါ်အောင်ကြည်မိသားစုတို့၏ မဏ္ဍပ်ဆင်အလှူတော်
စိန်ရတု ဂုဏပူဇာပွဲ ဓမ္မသဘင်ကြော်ငြာဆိုင်းဘုတ်
စိန်ရတုမဂ္ဂဇင်းစာအုပ်အတွက် ရပ်ဝေးမှ ဧည့်သည်များ မဲနှိုက်နေကြစဉ်
အကျိုးတော်ဆောင် ရပ်ရွာလူငယ်များအဖွဲ့
အလှူငွေ လက်ခံရာဌာန
စိန်ရတုမဂ္ဂဇင်းစာအုပ်အတွက် ရပ်ဝေးမှ ဧည့်သည်များ မဲနှိုက်နေကြစဉ်
ဆရာတော်ဘုရားကြီးအား ကြိုဆိုပင့်ဆောင်ကြမည့် လူငယ်မောင်မယ်များနှင့် ၀တ်အသင်းသူများ
ဆရာတော်ဘုရားကြီးအား ကြိုဆိုပင့်ဆောင်လာကြစဉ်
ဆရာတော်ဘုရားကြီး အပူဇော်ခံ ကြွရောက်တော်မူလာစဉ်
စောင်းဒေါ်မြင့်မြင့်သွယ်အဖွဲ့မှ တေးထပ်ရတုဖြင့် ပူဇော်သီဆိုကြစဉ်
ရပ်ရွာ ဓမ္မစင်္ကြာဝတ်အသင်းသူများ
ဆရာတော်ဘုရားကြီးမှ တပည့်ဒကာ၊မများအား သြ၀ါဒတရားချီးမြှင့်တော်မူစဉ်
ဦးဘမောင်မှ လှူဘွယ်ပစ္စည်းများ ဆက်ကပ်စဉ်
ရပ်ရွာ တပည့် ဒကာ ဒကာမများ
ရပ်ရွာ တပည့် ဒကာ ဒကာမများ
ရေစက်သွန်းချ အမျှပေးဝေကြစဉ်
ရပ်ရွာ တပည့် ဒကာ ဒကာမများ
တရားနာပရိသတ်များအား ဆေးလိပ်ကမ်းဝေကြမည့် ကုမ္မာရီအမျိုးသမီးလေးများ

ဆရာတော်ဘုရားကြီး စိန်ရတုဂုဏပူဇာအခမ်းနားမှ ပြန်ကြွတော်မူစဉ်
ကုမ္မာရီအမျိုးသမီးလေးများက တရားနာပရိသတ်များအား ဆေးလိပ်ကမ်းဝေကြစဉ်

စိန်ရတုဂုဏပူဇာသဘင် အပြီး အလှူရှင်အချို့မှ ရွှေမိုးငွေမိုး ရွာသွန်းဖြိုးနေကြစဉ်
စိန်ရတုဂုဏပူဇာအထိမ်းမှတ်အဖြစ် တပည့်သံဃာတော်များလှူဒါန်းထားသည့် ပါဂျရိုကားအားတွေ့ရစဉ်
စိန်ရတုဂုဏပူဇာသဘင်ပွဲအပြီး ဆိုင်းဘုတ်ကြီးနှင့်  အမှတ်တရ
\
   
