06/07/2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီး၏ စွမ်းဆောင်မှု ပုံရိပ်များ(အပိုင်း-၁-)




ဤနွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးကို
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ၊ကမ္ဘာ့ရန်ကင်း
ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သင်ကြား လာခဲ့သည်မှာ ယခုအကြိမ်ပါ
ဆိုလျှင် (၆)ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။
မိမိရပ်ရွာ ဘာသာရေး၊ သာသနာရေးစိတ်ဓာတ် ပြင်းထန်ကြသည့်
မွေးရပ်မြေမှ သံဃာတော်အရှင်သူမြတ်လေးများ၏ မဆုပ်နစ်သော ဇွဲ၊လုံ့လ၀ီရိ ကြောင့်
သာလျှင် ယခုလို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရ
ပေမည်။
ယခုနှစ် (ဆဌမအကြိမ်)မြောက် ဖွင့်လှစ်သင်ကြားသည့် သင်တန်းကြီး
အနေဖြင့် ယခင်နှစ်များနှင့်မတူ တမူထူးခြားလာသည်ဟု ဆိုချင်ပါသည်၊အဘယ့်ကြောင့်
ဟူမူ စာရေးသူ စိတ်ထဲတွင် ဘယ်တုန်းကမှ မျှော်လင့်မထားသော မျှော်လင့်မထားရဲသော
မိမိရပ်ရွာမှ စေတနာရှင်များက ဤသင်တန်းကြီး ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ရေး
အတွက် သင်တန်းရံပုံငွေများ အားတက်သရော ထည့်ဝင်လှူဒါန်းလာကြခြင်းဖြစ်ပါသည်။
ယခင် ဖွင့်လှစ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက် အချိန်ကာလအထိ အခုလို
ရပ်ရွာမှ အားတက်သရော ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင် များများစားစား မရှိခဲ့သော်လည်း
ဤအကြိမ် ဤနှစ်မှာတော့ မွေးရပ်မြေမှ အလှူရှင်ဦးရေ စုစုပေါင်း (၄၀)ကျော်ထိ ပါဝင်လှူဒါန်း
လာကြသည့်အတွက် အားလုံးကိုယ်စား အထူးပင် ကျေနပ်အားရ ပီတိဗလပွ ဖြစ်မိပါသည်။
"" ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ"" ဆိုသည့်အတိုင်း ယဉ်ကျေးလိမ္မာ ဗုဒ္ဓ
ဘာသာတရား စာပေများက ပြန်လည်စောင့်ရှောက်သည်ဟု ယူဆမိပါသည်၊ တစ်ချိန်က ဤ
သင်တန်းကြီး ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မှ အလှူရှင် ဒကာ ဒကာများနှင့် ပြည်ပရောက်
မွေးရပ်မြေမှ စေတနာရှင် လူငယ်လေးများကို အားကိုးခဲ့ရပါသည်။
ယခုတော့ ""ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက်
ဖြောင့်ဖြောင့်လိုက်၏""ဆိုတဲ့အတိုင်း ပြည်ပရောက် အမျိုးဘာသာ သာသနာချစ်စိတ် ရှိသူများရဲ့
ရှေ့ဆောင်လမ်းပြကောင်းမှု သင်တန်းပြဆရာတော် အရှင်သူမြတ်လေးများရဲ့ မှန်ကန်သော
လုပ်ဆောင်ချက်များကြောင့် ရပ်ရွာသူ ရပ်ရွ့ာသားများလည်း သဒ္ဓါဓာတ်များ ကူးစက်ခါ
သင်တန်းရံပုံငွေ အလှူငွေများ ထည့်ဝင်လှူဒါန်းလာကြသည်မှာ ရပ်ရွာအတွက်သာ
သာမက သာသနာ ဘာသာအတွက်ပါ အကျိုးကြီးမားမည်မှာ မလွဲပါကြောင်းနှင့်
သင်တန်းကြီးရဲ့ စွမ်းဆာင်ချက် ပုံရိပ်များကို အပိုင်း(၁)အနေဖြင့် တင်ပြပေးသွားပါသည်။

တကယ်တော့ ဤသင်တန်းပြီးဆုံးခဲ့သည်မှာ တစ်လကျော်ခန့်ပင်ရှိချေပြီ၊
သို့သော်ငြားလည်း အချိန်မှီ မှတ်တမ်း ဓာတ်ပုံများ ရောက်မလာနိုင်ခဲ့သဖြင့် နောက်ကျပြီးမှ
တင်ပေးနိုင်ခြင်း ဖြစ်ပါသည်၊သို့အတွက်ကြောင့် နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း
ကြီး၏ လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံများကို အခုလို မိုးရာသီရောက်မှ တင်ပေးနိုင်ခြင်းကို
နားလည်ခွင့်လွှတ်ပေးကြပါလို့ ပြောကြားရင်း အောက်ဖော်ပြပါ စွမ်းဆောင်ချက် ပုံရိပ်လေးများကို
ကြည့်ကာ ကြည်ညိုသဒ္ဓါစိတ်များ ပွားတိုးနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။



နွေရာသီ သင်တန်းကြော်ငြာ ပိုစတာဆိုင်းဘုတ်အား တွေရစဉ်
အာရုံတစ်ပါး စိတ်မသွားပဲ ကြိုးစားဖြေဆိုနေသည့် သမီးငယ်လေး
သင်တန်းသူ/သားလေးများ စာမေးပွဲဖြေဆိုနေကြစဉ်
သင်တန်းနည်းပြဆရာတော်များနှင့် အကျိုးတော်ဆောင် ဆရာတော်များ
သင်တန်းနည်းပြနှင့် သင်တန်းရံပုံငွေ ရှာဖွေရေးဆရာတော် ဦးဓမ္မ၀ရ

ဆုနှင်းသဘင် အခမ်းနာသို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူလေးများ
ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ
ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ


သင်တန်းအောင်လက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်နေစဉ်(နှစ်စဉ်ထာဝရ ပထမဆုရ)
ယဉ်ကျေးမှုသင်တန်း အကြီးအဖွဲ့မှ ဆုရရှိကြသည့် သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အလတ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အငယ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်၊သမီးငယ်လေးများ



သဘာဝရဲ့ ရင်သွေးငယ်တွေ..





သင်တန်း ဆုနှင်းသဘင်အခမ်းနားအပြီး သင်တန်းပြ ဆရာတော်များနှင့်အတူ အမှတ်တရ

တရားအာရုံ စိတ်ဝယ်ထုံလျှက် လူကြီးများနည်းတူ နာယူနေကြသည့် သားငယ် သမီးငယ်လးများ
တရားဟော ဓမ္မပလ္လင်နှင့် လှပဝေဆာစွာ ပြင်ဆင်ထားသည့် တရားဟောစင်မြင့် ကလေးမြို့၊ချင်းဆိုင်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တ သုမင်္ဂလမှ ပထမညအဖြစ်ဟာကြားစဉ်
ဓမ္မကထိက ဆရာတော် ဦးပညာဇောတ(ရွှေနံ့သာစံပြ)မှ ဒုတိယညအဖြစ် ဟောကြားစဉ်
ဆရာတော် ဦးကေသရ(မေတ္တာK)မှ တတိယညအဖြစ် ဟောကြားစဉ်


တရားနာယူနေကြသည့် သင်တန်းသူလေးများနှင့် ရွှေနံ့သာဓမ္မစင်္ကြာဝတ်အသင်းသူများ



(အသိပေးမှာကြားချက်) ဤယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ သင်တန်း ရံပုံငွေအတွက်
ထည့်ဝင်လှူဒါန်းထားကြ
သည့် အလှူရှင်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း
ပြည်ပရောက်ရွာသူရွာသားများ
ဝမ်းမြောက်နုမော်သာဓုခေါ်နိုင်ရေးအတွက် အပိုင်း(၂)တွင်ဆက်လက်ပြီး ဝေေ၀ဆာဆာ
ဖော်ပြ
ပေးသွားပါမည်။

