29/01/2011

ပါဝါရှော့ဖြစ်ခြင်း


အားမသန်မာန်လျော့-အားမသန်၍ မာန်လျော့ခြင်းမျိုးသည်၊ မည်ကဲ့သို့သော ငြိမ်းချမ်းမှုဆီသို့ ဦးတည်သွားနိုင်လိမ့်မည် မဟုတ်။ အာဏာပြိုင်မှုများဖြင့် နိုင်ငံအသီးသီး၏ ပါဝါပြင်းထန်သော တိုက်ပွဲများသည်၊ အားမသန်၍မာန်လျော့မှုဖြင့် အဆုံးသတ် လိုက်သော်၊ ထိုပြိုင်ပွဲ၏ အရိပ်ငွေ့များသည် တမြေ့မြေ့ဆိုသလို လောင်ကျွမ်းနေပေလိမ့်မည်။ အကြမ်းအထည် ပါဝါသည် နုညံ့သိမ်မွေ့သော ပါဝါပျော့အား ဘယ်သောအခါမှ တွန်းလှန်ဖြိုချနိုင်စွမ်းမရှိ။ တဒင်္ဂသာဖြစ်ပါလိမ့်မည်။ ပြိုင်ဆိုင်မှုအားကြီးသော ပြိုင်ပွဲများကား တစ်ကမ္ဘာလုံးလိုလို မျက်စေ့ဒေါက်ထောက်ကြည့်နေရသည်။ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်သည် အာဏာရှင်စိတ်ဓာတ် ဖြစ်ပြီး၊ အားနွဲ့သူအား လက်တွဲလျှက် ဖေးမခေါ်ဆောင်ခြင်းသည် ဒီမိုကရေစီဆန်သော စိတ်ဓာတ်ဖြစ်သည်။ အာဏာရှင်စိတ်ဓာတ် သည် အမြဲတန်းလိုလို ကြောက်ရွံ့နေရသည်။ မိမိအား တစ်နေ့ရန်သူများက ပြန်လည်တိုက်ခိုက်မည်ကို စိုးရွံ့စိတ်ဖြင့် အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ ဘယ်သူနိုင်သည်ဆိုတာ သတ်မှတ်လို့မရ။ ဒီမိုကရေစီစိတ်ဓာတ်ဖြင့် လက်တွဲမဖြုတ်ခြင်း သည်သာ ပျော့ပြောင်းမှုအသွင်ဆောင်လျှက် အေးချမ်းမှုဆီသို့သွားရန် ဦးတည်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

အာဃာတပြင်းပြင်းဖြင့် သာကီဝင်မင်းများ၏ လည်ချောင်းသွေးဖြင့် မင်းကွန်းဟုခေါ်သော် လွှတ်တော်အရပ်ကို ဆေးကြော ခြင်းဖြင့် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ဝိဋဋူဘ၏အောင်ပွဲကား စစ်မှန်သောအောင်ပွဲမဟုတ်။ လက်စားချေလိုမှု သက်သက်ဖြင့် မိမိမျိုးနွယ်စုအား ကြက်၊ ငှက်ပမာ သတ်ဖြတ်လျှက် အောင်ပွဲခံခဲ့သော ဝိဋဋူဘ၏ အထင်မှာ ကြီးမားသော အောင်ပွဲဟု ရှုမြင်သုံးသပ်ခြင်းသည် မဟာအမှားဖြစ်သည်။ သို့အတွက် သဘာဝတရားကြီးသည်လည်း ဓမ္မဘက်မှာ မားမားမတ်မတ် ရပ်တည်လျှက် အဓမ္မဘက်တော်သားအား ကြီးမားသော ပြန်လည်တိုက်ခိုက်မှုလုပ်ပေးခဲ့သည်။ သို့အတွက် ဝိဋဋူဘသည်လည်း စည်းစိမ်ယစ်ကာ အပျော်ကြီးပျော်ရမည့်အချိန်ကို မရလိုက်ခြင်းပင်ဖြစ်သည်။