စိန်ရတုဂုဏပူဇာသဘင်ပွဲအပြီး ဆိုင်းဘုတ်ကြီးနှင့်  အမှတ်တရ

 စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ ကမ္ဘာ့ရန်ကင်းကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တပညာဓမ္မ၏ သက်တော်(၇၅)နှစ်ပြည့် စိန်ရတုမွေးနေ့ ဂုဏပူဇာပွဲတော်ကြီးကို
၁၃၇၄ ခုနှစ် ကဆုန်လဆန်း(ဂ)ရက်နေ့၌ ဆင်ယင်ကျင်းပခဲ့ရာ ပွဲတော်အကြိုညတရားပွဲများအဖြစ်
ဆရာတော်ဘုရားကြီး၏ တပည့်များဖြစ်ကြသည့် ပိဋကတ်နှစ်ပုံဆောင် ဘဒ္ဒန္တသီတလနှင့်ပိဋကတ်
နှစ်ပုံခွဲဆောင်ဘဒ္ဒန္တပညာဝံသာလင်္ကာရတို့ကဟောကြားတော်မူကြပီးစိန်ရတု မွေးနေ့အောင်ပွဲ
တရားတော်ကိုတော့ ပိဋကတ်နှစ်ပုံခွဲဆောင်ဘဒ္ဒန္တ၀ါသေဌာလင်္ကာရမှ ဟောကြားတော်မူခဲ့ပါသည်။
ဆရာတော်ဘုရားကြီး၏မွေးနေ့ပွဲသို့ ကြွရောက်လာကြသည့် ရပ်ဝေးရပ်နီးအသီးသီးမှ ဒကာ၊မ
အပေါင်းတို့အား ထမင်းအာဟာရများကျွေးမွေးခြင်း၊စိန်ရတုမဂ္ဂဇင်းစာအုပ်များဝေငှခြင်း၊
ဆရာတော်ဘုရားကြီး၏ပုံတော်များဝေငှခြင်း၊ပင့်သံဃာတော်အရှင်သူမြတ်(၇၅)ပါးတို့အား 
လက်ဆွဲအိပ်၊ထီး၊ဖိနပ်၊သင်္ကန်း၊မျက်နှာသုပ်ပ၀ါ(ပစ္စည်းတန်ဖိုး ကျပ်လေးသောင်းခန့်)နှင့်န၀ကမ္မ
အလှူတော်ငွေ(၁၀၀၀၀)တစ်သောင်းကျပ်စီလှူဒါန်းခဲ့ပီးအထူးခြားဆုံးကတော့ ကျေးဇူးတော်ရှင်
ဆရာတော်ဘုရားကြီး၏ တပည့်သား သံဃာတော်များက စိန်ရတုဂုဏပူဇာအထိမ်းအမှတ်ဖြစ်
သံဃာတော်များ သွားရေးလာရေး အဆင်ပြေဘို့အရေး ရည်မျှော်တွေးလျှက်
ကျောင်းတိုက်သုံး ပါဂျဲရိုးကားတစ်စီးကိုလည်း စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။
ဤစိန်ရတုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ဆရာတော်ဘုရားကြီး
ရပ်ရွာ ဘာသာ သာသနာအကျိုးများကို ကျမ္မာ ချမ်းသာစွာဖြင့် ဆောင်ရွက်နိုင်ပါစေကြာင်းလည်း
ဆုမွန်ကောင်းတောင်းလိုက်ရပါသည်ခင်ဗျား။

သတင်းတင်ဆက်သူ-ဆန်းသစ်အောင်

16/04/2012

သင်္ကြန်အလွမ်းများ


တန်ခူးခါလင့်

ပိတောက်ပွင့်ပြီ

တူးပိုတူးပို

သံသာချိုတို့

ကြားချင်သည်ပ သည်ကာလ ...

မိဘကို လွမ်းလို့ငို

ချစ်သူကို တရင်းဆွေး

သင်္ကြန်တေးတွေဆို

သင်္ကြန်ကဗျာတွေရေးရင်း

စီးကျလာတဲ့မျက်ရည်တွေ

အတာရည်အသွင်ပြောင်း ..

လောင်းလိုက်ကြစို့... ။


(၀န်ခံခြင်း)ဖေ့ဘုတ်စာမျက်နှာတစ်ခုမှာ ရေးထားတဲ့
ကဗျာကို ပြန်လည်ဖော်ပြပါသည်..ဤကဗျာရေးစပ်သူ
မူရင်းနာမည်ကို သေချာမသိတဲ့အတွက် မဖော်ပြနိုင်ခြင်း
အတွက်လည်း တောင်းပန်အပ်ပါသည်။

15/04/2012

2012- ရန်ကုန်မဟာသင်္ကြန် လျှပ်တပြက် ပုံရိပ်များ

အသိပေးချက်။ ။ ကြည့်ရှုခံစားလိုပါက အထက်ပါပုံပေါ်မှာ ကလစ်ပါ....
အားပေးမှုအတွက် ကျေးဇူးတင်ပါသည်....