18/06/2011

မွေးနေ့အိပ်မက်


ဒီနေ့ နံနက်ခင်းဟာ
ငါ့အတွက်တော့
ကောင်းကောင်းမိုးမလင်းနိုင်ခဲ့ဘူး...
မျှော်လင့်မထားတော့တဲ့ သံစဉ်တေးတစ်ပုဒ်
မျက်စိလည် လမ်းမှားပြီး
ငါ့ အိပ်မက်ထဲ ၀င်ရောက်လာခဲ့လို့လေ..
တစ်ချိန်တုန်းက
အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါဟာ
အခုတော့
အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါမဟုတ်တော့ဘူး
တကယ်တော့ အိပ်မက်ဟာ
တစ်ခါတစ်ရံ ကြည်နူးမှုကို ပေးတတ်သလို
တစ်ခါတစ်ရံ ပူလောင်မှုကို ပေးတတ်တယ်တာမို့
အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး
မှော်မင်းသမီးတစ်ပါးလို လှည့်စားတတ်ပြီး
မိစ္ဆာတစ်ကောင်လို ယုတ်မာတတ်တာမို့
အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး
ငါ့ မွေးနေ့အိပ်မက် ဂယောက်ဂယက်မို့
ဂျောက်ဂျက်သိရင် သီချင်းလုပ်ဆိုမှာ အသေအချာဘဲ..
တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါဘဲ..
စိတ်ပျက်စရာမလိုပါဘူး..
ရှေ့ဆက်စရာတွေ ရှိနေသေးရင်
အိပ်မက်ကို အိပ်ယာထဲမှာ ထားခဲ့ဘို့အတွက်
ငါ့ မွေးနေ့အိပ်မက်က
သက်သေပြလိုက်တာထင်ပါရဲ့လေ....






27/05/2011

၁၃၇၂-ခုနှစ်ကို ပြန်လည် စစ်ဆေးကြည့်ခြင်း


လူ့လောကမှာ မှီတင်းနေထိုင်နေကြတဲ့ လူသားတိုင်း

လူသားတိုင်း မိမိတို့မသေခင်ကာလလေးမှာ

ကုသိုလ်၊ဥစ္စာ၊ပညာဟူသော အရာသုံးမျိုးရှိသည့်အနက်

တစ်မျိုးမျိုးလောက်တော့ ရယူရှာမှီးနိုင်မှ

လူဖြစ်ရကျိုး အသက်ရှင်သန်ရကျိုး နပ်မည်ဟု ကျွန်တော်ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

ရခဲလှသည့် လူ့ဘ၀ကို ရရှိနေခြင်းသည်ပင်လျှင် ရှေးအတိတ်ကံ၏အထောက်အပံ့ကြောင့်ဆိုတာကို

အကျယ်တ၀န်းပြောပြစရာ လိုမည်မထင်ပါ၊"ရှေးက ကောင်းလို့ အခုကောင်းပါသည်အခုကောင်း

နောင်ကောင်းပါလိမ့်မည်"ဆိုတဲ့ တရားသဘောကို လက်ခံကျင့်သုံးနေကြသူများပီပီ

ကံကောင်းထောက်မသဖြင့်ရရှိလာတဲ့ တစ်ခဏတာ လူ့ဘ၀လေးကို အလဟဿ

ဖြုန်းတီးပစ်ရာမရောက်အောင်၊ မိမိဘ၀အတွက်လည်း သမိုင်းမှတ်တမ်းကောင်းကျန်ရအောင်

အထက်ပါ ကုသိုလ် ပညာ ဥစ္စာသုံးမျိုးထဲက တစ်ခုခုကိုတော့ ရရှိအောင် ရှာမှီးသင့်သည်ဟု

ထင်မြင်သည့်အလျှောက် ကုန်ဆုံးသွားခဲ့သည့် ၁၃၇၂-နှစ်ဟောင်းကာလ အတောအတွင်းနှင့်

၁၃၇၃-ခုနှစ် နှစ်သစ်ဦးကာလမှာမိမိဘ၀အတွက် အမှတ်တရဖြစ်စေမည့် ကုသိုလ်ကောင်းမှု

အစုစုတို့ကို မိမိစွမ်းအားရှိသလောက် ပြုလုပ်လှူဒါန်းခဲ့သည်များကို စာဂါနုဿတိ

ကုသိုလ်ဖြစ်ရေး မျှော်ရည်တွေး၍ အောက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

၁၃၇၂-ခုနှစ်၊နှစ်ဟောင်းကာလအတွင်း လှူဒါန်းခဲ့မှုစာရင်း

၁။မွေးရပ်မြေမှ လောကပြတင်း ရွှေနံ့သာစာကြည့်တိုက်အတွင်း အသုံးပြုနိုင်ရန်အတွက်
ကွန်ပျူတာ၊ပရင်တာပစ္စည်းများပေးအပ်လှူဒါန်းခဲ့ခြင်း၊

၂။မွေးရပ်မြေမှ မိဘဆွေမျိုးများအတွက် ထိုင်းနိုင်ငံမှ မြဘုရားဆင်းတုတော်
(၈)ဆူပင့်ဆောင်လာကာ ဘုရားအနေကဇာတင်ပွဲနှင့် တစ်ညတာအသံမစဲ မဟာပဌာန်းပွဲများ
ပြုလုပ်ကျင်းပပေးခဲ့ခြင်း၊

၃။မြန်မာပြည်မှ သူငယ်ချင်းများအား ထိုင်းသက်န်း၊ထိုင်းလွယ်အိတ်၊ထိုင်းအံသကိုဋ်နှင့်
ထိုင်းကိုယ်ပတ်သင်္ကန်းစများကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်း၊

၎။မြန်မာပြည်မှ ကျေးဇူးရှင်ဆရာသမားများအား ပိုက်ဆံခါးပတ်အိတ်များကို
စင်္ကာပူအမှတ်တရ လက်ဆောင်အဖြစ် လှူဒါန်းခဲ့ခြင်း၊

၅။သူနာပြုသင်တန်းတက်ရောက်နေသည့် ရန်ကုန်မြို့မှ မအေးမာငြိမ်းအား ပညာသင်စရိတ်အဖြစ်
ငွေကျပ်-၄သောင်းထောက်ပံ့လှူဒါန်းခဲ့ခြင်း၊

၆။ထိုင်းနိုင်ငံ၊ကင်ချနဘူရီမြို့နယ်၊နာနတ်သီးစက်ရုံမှ ဒုက္ခရောက်နေသူ ကိုထွန်းအတွက်
ဘတ်ငွေတစ်ထောင်ကျပ် ကူညီထောက်ပံ့ပေးခဲ့ခြင်း၊
၁၃၇၃-ခုနှစ်၊ နှစ်သစ်ဦးကာလ လှူဒါန်းခဲ့မှုစာရင်း
၁။မွေးရပ်မြေမှ ၆-ကြိမ်မြောက် နွေရာသီယဉ်ကျေးမှုသင်တန်းအောင်ပွဲအဖြစ် ကျင်းပသည့်
တရားပွဲ(၃)ညစာအတွက် ဓမ္မပူဇာအလှူတော်ငွေ(၃)သောင်းကျပ်ပေးလှူခဲ့ခြင်း၊

၂။၎င်းသင်တန်းကြီး ရေရှည်ကျင်းပနိုင်ရေးအတွက် သင်တန်းရံပုံငွေအဖြစ် (၂)သောင်းကျပ်
ထည့်ဝင်လှူဒါန်းခဲ့ခြင်း

အထက်ပါ လှူဒါန်းခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုတို့၏ အဘို့ဘာဂကို စာဖတ်ပရိသတ်များနှင့်တကွ
(၃၁)ဘုံအတွင်းရှိ ဝေနေယျ သတ္တ၀ါအပေါင်းတို့အား ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် ရေးသားတင်ပြလိုက်ရပါကြောင်းပြောကြားရင်း အောက်ဖော်ပြပါ ဂါထာတစ်ပုဒ်နဲ့ လှူဒါန်းခဲ့မှု
ကုသိုလ်စာရင်များကို နိဂုံးချုပ်လိုက်ရပါသတည်း။

သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရသာ၊

ပမာဒရဟိတာ ဟောန္တု၊ အာရက္ခန္တု ၀ိသေသတော။

06/05/2011

ပညာရှိစကား မှတ်သားနာယူ

*ငါတို့ကို မုန်းတဲ့ လူသားတွေကြားမှာ ငါတို့ကို မချစ်ချင်လျှင် နေပါစေ၊ ငါတို့ကို ယုံကြည် လာအောင် ကြိုးစားကြရမယ်။
*အရာရာတိုင်းဟာ အကောင်းဆုံးမဖြစ်လျှင်တောင်မှ အသင့်တော်ဆုံး ဖြစ်နေအောင် ကြိုးစားကြရမယ်။
*လူလူချင်း ဂုတ်သွေးစုတ် အမြတ်ထုတ်နေကြတဲ့ လူသားတွေကြားမှာ လယ်လယ်ဝယ်နဲ့ အလိမ်မခံကြရအောင် ကြိုးစားကြရမယ်။
*”စာပေဆိုတာ စိတ်ရဲ့အစာ”ဆိုတဲ့အတိုင်း စိတ်၏ပင်ပန်း ဆင်းရဲ ညစ်နွမ်းမှုများကို စာပေများ ဖတ်ရှု့လေ့လာခြင်းအားဖြင့် ဖြေဖျောက်ကြရမယ်။
*တစ်ခါတစ်ရံမှာ ကိုယ်ကိုယ်တိုင် အဟုတ်ကြီး ထင်နေတတ်တဲ့အရာဟာ မဟုတ်တာကြီး ဖြစ်နေတတ်တယ်ဆိုတာကို “ပညာရှိ သတိဖြစ်ခဲ” ဆိုသည့်အတိုင်း သတိကြီးကြီး ထားနိုင်အောင် ကြိုးစားကြရမယ်။
*”အမှိုက်ကစ ပြဿာဒ်မီးလောင်” ဆိုသလိုမျိုး တစ်ခါတစ်ရံ မဖြစ်စလောက် အရာလေးတွေက မဖြစ်သင့်တာတွေ ဖြစ်ကုန်တတ်တယ်။ဒါကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုးစားနိုင်ကြရမယ်။
*”သတိမမူ ဂူမမြင်”ဆိုသည့်အတိုင်း သတိမထားမိလျှင် အမှုမဲ့ အမှတ်မဲ့နဲ့ ဂူကိုတောင် မမမြင်နိုင်သလို ဘ၀ရဲ့တိုးတက်မှု လမ်းကြောင်းများကိုလည်း သတိထား တံခါးဖွင့်နိုင်အောင် ကြိုးစားကြရမယ်။
*သင်္ချာသဘောတရားကို သတိထားကြည့်ပါ၊ အပေါင်းနှင့်အနှုတ် အပေါင်းက အရများ၍ အနှုတ်က အရနည်းသည်၊ သို့အတွက်ကြောင့် ဘ၀မှာ အပေါင်းများများ ဖြစ်အောင် ကြိုးစားကြရမယ်၊ “တစ်ရွာတစ်အိမ်တည်” ဆိုသည့် မြန်မာမြန်မာစကားပုံအရ ရွာတစ်ရွာမှာ မိတ်ဆွေတစ်အိမ်ရှိလျှင် ဘယ်ရွာသွားသွား ပူစရာမလိုဘူးဆိုတဲ့ သဘောပါဘဲ။
*သုခတည်းဟူသော ချမ်းသာကို လိုချင်လျှင် ဒုက္ခတည်းဟူသော ဆင်းရဲမှု လောကဓံဆိုးကို ဖျက်ချိုးနိုင်အောင် ကြိုးစားကြရမယ်။
*လူ့ဘ၀ဆိုတာ တစ်ခါတစ်ရံ မကြံစည်တာလည်း ဖြစ်တတ်သလို ကြံစည်တာလည်း ပျက်တတ်တယ်တဲ့၊ ဒါပေမယ့် ဖြစ်ချင်း ပျက်ခြင်း အစိုးမရခြင်းဆိုတဲ့ အနိစ္စ၊ဒုက္ခ၊အနတ္တ စကားလုံး သုံးလုံးကို ဖြေဆေးအဖြစ် အမြဲနှလုံးသွင်းပြီး ကိုယ့်ဘ၀ကို အမြဲတိုးတက် ကောင်းမွန်နေအောင် ကြိုးစားကြရမယ်။
*နှစ်သစ်မှာ နှစ်ဟောင်းက စိတ်ဆင်းရဲမှုများကို ခေါင်းထဲက ထုတ်ပစ်၍ အတွေးသစ် အကြံသစ် ဥာဏ်သစ်များဖြင့် ကိုယ့်ဘ၀ကို အမြဲတမ်း သစ်လွင်နေအောင် တောက်ပနေအောင် ကြိုးစားကြရမယ်။
*” စွံချင်လျှင် စွန့်ပါ၊ စွန့်မှ စွံမယ်” ဆိုတဲ့ တိပိဋကဓရဆရာတော်ဘုရား မိန့်တော်မူသည့်အတိုင်း စွန့်လွှတ် စွန့်စား ကြိုးစားလိုသော စိတ်များကို မွေးမြူနိုင်အောင် ကြိုးစားကြရမယ်။
*” လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ “ ဆိုတာ မှန်၏၊ ဒါပေမယ့် မွေးပြီးမသေခင်စပ်ကြား ကာလအတွင်းမှာ သင်ဟာဘယ်လောက် အတိုင်းတာထိ မိမိအကျိုး သူတစ်ပါးအကျိုးကို ဆောင်ရွတ်နိုင်ခဲ့သလဲ ဆိုတာကို ဆန်းစစ်ဝေဖန် သုံးသပ်နိုင်အောင် ကြိုးစားကြရမယ်။
* အလုပ်မရှိ၊ ငုံးတိတိနှင့်၊
နုံးချိမဲ့ယောင်၊ အူကြောင်ကြောင်ကို
ခုလည်းမလို၊ နောင်လည်းပို၏ ဆိုတော်မူသော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် မိန့်တော်မူသည့်အတိုင်း ယခုလည်းမလို နောင်လည်းပိုနေမည့် လူပိုတစ်ယောက် မဖြစ်ရလေအောင် ကြိုးစားကြရမယ်။

လူ့ဘုံထုံးစံ
ကဲ့ရဲ့ဒဏ်ဖြင့်
ရန်မာန်ပိတ်သဲ
ခရီးခဲ၌
ရဲမာန်ရဲသွေး
ရဲစိတ်မွေးလျှက်
ရဲသွေးနီနီ
စီရရီဖြင့်
ဦးတည်မပျက်
ရှေ့သို့ဆက်လော။ ဆိုသည့်
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရား၏ အဆိုအမိန့်ကို မှတ်သား၍ ဘ၀ရဲ့ဒုက္ခ လောကဓံဆိုးများဟု ခေါ်သည့် လာဘ်မရခြင်း အခြံအရံအသင်းပင်းမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲဒုက္ခနဲ့ ကြုံရခြင်းများ၊ ထိုမှဆန့်ကျင်ဘက် ဖြစ်သော လောကဓံကောင်းများ၊ ထိုထိုဤဤ လောကဓံအလီလီကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်အောင်လည်း ကြိုးစားကြရမယ်။

မင်းမပါ ဘယ်ဟာမပြီး မင်းချည်းတော့လည်း မပြီး
သူမပါ ဘယ်ဟာမပြီး သူချည်းတော့လည်း မပြီး
ငါမပါ ဘယ်ဟာမပြီး ငါ့ချည်းတော့လည်း မပြီး
မင်းသူငါ ညီညာစုံမှ
အားလုံးစုံ အကုန်ပြီး
ပေါင်းကြစုစည်း။ ဆိုသည့် မြန်မာပြည်က ဆရာတော်များ မိန့်တော်မူသည့်အတိုင်း စည်းလုံးညီညွတ်မှုရှိအောင်လည်း ကြိုးစားကြရမယ်။
“တစ်ယောက်အားဖြင့် မလောက်ပါ၊ အများဝိုင်းကူညီပါ “ ဆိုသော မြန်မာစကားပုံ သဘောတရားပင်ဖြစ်လေသည်။