ဗန္ဓုလ၏ လိစ္ဆဝီမင်းသားများအား အစွမ်းအစများဖြင့် တိုက်ခိုက်မှုသည်လည်း စစ်မှန်သောအောင်ပွဲမဟုတ်။ အာဏာပြင်းပြင်း၊ ပါဝါပြင်းပြင်းဖြင့် လူသားမဆန်သော ဝါဒကိုသာ ဆွဲကိုင်လျှက် အောင်ပွဲခံခြင်းသည်သာဖြစ်သည်။ သို့သော် အဆိုပါ အောင်ပွဲသည်လည်း စစ်မှန်သော၊ တရားမျှတသော အောင်ပွဲမဟုတ်။ လူသားမဆန်သော သူ၏ဘဝအဆုံးသတ်မှုသည် လည်း မကောင်းခဲ့ပေ။ ကောသလဘုရင်၏ မာယာပရိယာယ်အောက် ပြားပြားမှောက်ရင်း လူမဆန်သော သေဆုံးမှုဖြင့်ပင် ပြန်လည်း စတေးခဲ့ရသည်။ လောကကြီးသည် နိုင်လိုမင်းထက်ပြုမှုဖြင့် ခရီးဆက်နေသမျှကာလပတ်လုံး သွေးစိမ်းနီနီဖြင့် ညစ်ပတ်နေ ပေလိမ့်မည်။ တရားမျှတဖို့၊ လွတ်လပ်ဖို့ဆိုသည်မှာ လူသားဆန်သော လူများ၏ ကိုယ်ကျိုးမဖက် လုပ်ရပ်များဖြင့်သာ တည်ဆောက် နိုင်ပေလိမ့်မည်။ ငါ့လူ၊ ငါ့အဖွဲ့စည်း၊ ငါ့အမျိုးလောက်ဆိုတဲ့ စိတ်ဓာတ်ဖြင့် ခရီးဆက်နေသမျှကာလပတ်လုံး လှပသောရုပ်လုံးြ<ွကမှုများ မှေးမှိန်နေတော့မည်သာဖြစ်သည်။

ကမ္ဘာအသီးသီးမှာ ဖြစ်ပွားနေသော စစ်ပွဲအသီးသီးသည် တရားမျှတမှုဆီသို့ ဦးတည်ခဲ့သော စစ်ပွဲဆိုတာမရှိခဲ့ဟု ဆိုရမည်ဆိုလျှင် လွန်အံ့မထင်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စိတ်ဓာတ်ဖြင့် ဖြစ်ပွားခဲ့သော စစ်ပွဲတိုင်းသည်ပင် မတရားမှုပင်ဖြစ်သည်။ စစ်ပွဲ၏ အဓိကပစ်မှတ်သည်ပင် ပါဝါပြိုင်ဆိုင်မှုဖြစ်သည်။ မပြိုင်ဆိုင်သင့်သည်ကို ပြိုင်ဆိုင်သည်နှင့်အမျှ ပါဝါရှော့သည်လည်း တမြေ့မြေ့လောင်မြိုက်လျှက် မကောင်းမှုဆီသို့ ဦးတည်သွားပေလိမ့်မည်။ အနိုင်ကျင့်မှုဝါဒ၊ လူသားမဆန်တဲ့ ဝါဒဖြင့် ခရီးဆက်နေသမျှ ကာလပတ်လုံး ကမ္ဘာ့မျက်နှာပြင်သည်လည်း သန့်ရှင်းနေလိမ့်မည်မဟုတ်။ အဆိုပါ အနိုင်ကျင့်ဝါဒ၊ လူသားမဆန်မှုဝါဒသည် တစ်နေ့ကိုယ့်ထံသို့ မုချပြန်လာမည်သာဖြစ်သည်။