ဧပရယ်ဝိညာဉ်




ဧပရယ်ကို ရောက်တိုင်း

ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး

ဟိုဟိုဒီဒီက ပျံ့လာတဲ့ သင်္ကြန်သံစဉ်တွေနဲ့

ဧပရယ်မှာမှ ဖူးပွင့်တတ်တဲ့ ပိတောက်ရနံ့တွေက

တိတဆိတ်ငါ့ကို ၀ါးမျိုပစ်တတ်တယ်။

တစ်ခါတစ်ရံ ငါ့ကိုယ်နဲ့ ငါ့စိတ်မဟုတ်ဘဲ

ငါ့ကိုယ်နဲ့ သင်္ကြန်စိတ် ဖြစ်နေတတ်ပြီး

ငါကိုယ်တိုင်ကတော့ အဲဒီထဲမှာ စီးမျောပစ်လိုက်တယ်။

ဧပရယ်ကတော့ ရေမှုန်ရေမွှားတွေနဲ့ ကြွရွလို့

နေရာတကာကလည်း သင်္ငြ်္ကန်သံစဉ်တွေနဲ့ မြူးကြွလို့

သင်္ကြန်မယ်တွေကလည်း ရေစိုစိုနဲ့ လှပလို့။

အပြတ်ခြယ်ထားတဲ့ အငှားကားပေါ်မှာ

ငါ့ဝိညာဉ်ဟာ ခုန်ပေါက်လို့

အဟောင်းတွေ အားလုံး အဲဒီထဲမှာပဲ

မျှောချပစ်လိုက်တယ်။

အင်းလျှားက အဆိုတော်တွေကို

အချိန်ကုန်ခံ စောင့်ကြည့်နေမယ့်အစား

သူငယ်ချင်းတွေ ကြားမှာ

ငါ့ဝိညာဉ်ဟာ သူ့ကိုယ်သူ အဆိုကျော်အဖြစ်

ဖန်ဆင်းပစ်လိုက်တယ်။

သူရော ကိုယ်ရော သင်္ကြန်စကားတွေနဲ့

ငါ့ဝိညာဉ်ဟာ ရှေ့ကားနောက်ကား

အပြတ်စတတ်တယ်။

ဧပရယ်ရောက်တိုင်း ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး

ဝိညာဉ်တစ်နှစ် ပိုကြီးလာတာကိုရော

အရပ်တစ်လက်မ ပိုရှည်လာတာကိုရော

ငါ တကယ်မသိဘူး--

ငါ သိတာက....

ဧပရယ်ရောက်တိုင်း ငါ့စိတ်တွေ ဂဏာမငြိမ်ဘူး။ ။


(အသိပေးခြင်း) ချစ်သူပေါင်း၁၅၀၀ ရင်ခုန်သံဒေတာများကဗျာစာအုပ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
ု့

05/04/2012

ကျနော်တို့ရွာမှာ ကခဲ့တဲ့ ပျော်ရွှင်စရာ နှစ်သစ်ကူး အတာသင်္ကြန်ကပွဲ(ရုပ်/သံဖိုင်)




လွန်ခဲ့တဲ့(၆)နှစ်ခန့်လောက်က အမှတ်တရ ရိုက်ကူးထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး

မုံရွာခရိုင် ယင်းမာပင်မြို့နယ် သဲကုန်းကျေးရွာမှ လူငယ်မောင်မယ်လေးများ

ကပြဖျော်ဖြေထားတဲ့ပျော်ရွှင်စရာသင်္ကြန်ကပွဲ ဗီဒီယိုဖိုင်လေးကို မိမိဆီမှာ

အလွယ်တကူတွေ့တာနဲ့ မျိုးဆက်သစ်ချစ်ပရိသတ်ကြီးအတွက် နှစ်သစ်ကူး

အကြိုကာလ အထိမ်းမှတ်အနေနဲ့ တင်ပေးလိုက်ရပါတယ်..

အထူးတောင်းပန်လိုသည်မှာ မှတ်တမ်းတင်ဗီဒီယိုဖိုင်များဟာ အပျော်တမ်းရိုက်ကင်မရာဖြင့်

ရိုက်ကူးထားသည်ကတကြောင်း uploadတင်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက်

မိုဘိုင်းအမ်ပီဖိုးဖိုင်အဖြစ်ချုံ့ပီးပြောင်းထားသည်က တကြောင်းမို့ ကြည့်ရှုရာတွင် အဆင်မပြေမှုများ

တွေ့ရှိပါက နားလည်ခွင့်လွှတ်ပေးကြပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။

လေးစားခင်မင်စွာဖြင့်--

ဆန်းသစ်အောင်

03/04/2012

2012 -ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ ထပ်မံကြားသိရသော မွေးရပ်မြေမှ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီမြို့နယ် ဒုန်းတောရွာမှ

အရွယ်မရောက်သေးသည့် မိန်းခလေးငယ်တစ်ဦးကို မြန်မာယမ်စီ

ကြေးနီထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦးက ခိုးယူပေါင်းသင်းမှုဖြစ်ပွား

ဒီနေရာ မှာသွားရောက် ဖတ်ရှုနိုင်ပါတယ်

ပိတောက် မေမေ(Mother of PaDauk)

ဧပရယ်(၁)ရက်......