28/04/2011

ဆယ်ကျော်သက်အရွယ်မှာ စာဖတ်ပါ


အော့စဖို့ဒ် တက္ကသိုလ် လူမှုဗေဒဆိုင်ရာ လေ့လာမှု တစ်ခုအရ အသက် ၁၆ နှစ် အရွယ်တွင် စာဖတ် အလေ့အကျင့် ထူထောင်ခြင်းဖြင့် နောင်တွင် ဘ၀အတွက် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပရောဖက်ရှင်နယ်
အလုပ်တစ်ခု မြဲမြဲ ရရှိစေနိုင်ကြောင်း သုတေသနပြု တွေ့ရှိထားသည်။

မကြာခင်က လေ့လာချက်အရ ဆယ်ကျော်သက်အရွယ် အားကစား၊ လူမှုဆက်ဆံရေး၊ ကခုန်ခြင်း၊ ပြတိုက်သွားခြင်း၊ ချက်ပြုတ်ခြင်း၊ ဇာထိုး စက်ချုပ်၊ ကွန်ပြူတာဂိမ်းဆော့ခြင်း စသည်တို့မှာ ပရောဖက်ရှင်နယ် အလုပ်အတွက် အကျိုးပြုမှု သိပ်မရှိလှကြောင်း တွေ့ရှိရသည်။

သုတေသနပြုခဲ့သူ အော့စဖို့ဒ် တက္ကသိုလ်မှ လူမှုဗေဒပညာရှင် Mark Taylor က ၁၉၇၀ ခုနှစ်တွင် မွေးဖွားသူ လူ ၂၀,၀၀၀ ကျော်ကို မေးခွန်းများ မေးခဲ့သည်။ ၄င်း လူ ၂သောင်းရဲ့ အသက် ၁၆ နှစ်အရွယ် ကျောင်းသင်ရိုးပြင်ပ လှုပ်ရှားဆောင်ရွက်မှု မျိုးစုံကို အသေးစိတ် မေးခွန်းများ မေးပြီးနောက် သူတို့ အသက် ၃၃ နှစ်အရွယ် အလုပ်အကိုင်များကို မေးခဲ့သည်။

Taylor ရဲ့ လေ့လာချက်အရ ဆယ်ကျော်သက်အရွယ်တွင် စာဖတ်တဲ့ မိန်းကလေးများမှာ သက်ဆိုင်ရာ ပရောဖက်ရှင်နယ် အလုပ်တစ်ခုရဖို့ ၃၉ ရာခိုင်နှုန်း အခွင့်အရေး ရှိကြောင်းနှင့် စာမဖတ်ဘဲ အခြားလူမှု အားကစားများနဲ့သာ အချိန်ကုန်သူများက ပရောဖက်ရှင်ဖြစ်ဖို့ ၂၅ ရာခိုင်နှုန်းသာ အခွင့်အရေးရှိကြောင်း တွေ့ရသည်။

ဆယ်ကျော်သက် ယောက်ျားလေးများ စာဖတ်ခြင်းက ပရောဖက်ရှင်နယ် အလုပ်အကိုင်ရဖို့ ၅၈ ရာခိုင်နှုန်း အခွင့်အရေး ရှိကြောင်း တွေ့ရသည်။ Talyor ရဲ့ ကောက်ချက်အရ စာဖတ်ခြင်းက စကားပြော စွမ်းရည်ကို ပိုမိုတိုးတက်စေပြီး၊ လုပ်ငန်းခွင် အတွင်း အလုပ်ရှင်များကို ပိုမို စွဲဆောင်နိုင်သည်ဟု ဆိုသည်။

ထို့ကြောင့် ဆယ်ကျော်သက်အရွယ် ပြင်ပဗာဟီရကိစ္စများနှင့် လူမှု့ အားကစားများမှာ အသက် ၃၃ နှစ် အရွယ်တွင် အလုပ်အကိုင်တစ်ခု ရခြင်း မရခြင်း၊ လုပ်ခ လစာ နည်းခြင်း များခြင်းနှင့် လုံးဝမသက်ဆိုင်ကြောင်း တွေ့ရှိရသည်။ အသက် ၁၆ နှစ်အရွယ် စာဖတ် အလေ့အထ ထူထောင်ခြင်းဖြင့်သာ နောင်လုပ်ငန်းခွင်ထဲ လစာကောင်းဖို့ ပရောဖက်ရှင် ဖြစ်ဖို့ သေချာ စေနိုင်သည်။

24/04/2011

အလုပ်ရွှေ့ပြောင်းတဲ့အခါ သတိထားစရာ


အလုပ်ရွှေ့ပြောင်းတဲ့အခါ သတိထားစရာ

ပြည်ပရောက် မြန်မာအလုပ်သမားများ အလုပ်တစ်ခုရွှေု့ပြောင်းတော့မယ်ဆိုရင် သတိတရား လက်ကိုင်ထားကာ စဉ်းစားချင့်ချိန်ပြီး ရွှေ့ပြောင်းကြဘို့ ဤဇာတ်ဝတ္ထုပုံပြင် သာဓကဖြစ်ရပ်လေးကို

ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် ရွာတစ်ရွာကို ဆွမ်းခံကြွတော်မူ၏၊ ရွာသားများက မြတ်စွာဘုရားကို ခဲနဲ့ဝိုင်းပေါက်ကြ၏။ အဲဒီအချိန်မှာ ညီတော်အာနန္ဒာက “မြတ်စွာဘုရား မြတ်စွာဘုရားကို ဒီရွာက ရွာသားတွေက ခဲနဲ့ ၀ိုင်းပေါက်ကြပါတယ်၊ ဒါကြောင့် နောက်တစ်ရွာကို ပြောင်းပြီး ဆွမ်းခံကြွကြရအောင် ဘုရားလို့” လျောက်ပါတယ်၊ဒီတော့ မြတ်စွာဘုရားက ညီတော် အာနန္ဒာကို မိန့်တော်မူပါတယ်၊” အာနန္ဒာ ဒီရွာက ခဲ့နဲ့ပေါက်လို့ နောက်တစ်ရွာကို ပြောင်းမယ်ဆိုတာ တော့ ဟုတ်ပါပြီ၊ နောက်တစ်ရွာက ခဲ့နဲ့ပေါက်ရင် ဘယ်ကို သွားမလဲ”လို့ မေးတော်မူပါတယ်၊ အရှင်အာနန္ဒာကတော့ ဥာဏ်ပညာနုနယ်သေးတဲ့ အချိန်မှာဆိုတော့ “နောက်တစ်ရွာက ခဲနဲ့ပေါက်လျှင် နောက်တစ်ရွာကို ပြောင်းမယ်ဘုရားလို့ “ ပြန်လျှောက်တယ်၊အဲဒီနောက်တစ်ရွာက ခဲနဲ့ပေါက်ရင်ကောဆိုတော့ “နောက်တစ်ရွာက ခဲနဲ့ပေါက်လျှင်လည်း နောက်တစ်ရွာကို ပြောင်းမယ်ဘုရားလို့” ပြန်လျှေက်တယ်၊ နောက်တစ်ရွာက ခဲနဲ့ပေါက်ရင်ကော ဆိုတော့လည်း နောက်တစ်ရွာကို ပြောင်းမယ်ဘုရားလို့ပင် လျှောက်လေ၏၊