နွေ၏နံနက်မှာ

ပိတောက်တစ်ခက်နှင့်အတူ

မေမေရဲ့ ဒီမိုကရေစီ အောင်ဂေဇက်အတွက်

သားတို့တွေ ရင်ခုန်စွာ စောင့်မျှော်နေခဲ့ကြတယ် မေမေ..

နှစ်နှစ်ဆယ်လုံးလုံး ကျက်ထားတဲ့စာတွေ

မေမေ ဖြေဆိုနိုင်လိမ့်မယ်ဆိုတာ

သားတို့အားလုံး သိပြီးသားပါမေမေရယ်...

ဒါပေမယ့်...

ပီးခဲ့တဲ့ စာမေးပွဲတွေမှာ

မေမေ လုံးဝဖြေဆိုနိုင်ပါလျှက်နဲ့

သူတို့တွေ ဖြုတ်ချခဲ့ဘူးတာမို့

ခဲမှန်ဘူးတဲ့ စာသူငယ်တစ်ကောင်လို

မေမေအတွက် သာတို့တွေ စိုးရိမ်နေခဲ့မိတာ အမှန်ပဲ..

အခုစာမေးပွဲမှာတော့ ....

မေမေ လုံးဝ အမှတ်ပြည့်ပြည့် သိက္ခာရှိရှိနဲ့

အောင်မြင်သွားခဲ့ပီမို့

သားတို့တွေအားလုံး ၀မ်းသာပီး ကခုန်လိုက်ကြတာ

ကားတွေ တ၀ီဝီနဲ့ လှည့်လည်အောင်ပွဲခံလိုက်ကြတာ

လာမည့်သင်္ကြန်မှာ ပျော်ဘို့တောင် ကျန်သေးရဲ့လားလို့

မေးယူရမလောက် ဖြစ်ခဲ့မိတယ် မေမေရယ်..

အဖေ မရှိတော့တဲ့နောက်...

သားတို့တွေဟာ

မေမေကိုပဲ အားကိုးခဲ့ရတာမဟုတ်လား

ဒီနေ့တော့ သားတို့တွေ အားကိုးရကျိုးနပ်ခဲ့ပါပြီ မေမေ..

ပိတောက်ပန်းတွေဟာ....

တစ်နှစ်မှာ တစ်ကြိမ် တစ်ခါလောက်သာ ပွင့်တတ်ကြသလို

သားတို့တွေ တသက်မှာလည်း မေမေလို လူမျိုးဟာ

တစ်ခေတ်မှာ တစ်ယောက်ဆိုသလို

ခက်ခဲစွာေ ပ်ါလာခဲ့တာမို့

မေမေကို ဂုဏ်ပြု ခေါ်ဝေါ်လိုက်ချင်တာက

အနှိုင်းမဲ့ မေမေ .....

ဂန္တ၀င် မေမေ..........

ကောင်းကင်မေမေ.........

ဒီမိုကရေစီ မေမေ..........

(သို့မဟုတ်)

ပိတောက် မေမေ............

ဧပရယ်(၁)ရက်နေ့ မေမေရဲ့ အောင်မြင်မှုကို ဂုဏ်ပြုလျှက်

ဆန်းသစ်အောင်




02/04/2012

2012 ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ မွေးရပ်မြေမှ လတ်တလောသတင်း(လင့်)များစုစည်းမှု


စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ညောင်တုန်းရွာတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ
လူငယ်တစ်ဦးအသတ်ခံရ CLICK HERE


စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ၀င်းကုန်းရွာတွင် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီLinkရွာလုံးကျွတ်နီးပါး မီးလောင်မှုဖြစ်ပွား CLICK HEREl


စစ်ကိုင်းမြို့နယ်အတွင်း မဲပေးရေး သဘောထားကွဲလွဲမှုကြောင့် (၁၄)စုံတွဲ လင်မယား
အဖြစ်မှ ကွာရှင်းပြတ်စဲ CLICK HERE

01/04/2012

နွေဦးအော်သံ



ဘ၀ဆိုတာ

ဘာမှ မကြာဘူး

ငါတို့တွေဟာ

တခဏလာတဲ့ ဧည့်သည်တွေမို့

ဘူဘူချင်း တစ်လုပ်ရင်

စာရင်းရှုပ်တာပဲ အဖတ်တင်မယ်လေ..

မြွေဆိုးတွေ အဆိပ်ဘယ်လောက်ပြင်းပြင်း

သူတို့ကို မထိသရွေ့တော့

သူတို့ဟာအေးဆေးပဲ ခွေနေတတ်ကြသူတွေပါ

ကိုယ့်လမ်းကိုယ်သွား

ကိုယ်ပိုင်သံစဉ်တွေနဲ့

ဟစ်ကြွေးရမဲ့ အချိန်ရောက်ပါပြီ..

အရည်အသွေးမှန်တဲ့ ကလောင်လက်ဆိုရင်

ဒါမျိုးကဗျာတွေ ရေးခြစ်ဘို့ မသင့်ပါဘူး

ဘာမဟုတ်တဲ့ကဗျာတစ်ပုဒ်နဲ့တော့

ငါတော့ စိတ်မညစ်တတ်ဘူး..

တကယ်နာမည်ကြီးဘို့အတွက်ဆိုရင်

မနက်ဖန်မှာ မင်းလူရာဝင်ဘို့

စာသင်ရဦးမယ်လေ..

ဘာကြောင့်လဲတော့ ငါမသိဘူး

ဒီနွေဦးကာလ

မင်းရဲ့အော်သံတွေက

ထနောင်းပင်ထက်က ချိုးကူသံထက်

ပြင်းထန်နေသလားလို့

မပြောချင်တော့ပါဘူး

မင်းက မင်း .....ငါက ငါ ပဲလေ.....



19/03/2012

ပေးဆပ်မှုများနဲ့ ငါ......ငါနဲ့ ပေးဆပ်မှုများ






တောတွင်းသားမျိုးစုံတွေ စားပြီး

စိတ်ကြီးဝင်နေတဲ့ တောရိုင်းကောင်တွေအတွက်

ဘာမှမထူးတော့တဲ့ ငါ့အသားတွေကို စားဘို့ လည်း လှိုက်လှဲစွာ ဖိတ်ခေါ်နေသူပါ

ငါ့အသားတွေကို ကိုက်စားရမှ ဒင်းတို့တွေ ဗိုက်ပြည့်ကြမယ်ဆိုလျှင်

သင်တို့ရှိရာ နေရာရောက်အောင် ငါလာရောက် ၀ပ်စင်းပေးပါအံ့

ဒါပေမဲ့...

ငါ့အသားတွေကို မကိုက်စားခင်မှာ တစ်ခုလောက်တော့ မေးကြည့်ချင်သေးရဲ့

ဘာရည်ရွယ်ချက်နဲ့ ငါ့အသားတွေကို ဒင်းတို့တတွေ စားကြမှာလဲ?

ဒင်းတို့တွေလို ငါက အားကောင်းမောင်းသန်မဟုတ်လို့လား

ဒါမှမဟုတ်....

ငါက ဒင်းတို့တွေအပေါ်မှာ တစ်စုံတစ်ရာစော်ကားမိခဲ့လို့လား

ဒါမှမဟုတ်...

ဒင်းတို့တွေရဲ့ တောတွင်းကျော်ကြားမှူ ဂုဏ်သတင်းပါဝါကို မထိန်းနိုင်လို့လား

အဲဒီလို အတွေးစိတ်ကူးတွေနဲ့ ငါ့အသားကို ကိုက်စားချင်တယ်ဆိုရင်တော့

ဒင်းတို့တွေဟာ အနှစ်မရှိတဲ့ ကြက်ဆူတောထဲမှာ မင်းမူကြတဲ့သူတွေဆိုတာ သေချာပီပေါ့

သေချာတာတစ်ခု ငါပြောကြည့်ရရင်

ဒင်းတို့တွေကြောင့် .......

တောမီးတွေလောင်ပီး တောကြောင်တွေ လက်ခမောင်းခပ်ကြတော့မယ်..

ဘယ်သူမဆို မိမိရှင်သန်ပေါက်ဖွားရာ နေရာလေးတွေမှာ

စိတ်ကူးကိုယ်စီနဲ့ ဘ၀အတွက် ပျော်ရွှင်စွာ ချီတက်နေကြတယ်မဟုတ်လား..