အဲဒါနဲ့ မြတ်စွာဘုရားက ဤသို့မိန့်တော်မူပါတယ်၊”အာနန္ဒာ အဲဒိရွာက ခဲ့နဲ့ပေါက်လို့ နောက်တစ်ရွာကို ပြောင်း၊ နောက်တစ်ရွာက ခဲ့နဲ့ပေါက်လို့ နောက်တစ်ရွာကိုပြောင်း၊ မင်းဟာက တစ်ရွာပြီးတစ်ရွာ၊ တစ်နေရာပြီးတစ်နေရာ လိုက်ပြောင်းရင်းနဲ့ မင်းအတွက် နောက်ဆို နေစရာ ကမ္ဘာမြေကြီးတောင် ရှိမှာမဟုတ်တော့ဘူး အာနန္ဒာလို့” ဘုရားရှင်က မိန့်တော်မူပါတယ်၊ဒီမှာ အာနန္ဒာ ဒီရွာက ခဲနဲ့ပေါက်လျှင် ဘာဖြစ်လို့လဲ၊ ဘာကြောင့်လဲဆိုပြီး ပြဿနာဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို တွေ့အောင်ရှာ၊ အဲဒီပြဿနာကို ပြေလည်အောင် ဖြေရှင်း၊ ပြီးမှ မင်းပြောင်းချင်ရင်ပြောင်း၊ဒါဆို မင်းကြိုက်တဲ့နေရာမှာ နေလို့ ရတယ်ဟု မိန့်တော်မူပါတယ်၊

ဒါကြောင့်လည်း “တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့၊ သုံးရွာပြောင်းတော့ သုံးစလောင်းမကျန်ဆိုတဲ့ မြန်မာစကားပုံ ပေါ်လာတာထင်ပါတယ်၊ဒီနေရာမှာ တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတာ မှန်ပေမယ့် ပြောင်းတာများရင်လည်း ပြောင်းရင်းပြောင်းရင်းနဲ့ အိုးစလောင်းဖုံး သုံးခုတောင် မကျန်နိုင်အောင် ဆင်းရဲနိုင်တယ်တဲ့၊ မြန်မာပြည်သားများ အလုပ်ရွှေ့ပြောင်းတဲ့အခါ သတိထားဖို့ရန် ရည်သန်လျှက် အထက်ပါ ဇာတ်ဝတ္ထုကို ထုတ်နှုတ်ဖော်ပြပေးလိုက်ရပါကြောင်း၊ ပြည်ပကို ပိုက်ဆံလာရှာကြသူများဖြစ်ကြသည့်အလျှောက် လစာ ပိုက်ဆံနဲလျှင်တော့လည်း “ရေကြည်ရာ မြက်နုရာ” ဆိုတဲ့ မြန်မာစကားပုံအတိုင်း ရွှေ့ပြောင်းကြတာကိုတော့ အပြစ်ဟု မဆိုသာဘူးပေါ့။

ဤစာကို ဖတ်ရှု၍ သင့်ရင်မှာ အသိဥာဏ်တစ်ချက် တိုးတက်လာလျှင်ပဲ ကျနုပ်ရေးသားရကျိုး နပ်ပါပြီ။

14/04/2011

နှစ်သစ်မင်္ဂလာ စကားလက်ဆောင်မွန်(ံHapppy Myanmar New Year)


မင်္ဂလာ နှစ်သစ်ပါခင်ဗျာ
HAPPY MYANMAR NEW YEAR
မင်္ဂလာရှိသော မြန်မာသက္ကရာဇ် ၁၃၇၃-ခုနှစ် ဆိုတဲ့ မင်္ဂလာနှစ်သစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံး ပျော်ရွှင်ကြည်နူး ချမ်းမြေ့နိုင်ကြပါစေဟု ဦးစွာဂါရ၀ပြုပါသည်ခင်ဗျာ။

ကျနော်ပြောမယ့် အကြောင်းအရာလေးက လူတိုင်းလူတိုင်းဟာ ကိုယ့်ဘ၀ကို နှစ်သစ်မြတ်နိုး တန်ဘိုးထားကြတယ်ဆိုတဲ့ အကြောင်းလေးပါခင်ဗျာ။

တစ်ခါတုန်းက သူငယ်ချင်းနှစ်ယောက်ရှိ၏၊ တိုသူငယ်ချင်းနှစ်ယောက်သည် စိတ်တူ၊အကြံတူကြ၍ တောထဲသွားပြီး တရားဓမ္မကျင့်ကြံကြလေ၏။

တရားကျင့်စဉ် နှစ်ယောက်သား ကတိသစ္စာပြုကြလေ၏၊ “ဟေ့ သူငယ်ချင်း တကယ်လို့များကွာ ငါတို့နှစ်ယောက် ကွယ်လွန်အနိစ္စရောက်သွားတဲ့ အချိန်ကျရင် မင်းက ကောင်းရာဘ၀ရောက်ပြီး ငါက မကောင်းတဲ့ ဘ၀ရောက်နေလျှင် ငါ့ကိုလာကယ်၊ငါက ကောင်းရာဘုံဘ၀ရောက်ပြီး မင်းက မကောင်းတဲ့ဘုံဘ၀ကို ရောက်နေမယ်ဆိုလျှင် မင်းကို ငါလာကယ်မယ်”ဟု ကတိစကား ထားခဲ့ကြလေ၏။

သူငယ်ချင်းနှစ်ယောက် ကွယ်လွန်အနိစ္စရောက်သောအခါ တစ်ယာက်ကကျီးကန်း ၊တစ်ယောက်က လောက်ကောင်ဖြစ်လေ၏။သူငယ်ချင်းနှစ်ယောက်စလုံးသည် ရှေးကဖြစ်ခဲ့ဘူးတဲ့ဘ၀ကို ပြန်လည်မှတ်မိနိုင်သော ဥာဏ်ပညာရှိကြလေ၏။

တစ်နေ့သောအခါ ကျီးကန်းက အစာရှာရာမှ ပြန်လာပြီး အတိတ်ဘ၀တုန်းက သူငယ်ချင်းဖြစ်သူ ယခု ဘယ်ဘ၀ရောက်နေပါလိမ့်ဟု ဥာဏ်စက္ခုဖြင့် ကြည့်သော် လောက်ကောင်ဘ၀ရောက်၍ မစင်တွင်း၌ မစင်အပုတ်နံ့များကို စားနေရသည်ကို မြင်လေ၏။

ထိုသို့ သူငယ်ချင်း၏ ဆင်းရဲယုတ်နိမ့် အောက်တန်းကျသော ဘ၀ကို မြင်ရသောအခါ ကျီးကန်းသည် အကြံထုတ်လေ၏၊ “ငါ့ သူငယ်ချင်းသည် မစင်တွင်း၌ ဆင်းရဲနိမ့်ကျအောက်တန်းကျစွာ နေနေရသည်၊ ငါသွား၍ ကိုက်ချီသတ်လျှင် သူသည်နောက်ဘ၀၌ လူ့စည်းစိမ် နတ်စည်းစိမ်၊နတ်စည်းစိမ်ကို ခံစားရနိုင်သည်၊ ထို့ကြောင့် ငါတို့ ကတိသစ္စာစကား ရှိသည့်အတိုင်း ငါ့ထက် ယုတ်နိမ့် အောက်တန်းကျသော ငါ့သူငယ်ချင်းဖြစ်ခဲ့ဘူးသူ လောက်ကောင်ကို ငါသွားကယ်မယ်ဟု” အကြံထုတ်၍ ဆုံးဖြတ်ချက်ချလေ၏။

ကျီးကန်းသည် လောက်ကောင်ကို မြင်သောအခါ “ ဟေ့ သူငယ်ချင်း မင်းကို ငါလာကယ်တာကွ၊ အခု မင်းကို ငါ ကိုက်ချီသတ်လိမ့်မယ်နော်”ဟု ပြောလေ၏။