တောသစ်ဥ တောသစ်ဖုတွေ စားသူကစား

တောဂေါ်လီ တောဂိုက်ဖမ်းသူက ဖမ်း

ဟော့ပေါ့တွေ ဘူဖေးတွေ သွားစားသူက စား

ဂျော်ဒန်းနိုးတွေ စတက်တွေ ၀တ်ပီး မြို့ဂိုက်ဖမ်းသူက ဖမ်းနဲ့

ကိုယ်ကြိုက်ရာ ကိုယ်လမ်း လျှောက်လှမ်းနေကြတာပေါ့

တောရိုင်းကောင်တို့ရေ.....

ငါဟာ ဒင်းတို့အတွက် ရှင်သန်လာသူမဟုတ်ပေမယ်.

ငါ့အသားကို စားရမှ ဒင်းတို့တွေ အသက်ရှင်သန်ကြမယ်ဆိုရင်

မရှိမဲ့ ရှိမဲ့ ငါ့ဂုဏ်သိက္ခာတွေကို ခွါချပီး

ဒင်းတို့တွေရဲ့ ခြေတော်ရင်း ငါဝပ်စင်းပေးပါ့မယ်...

ဆန်းသစ်အောင်


15/03/2012

အမေ့ဘ၀ အမေ့အကြောင်း(နိဂုံးပိုင်း)


သားတို့အပေါ် ဂရုမစိုက်မိခဲ့တာတွေကို နောင်ဘ၀ဆိုတာတွေမှာ ပြန်ဆုံတွေ့ခဲ့ရင်

အတိုးချပြီး ပြန်ပေးဆပ်ပါမယ် သားတို့ရယ်

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်

ရက်စက်လိုက်ကြတာကွယ်

ရက်စက်လိုက်ကြတာ

မြင်ရကြားရတာ ယုံနိုင်စရာတောင်မရှိဘူး

သတ်ဟေ့ သတ်ဟ

ချဟေ့ ချဟ

ဆိုတဲ့ စစ်ဘီလူးရဲ့ ကြိုးဆွဲရုပ်တွေအောက်မှာ

တိုင်းပြည်ရဲ့ အညွှန့်အဖူးလေးတွေ လွင့်ကြွေခဲ့ရရှာပြီ

အဲဒီ့ညက ကောင်းကင်ပြာကြီးမှာတောင် သွေးရောင်တွေလွှမ်းနေခဲ့တယ်.

ရင်ထဲမှာ ဆို့နစ်လိုက်တာ ချစ်သားချစ်သမီးတို့ရယ်..

သားတို့သမီးတို့ ကောင်းရာသုဂတိလားနိုင်ကြပါစေ

ဒီလိုအဖြစ်ဆိုးမျိုးကို ဘယ်ဘ၀မှာမှ ထပ်မံ မကြုံတွေ့နိုင်ကြပါစေနဲ့တော့လို့

မေမေစု ဆုတောင်းပေးပါတယ်ကွယ်

ဒီပဲယင်းရဲ့ အကျည်းတန်ညတစ်ခုပေါ့

အချိန်တွေလည်း အတော်ကြာခဲ့ပြီလေ.

ပြည်သူလူထုပေါင်းများစွာလည်း အသက်ခန္ဓာစွန့်လွှတ်ခဲ့ရရှာပြီ

ငါ့ကို ပြန်လွှတ်ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့ စောင့်မျှော်နေသူတွေလည်း

နွမ်းလျလှပါပြီ

မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး တရားစီရင်ချင်သူတွေရဲ့ အတ္တများအောက်မှာ

အမှန်တရားက ကမ္ဘာကိုပတ်ဖို့ သူ့ဖိနပ်လေး လိုက်ရှာနေတုန်းပဲ

နွေမိုးဆောင်းပေါင်းများစွာလည်း ငါ့ခြံဝင်းထဲမှာ ကျရောက်ခဲ့ပြီ

ငါ့ပါးပြင်ပေါ်မှာလည်း အရေးအကြောင်းတစ်ချို့ နေရာယူခဲ့ပြီ

ငါ့အသက်လည်း ၆၂ နှစ်ထဲရောက်ခဲ့ပြီ

ငါ့သားတွေလည်း အိမ်ထောင်ရက်သားကျသူကျနဲ့ အခြေကျကုန်ပြီ

ငါ့မှာတော့

ငါချစ်တဲ့ မြန်မာပြည်သူတွေကတော့

ငါမြတ်နိုးတဲ့ မြန်မာပြည်ကတော့

သံတိုင်တွေနောက်မှာ ငိုရှိုက်နေဆဲပဲ လေ….

ကုတင်တိုင်ကို လက်နဲ့ကိုင်ပြီး အားယူလို့ ငါထလိုက်တယ်

အပြင်မှာ နေခြည်တွေဖြာနေပြီနော်

ရေဒီယိုထဲက ဆုတောင်းသံတွေ တစ်သဲသဲနဲ့ ၀င်လာမစဲဖြစ်နေတယ်.

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ.. ချမ်းသာပါစေ..

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ.. ချမ်းသာပါစေ..

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ.. ချမ်းသာပါစေ.. တဲ့..

ကျလုဆဲဆဲ မျက်ရည်တစ်ချို့ကို သိမ်းဆည်းလိုက်ပြီး

အခန်းပြတင်းကိုဖွင့်လိုက်တယ်.

ငါ့ကိုစောင့်ကြည့်နေရတဲ့ ရဲဘော်လေးတစ်ယောက်က ငါ့ကို အလန့်တကြားမော့ကြည့်တယ်.

မကြောက်ပါနဲ့သားရယ်

ငါ့ရဲ့ အေးမြတဲ့ အပြုံးအောက်မှာ ခက်ထန်တဲ့ သေနတ်ပြောင်းဝလေး တိုးလျှိုးလို့

ငါ့ကို ဦးညွှတ်တယ်.

သားစာဆက်ကျက်ပါကွယ်.. စိတ်ကိုအေးအေးသာထားပါ.

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်တော့မှ ထွက်ပြေးမယ့် မိန်းမစားမဟုတ်ပါဘူး

တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ အရိုးကြေကြေ၊ အရေခမ်းခမ်း အများအကျိုးအတွက်

အသက်နဲ့ ဘ၀ကိုပါ ပေးလှူထားတဲ့ အာဇာနည်မိန်းမပါ.

ဒီသစ္စာစကားမှန်ရင်

ငါချစ်တဲ့

မြန်မာနိုင်ငံတော်ကြီး အမှောင်ကိုဖျောက်လို့ အလင်းနေ့သစ်များကို

ကြိုဆိုနိုင်ပါစေသား

ငါရှင်သန်နေဦးမှာပါ.

မသေမချင်းပေါ့

နေရောင်ခြည်ရဲ့ နှုတ်ဆက်မှုကို အသာတကြည်ခံယူပြီး

ဘုရားစင်ဖက်ကို လှမ်းလျှောက်ခဲ့တယ်.

အရှင်ဘုရားရဲ့ မေတ္တာကရုဏာတော်အောက်မှာ

ဘုရားတပည့်တော်မ ငြိမ်းချမ်းရပါစေသား

မြန်မာပြည်သူများ ငြိမ်းချမ်းကြပါစေသား

ငိုရှိုက်သံများ ကွယ်ပျောက်ပါစေသား

မတရားမှုများ ဖယ်ခွာနိုင်ပါစေသား

ကွယ်လွန်သူ ဖေဖေဦးအောင်ဆန်းနှင့် မေမေဒေါ်ခင်ကြည်..

ကျဆုံးလေပြီးသော အာဇာနည်အမျိုးကောင်းသား ရဟန်းရှင်လူများ

အမျှအမျှအမျှ…..

သာဓု..သာဓု..သာဓု……


(၀န်ခံချက်) အမေစုဘ၀အကြောင်းကဗျာဖိုင်အား သူငယ်ချင်းတစ်ယောက်ထံမှ

ရရှိထားတာ ကြာပြီဖြစ်သော်လည်း မိုးလေ၀သအခြေနေအရ မိမိဘလော့မှာ

မတင်ဖြစ်ခဲ့ပဲ အခုလို မိုးလေကင်းလွတ်တဲ့အချိန်ကျမှ တင်ခဲ့ရခြင်းဖြစ်ပါကြောင်း

နှင့် ဤကဗျာများဟာလည်း မိမိကိုယ်ပိုင်ကဗျာများ မဟုတ်ပါကြောင်း

စာဖတ်သူများအား လေးစားစွာ အသိပေးအပ်ပါသည်။

အားလုံးကို ခင်မင်လေးစားလျှက်......

ဆန်းသစ်အောင်