ထိုအခါ လောက်ကောင်က ကျီးကန်းကို ပြန်ပြောလေ၏၊”ဟေ့ သူငယ်ချင်းရာ အခု ငါလည်း လောက်ကောင်မ မိဖုရားပေါင်းများစွာနဲ့ ပျော်မြူးနေရတယ်၊ စားဖို့ နေဖို့စသည်ဘာမှ မပူရဘူး၊ အေးအေးဆေးဆေး ဖြစ်နေတယ်၊ ဒါကြောင့် ချမ်းသာနေတဲ့ ငါ့ဘ၀လေးကို မဖျက်ဆီးလိုက်ပါနဲ့၊ ကတိထားခဲ့တာတော့ မှန်ပါတယ်၊ဒါပေမယ့် ယခု ငါ့ဘ၀လေးကို ငါသာယာနေပြီကွတဲ့၊

ကျနော်ပြောလိုတာက အဲဒါဘဲ ဘ၀ဆိုတာ အဲဒါဘဲ၊လောက်ဖြစ်နေရတာတောင် ကိုယ့်ဘ၀ကိုယ် ပျော်မြူး နှစ်သက် တပ်မက်နေကြသေး၏၊ စွဲလန်းနေကြသေး၏၊၊ ခွေးသည်လည်း ဒုတ်နှင့်ရိုက်လျှင် ထအော်၍ ထွက်ပြေး၏၊ ငှက်သည်လည်း လောက်စလေးခွနှင့် ချိန်လျှင်ပင် ထပြန်၍ပြေးလေ၏၊

ထိုသို့သော သဘောတရားများကို နှလုံးသွင်း၍ သာယာနေတဲ့ လူသားတို့ ဘ၀လေးများကို မဖျက်ဆီးမိကြစေရန် သတိထား ရှောင်ကြဉ်သင့်၊မသင့် ကိုယ်နှင့် နှိုင်းယှဉ်၍ ကိုယ်ချင်းစာတရား မေတ္တာ၊ကရုဏာ၊မုဒိတာတရားများ လက်ကိုင်ထား ပွားများသင့်ကြောင်း အကြံကောင်းလေးတစ်ချက် သတိကပ်စေဘို့ မှတ်သားစရာ ပုံလေးတစ်ခု နှစ်သစ်ဦးစကား လက်ဆောင်ဆုအဖြစ် ဝေမျှပေးလိုက်ရပါသည်ခင်ဗျား။

မောင်သန်းထွန်း(ခေတ္တ-ထိုင်းနိုင်ငံ၊ဘန်ကောက်)

(အသိပေးခြင်း)အထည်ချုပ်စက်ရုံမှ မြန်မာလုပ်သား လူငယ်လေးတစ်ယောက် ပေးပို့လာသော
စကားလက်ဆောင်လေးကို စာဖတ်ပရိသတ်အတွက် ဝေမျှပေးလိုက်ရပါသည်။

07/04/2011

နွေဦး ဒိုင်ယာရီ


လေရူးနှောက်ခါမှ နွေဦးရောက်ပါလား မလုပ်နဲ့
မနေ့က ငါ့ နှာခေါင်းဝမှာ အင်ကြင်ပန်းနံ့တွေ ရတယ်...
တစ်နှစ်တာ ငါ့ ဒိုင်ယာရီ စာမျက်နှာတွေထဲမှာ
ဒီနွေကာလကတော့ .....
မှတ်သားစရာဗလပွနဲ့ ပြဿဒါးကာလ..
ရွက်ဟောင်းတွေနေရာကို ရွက်သစ်တွေနဲ့ အစားထိုးကြ
လူဟောင်းတွေနေရာကို လူသစ်တွေနဲ့ အစားထိုးကြ
သူတော်ကောင်းတွေနေရာကို သူယုတ်မာတွေနဲ့ အစားထိုးကြ
ဒါတွေဟာ ပြောင်းလဲခြင်းနိယာမတွေမို့ ခေါင်းခဲစရာတွေတော့ မဟုတ်ပါဘူး..
ယခင်တုန်းက တပေါင်း တန်ခူးဟာ အကြောင်းမထူးခဲ့ပေမဲ့
ဒီနှစ်တပေါင်းတန်ခူးကတော့ အကြောင်းထူးပြီလေ..
ယခင်က ငလျင်ဆိုတာ ရင်ခုန်စရာမကောင်းခဲ့ပေမယ့်
အခုတော့ သူ့ရဲ့ရင်ခုန်နှုန်းက ...
(၁၆)နှစ်သမီးရင်ခုန်နှုန်းထက် ပြင်းထန်တယ်ဆိုတာ
ရှမ်းပြည်တာလေ အက်ကွဲကြောင်းတွေက သက်သေပြနေပြီ မဟုတ်လား..
ဂျပန်ပြည် ငလျင်သံစဉ်တွေက
မြန်မာပြည် တာလေထိ ချီတက်လာခဲ့လို့
မသတီစရာတွေနဲ့ ကြုံခဲ့ရတယ်ဆိုတာ
ကမ္ဘာတစ်လွှားထိ တုန်လှုပ် ချောက်ခြားသွားခဲ့ရတဲ့ အထိပါဘဲ....
အခုတလော ကြားနေရတဲ့ ၀မ်းသာစရာ သတင်းတစ်ပုဒ်က
ဘာသာရေး စိတ်မ၀င်စားတဲ့ တာလေက လူအချို့
အခုတော့ ဘာသာရေးကို စိတ်ဝင်စားလာကြပြီတဲ့လေ..
လက်တွေ့ပြမှ ယုံချင်တဲ့သူတွေအတွက် ကမ္ဘာမြေကြီးက ဖန်တီးပေးလေရော့သလား
တော်ပါသေးရဲ့ တစ်စစီ ကျိုးပဲ့သွားအောင်ထိ မလှုပ်ခါလိုက်လို့
ငလျင်ဒဏ်သင့်ဒေသကလူတွေ ငြီးငြူကြတာဟာ သဘာဝကျပေမယ့်
ဘာမဆိုင် ညာမဆိုင် ငလျင်မခတဲ့ ပြည်ပကလူတွေကလည်း
အပြိုင်အဆိုင် ငြီးငြူလာကြတာကတော့ သဘာဝမကျသလိုဘဲ
လက်တွေ့ကျကျ ပြောရရင် ဘန်ကောက်က လူတွေက ထိပ်ဆုံးက ဖြစ်လေမလား
အချို့က ယာယီပတ်စပို့စာအုပ်လုပ်ဘို့ အတွက်
အချို့က ၀ပ်ပါမစ်(work permit)လုပ်ဘို့အတွက်
အချို့က စက်ရုံသစ်မှာ အလုပ်ပြောင်းစမတ်ဘို့အတွက်
အချို့က လုပ်မစားနိုင်တော့လို့ အမိနိုင်ငံ ပြန်ဘို့အတွက်
အချို့က အမိနိုင်ငံက သားသမီးတွေရဲ့ စားဝတ်နေရေးအတွက်
အချို့က ရည်းစားကို လက်ထပ်လက်စွပ်ဝယ်ပေးဘို့အတွက်
အို...အားလုံးကို ရှုတ်နေတာဘဲ..
ဒါပေလည်း ညနေဆည်းဆာမှာတော့ သူတို့တွေ ဘီယာသောက်မပျက်ကြသလို
အသောမတတ်နိုင်တဲ့ အာရုံတွေဘက်လည်း သူတို့တွေ လိုက်စားမြဲ လိုက်စားနေကြဆဲပါဘဲ..
""ဆင်းရဲမွဲတေနေတာဟာ ရှက်စရာမဟုတ်
၎င်းဆင်းရဲတွင်းမှ လွတ်မြောက်အောင် ရုန်းမထွက်ခြင်းသည်သာ ရှက်စရာဆိုတဲ့""
ပညာရှိတွေရဲ့ မိန့်မှာစကား သူတို့တွေ မမှတ်သားကြလေရာ့သလား
တကယ်တော့ သူတို့တွေဟာ...
ပျားကောင်တွေလို မကျင့် ယင်ကောင်တွေလိုသာ ကျင့်ကြသူတွေပေါ့
ပျားကောင်တွေက အရည်စုတတ်လို့ ချမ်းသာကြပေမယ့်
ယင်ကောင်တွေက အရည်မစုတတ်ကြလို့ ဆင်းရဲမွဲတေနေကြတာဟာ
သူတို့တွေအတွက် သင်ခန်းစာ ယူစရာ ဇာတ်လမ်းတစ်ပုဒ်ပါဘဲ...
ငါ့ နွေဦးဒိုင်ယာရီ ရေးမှတ်လို့ ပြီးလုဆဲဆဲမှာဘဲ
အမှတ်မထင် ဖုန်းဝင်လာတယ်
"တာလေမှာ ငလျင်အသေးစားလေးတွေ အခုထိ လှုပ်နေဆဲပဲတဲ့"
အင်း .......
ဒီနှစ်နွေဦးမှာ ဘယ်တော့မှ ဥသြတွန်သံ ကြားရပါ့မလဲ...

(7-Apri-2011)ည အမှတ်တရ

..

" နွေဦး ဒိုင်ယာရီ "အတွက် သင့်အမြင်လေး ပြောခဲ့ပါဦး









28/03/2011

ချစ်သော ကမ္ဘာမြေသို့


အို ... ကမ္ဘာမြေ
နှုတ်ဆက်လိုက်တယ်
(သင်)ငြိမ်းချမ်းပါစေ။

...အို ... ကမ္ဘာမြေ
အားလုံးသိတယ်
မင်းနေမကောင်းဖြစ်ခဲ့တာကြာပြီပဲ ... ။

မွန်းကြပ်တဲ့CO2အောက်မှာ
မင်းအသက်ရှုသံလည်း ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်လို့
မင်းအဆီအနှစ်တွေလည်း ခမ်းခြောက်လို့
မင်းအရည်ကြည်ဓါတ်တွေ ယုတ်လျော့လို့
မင်းဝတ်တဲ့အင်္ကျီလည်း ပေါက်ပြဲလို့
မင်းအသွေးအသားရဲ့  စိမ်းလန်းမှု ဘယ်မှာလဲ...။

လှပတဲ့ အများခေါ်တဲ့ မင်းနာမည်
နွေးထွေးတဲ့ “ အမိ ကမ္ဘာမြေ ”
၂၁ ရာစုစ မင်းနာမည်သစ် “ Endangered Earth”
“အန္တရာယ်ကြုံနေရတဲ့ ကမ္ဘာမြေ” တဲ့
သဘာဝဒဏ်တွေ ခြိမ်းခြောက်ခံနေရတဲ့ မင်း
ကိုယ့်ခန္ဓာပိုးတွေရဲ့  လှိုက်စားမှုဒဏ် ခံနေရတဲ့ မင်း
ရောဂါဆိုးတွေ တစ်မျိုးပြီးတစ်မျိုးကလည်း
အပေါင်းအဖော်ပြုလို့ ... ။

မင်းသက်တမ်းစေ့ မနေနိုင်မှာစိုးရိမ်မိတယ် ကမ္ဘာမြေ
မင်းခန္ဓာအပူရှိန်လည်း တရိပ်ရိပ်တတ်လို့
မင်းကိုယ်မင်းလည်း မထိန်းနိုင်တော့ဘူး
မင်းရင်ခုန်သံတွေလည်း ပြင်းထန်လိုက်တာကွယ်
ကြားရသူတွေ တုန်လှုပ်ကုန်ရတယ် ... ။

ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ ကမ္ဘာမြေ
ငါ ချစ်တဲ့ ကမ္ဘာမြေ
ငါ မှီတင်းတဲ့ ကမ္ဘာမြေ
ဒါတွေဟာ ဘယ်သူ့ကြောင့်များလဲကွယ်...။

အို ... ကမ္ဘာမြေ
ဆုတောင်းလိုက်တယ်
(သင်) ကျမ်းမာပါစေ ။ ။ ။

(အမှာ)ငလျင်ဒဏ်သင့်သူများအတွက် ၀မ်းနည်းခြင်း အထိမ်းမှတ်အဖြစ် ဖော်ပြပါသည်။

ဘာသာပြန်ဆိုသူ-(((အမ်အယ်လ်)))

26/03/2011

ကမ္ဘာမြေကြီး စိတ်ဆိုးခြင်း(သို့မဟုတ်)ရှမ်းပြည်အရှ့ပိုင်းငလျင်လှုပ်ခါမှုမှတ်တမ်း






































ရှမ်းပြည်အရှေ့ပိုင်း အားပြင်းငလျင်ကြောင့် လူ(၁၀၀)ကျော်သေဆုံး


ရှမ်းပြည်အရှေ့ပိုင်း လွယ်မွေဒေသကို ဗဟိုပြု၍ ယမန်နေ့ညက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ရစ်ချတ်တာ စကေးရှိ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးနိုင်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အဖွဲ့များက ပြောသည်။
News-earthquake-March-25--Yan-Pai

ငလျင် ဗဟိုချက်ပြုရာ ဒေသမြေပုံ (AP)

ငလျင်သည် မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲခန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနီးအနားတ၀ိုက်ရှိ တာချီလိတ်၊ တာလေ၊ မိုင်းလင်း စသည့် မြို့များတွင် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်သည်။

စစ်အစိုးရ မီဒီယာများကမူ ယနေ့ မွန်းလွဲအထိ သေဆုံးသူစုစုပေါင်း ၇၄ ဦး၊ ဒဏ်ရာရသူ ၁၁၁ ဦး၊ အိမ်ခြေပေါင်း ၃၉၀၊ ဘုန်ကြီးကျောင်း ၁၄ ကျောင်းနှင့် ဌာနဆိုင်ရာ အဆောက်အဦး ၉ လုံးလည်း ပျက်စီးကြောင်း ကြေညာသည်။

သို့သော် အတည်မပြုနိုင်သေးသော ဒေသသတင်းများအရ တာလေမြို့နယ် တမြို့နယ်တည်းတွင်ပင် သေဆုံးသူ ၁၂၀ ခန့်ရှိနိုင်ကြောင်း သိရသည်။

တာလေမြို့ခံတဦး၏က အိမ်များမှာ ရှေးအိမ်အို အိမ်ဟောင်းဖြစ်သည့်အတွက် သေဆုံးသူ အများအပြားရှိခြင်း ဖြစ်ကြောင်း တာလေမြို့နယ် ဆေးရုံလည်း ပျက်စီးသွားပြီး တာလေ အခြေစိုက် ခြေမြန်တပ်ရင်း ၃၁၆ တွင်မူ စစ်တန်းလျား ပြိုကျ၍ ၁၇ ဦးသေဆုံးကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။

တာလေနှင့် တာချီလိတ်အကြား ဆက်သွယ်ထားသည် တံတားတစင်းလည်း ကျွံကျ ပျက်စီးသွားကာ ကားအသွားအလာ ရပ်ဆိုင်းသွားသည့်အတွက် ဒဏ်ရရှိသည့် လူနာများကို တဖြည်ဖြည်းချင်း တာချီလိတ် ဆေးရုံသို့ ပို့နေကြောင်း ဒေသခံတဦးက ဆိုသည်။

ထိုဒေသမှ ပြည်သူများမှာ ငလျင် နောက်ဆက်တွဲ လှုပ်ခတ်မည်ကို စိုးရိမ်နေကြကြောင်း၊ ကျိုင်းတုံ၊ တာလေ၊ တာချီလိတ်သွား ကားလမ်းကို စစ်တပ်က လုံခြုံရေး အပြည့်ယူထားလိုက်ပြီး ခရီးသွားလာမှုများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ထရန်စဖော်မာ နှစ်လုံးပျက်စီးသွားသည့်အတွက် တချို့သောရပ်ကွက်များတွင် လျှပ်စစ်မီး ပြတ်တောက်သွားကြောင်း၊ ပျက်စီးမှု အနည်းငယ်ရှိသော်လည်း နောက်ဆက်တွဲ ငလျင်အသေးစားများကြောင့် လူအများမှာ အဆောက်အဦးများ၊ မီးကြိုးများနှင့် လွတ်ကင်းရာ လမ်းမများပေါ်နှင့် ဘောလုံးကွင်းအတွင်း၌ ညအိပ်ခဲ့ရကြောင်း တာချီလိတ်မြို့ခံတဦးက ပြောသည်။

စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်နှင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်ပါ ငလျင်ဒဏ် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံရှိ ငလျင်လေ့လာရေး ဌာနကလည်း ထိုင်းနိုင်ငံ ချင်းရိုင်မြို့ မြောက်ဖက် ၆၉ မိုင်အကွာရှိ ဒေသကို ဗဟိုပြုကာ အားပြင်းသည့် ငလျင် ၂ ခု လှုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး မြို့တော် ဘန်ကောက်နှင့် ဗီယက်နမ်နိုင်ငံမြို့တော် ဟနွိုင်းရှိ ပြည်သူများ လမ်းမများပေါ်သို့ ထွက်ပြေးကြကြောင်း သတင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် ဂျပန်နိုင်ငံ အရှေ့မြောက်ဒေသတွင် ပြင်းအား ၈.၉ မဂ္ဂနီကျု အဆင့်ရှိ တိုဟိုကု (Tohoku) ငလျင်ကြီးကြောင့် ၄ ထပ် အဆောက်အအုံအမြင့်ခန့် မြင့်မားသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်တွင် ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များ ဖြစ်ခဲ့သည်။

ဆူနာမီ ရေလှိုင်းကြီးများကြောင့် ရှင်ဒိုင်းမြို့တွင် လူပေါင်း သောင်းချီသေဆုံးခဲ့ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုများပါ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။

ဂျပန်ငလျင် မတိုင်မီတွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်တို့၌ ပြင်းအား ၅.၄ ရှိ ငလျင်ကြောင့် စူပါမားကတ်၊ ဟိုတယ်နှင့် အိမ်များပြိုကျရာမှ ၁၄ ဦးသေဆုံးပြီး ၁၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ နယူးဇီလန်နိုင်ငံမှ ဒုတိယ အကြီးဆုံးမြို့တော် ခရစ္စချာ့ခ်ျတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်ကြောင့် ၇၅ ဦးသေဆုံးကာ အမေရိကန် ဒေါ်လာ ၁၂ ဘီလျံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်း ငလျင်ကြော၊ ဂွေးချို ငလျင်ကြော၊ မိုးမိတ် ငလျင်ကြော၊ ကဘော် ငလျင်ကြော၊ မြောက်ဦး ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ ဖာပွန် ငလျင်ကြောနှင့် ဘုရားသုံးဆူ ငလျင်ကြော တို့ရှိပြီး အကြီးအကျယ်ဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်များမှာ ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်သည့် အင်းဝငလျင်၊ ၁၉၂၇ ခုနှစ်တွင် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၃၀ ခုနှစ်တွင် ဒုတိယ အကြိမ် လှုပ်ခတ်သည့် ပဲခူးငလျင်၊ ၁၉၇၅ ခုနှစ်တွင် လှုပ်ခတ်သည့် ပုဂံငလျင်တို့သည် အပျက်အစီး အကြီးမားဆုံး ဖြစ်သည်။

(ငလျင်ဒဏ်ခံရတဲ့ အထဲမှာ အဆိုးဆုံးထဲက တစ်နေရာဖြစ်တဲ့ တာလေမြို့ကို သွားရောက်ကူညီခဲ့သူတစ်ဦးကို ဧရာဝတီသတင်းထောက် ကိုထွေးက ဆက်သွယ် မေးမြန်းထားတာဖြစ်ပါတယ်။ သွားရောက်ကူညီတဲ့သူက သူမြင်တွေ့ခဲ့တာတွေကို အခုလို ပြန်လည်ပြောပြထားပါတယ်။ ဦးတေဇပိုင် ထူးကုမ္ပဏီက ငလျင်ဒဏ်ခံဒေသမှာ သွားရောက်လှူဒါန်းဖို့ စီစဉ်ပြီး ရန်ကုန်က သတင်းထောက်တွေကိုလည်း လေယာဉ်နဲ့ အခမဲ့ခေါ်သွားဖို့ စီစဉ်ပေမယ့် စစ်အစိုးရ ခွင့်မပြုဘူးလို့ လတ်တလော ဝင်လာတဲ့ သတင်းတွေအရ သိရပါတယ်။ နာဂစ်နဲ့ ဂီရိ ဆိုင်ကလုန်းတုန်းကလိုပဲ လှူချင်ရင် သူတို့ကိုပဲ လှူလို့ လုပ်မလားတော့ မသိပါ။)

မနက် ၁၀ နာရီ ကျော်ကျော်လောက် တာလေ ရောက်သွားတယ်။ ကားလမ်းဘေး တဘက် တချက်စီမှာရှိတဲ့ သုံးထပ်အိမ်တွေ ခပ်များများက ၂ ထပ်ပဲကျန်တယ်။ ၂ ထပ်အိမ်တွေလည်း တော်တော်များများ ပြိုကုန်တယ်။ ပြိုကျတဲ့ အထဲမှာ ဘုန်းကြီးကျောင်းတွေလည်း ပါတယ်၊။ တချို့ အိမ်တွေကလည်း နှစ်ပေါင်း ၂၀ လောက်ရှိတော့ ပိုဆိုးတာပေါ့။

တာလေက လူတွေတော့ မပြောနဲ့၊ တာချီလိတ်က လူတွေတောင် ညက မိုးကာခင်းပြီး အိပ်ရတာ။ တာလေ ရောက်တော့ တချို့တွေက ကိုယ့်အိမ်က ပစ္စည်းတွေကို ကိုယ့်ဘာသာကိုယ် ရှင်းနေတာတွေလည်း တွေ့ရတယ်။ နောက်ပြီး အမျိုးတွေရဲ့ အိမ်ရှေ့မှာ ငိုတဲ့သူငိုနေကြတယ်။ ဆွေမျိုးသားချင်းတွေ အသက်ဆုံးရှုံးသွားလို့ ငိုနေတဲ့သူတွေလည်း တွေ့ရတယ်။ ဘာမှတော့ မေးလို့မရဘူး၊ တချို့မသေတဲ့ သူတွေကတော့ ကံကောင်းတယ်ပြောရမှာပေါ့။


အစိုးရကတော့ ဘာမှ မလုပ်ပေးသေးဘူးရော။ တချို့လည်း ဆေးရုံကိုပို့တယ်။ ဒါပေမယ့် ဆေးရုံတော့ မရောက်လိုက်လို့ မသိဘူး။ ကျနော်တွေ့သလောက်တော့ တာချီလိတ်မှာကို အယောက် ၆၀ လောက်ရှိနေပြီ။ ဟိုမှာလည်း ၂၀၊ ၃၀ လောက်တွေ့ခဲ့ရသေးတယ်။ အဲဒီအထက်မှာပဲ ရှိမှာပါ။

ပစ္စည်းတချို့နဲ့ ခေါက်ဆွဲထုတ်တွေ၊ ရေတွေ သွားပေးတယ်။ ဌာနဆိုင်ရာကိုပဲ ပေးခဲ့တယ်။ နောက်ပိုင်း ဌာနဆိုင်ရာက ဘာလုပ်မယ်ဆိုတာတော့ ပြောလို့မရဘူး။ ဌာနဆိုင်ရာက ကယ်ဆယ်ရေး စခန်းတော့ ဖွင့်ထားတယ်။ အသိရှိတဲ့သူတွေကတော့ အသိအိမ်ကို သွားတယ်။

အခုတော့ အဝေးပြေး လမ်းလည်း ခဏပိတ်လိုက်တယ် ထင်တယ်။ လမ်းတွေဘာတွေ နည်းနည်း ပြင်မယ်လို့တော့ ပြောတယ်။


(အသိပေူခြင်း)သတင်းနှင့် မှတ်တမ်း ဓာတ်ပုံများကို ဧရာဝတီဆိုဒ်၂ခုမှ ကူးယူဖော်ပြပါသည်။