အီရန်အရေး စိတ်မအေးနိုင်၊ မြောက်ကိုရီးယားကိုလည်း စောင့်ကြည့်နေဆဲ။ အင်အားပြင်းမှုသည် ပျက်စီးမှုဆီသို့ ဦးတည်မောင်းနှင်နေသော ယန္တရားတစ်ခုဖြစ်သည်။ မပြေလည်မှုများဖြင့် အရိပ်တကြည့်ကြည့် စောင့်ကြည့်နေကြရင်း ပါဝါကို ကစားနေကြသည်။ အဆိုပါ ပါဝါပြိုင်ပွဲသည် အကြမ်းအထည်ဖြစ်လျှင် အခြေအနေဆိုးသို့ ဦးတည်မည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ အပျော့ပါဝါပြိုင်ပွဲသို့ နှစ်ဦးသဘောတူ ဆွေးနွေးမှုများဆီသို့ လျှောက်ကြမည်ဆိုလျှင် ကမ္ဘာကြီးသည် စင်စစ်အေးငြိမ်းမှုများဆီသို့ မောင်းနှင်နိုင်မည်ဖြစ်သည်။ ဆွေးနွေးပွဲသည် အားအကောင်းဆုံး တုန့်ပြန်မှုဖြစ်သည်။ တစ်ဖက်မရလျှင် အခြားတစ်ဖက်မှနေပြီး ဆွေးနွေးဖို့လိုသည်။ တစ်ဖက်ကလျှော့ပေးလျှင် အခြားတစ်ဖက်အနေဖြင့်လည်း လိုက်ပြီးပျော့ပေးရန် လိုသည်။ ထိုကဲ့သို့မဟုတ်ဘဲ နှစ်ဖက်ပြိုင်ပြီး ခါးတောင်းကြိုက်ကာ အတင်းဆွဲနေမည်ဆိုလျှင် ပြတ်တောက်သွားမှုဖြစ်ပေလိမ့်မည်။

အထက်ကပြောခဲ့တဲ့ အာဏာလုပွဲနှင့်၊ ပါဝါပြိုင်ပွဲများသည် လောကကြီးကို သွေးစွန်းစေသော နေ့ရက်များဆီသို့ ခေါ်ဆောင်သွားနေပေလိမ့်မည်။ အီရန်အရေး စိတ်မအေးနိုင်ဘူးဆိုလျှင်၊ စိတ်အေးအောင် ဘယ်လိုသောနည်းများဖြင့် ပြေလည် အောင် ဆောင်ရွက်သင့်သနည်း။ ဒါသည် အရေးအကြီးဆုံး မေးခွန်းနှင့် ထိုမေးခွန်းအပေါ် နိုင်ငံအသီးသီး၏ အဖြေသည်လည်း ပိုမိုကောင်းမွန်သော အဖြေဖြစ်စေဖို့ ခေါင်းချင်းဆိုင်ဖြေဆိုရန် လိုအပ်သည်။

'' မိမိအနေဖြင့် အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် မျက်နှာချင်းဆိုင်၍ ကမ္ဘာ့ရေးရာကိစ္စရပ်များကို မီဒီယာများရှေ့ တွင် လွတ်လပ်စွာဆွေးနွေးလိုကြောင်း၊ ယင်းသို့ဆွေးနွေးခြင်းဖြင့် မည်သူ၏ဖြေရှင်းနည်းက ပိုမိုကောင်းမွန်သည်ဆိုခြင်းကို မြင်တွေ့ နိုင်မည်ဖြစ်ကြောင်း '' အီရန်သမ္မတအာမက်ဒီနေဂျက်ကဆိုသည်။ ထိုအဆိုကို တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။ အမှန်က သူပြောသလို မီဒီယာများရှေ့မှာ တွေ့ဆုံအဖြေရှာကြည့်ဖို့လိုသည်။ နျူကလီးယား ကိစ္စများနှင့် နပန်းလုံးနေခဲ့သော ပါဝါပြိုင်ပွဲသည်၊ သူပြောသလို မီဒီယာများရှေ့မှာ တွေ့ဆုံဆွေးနွေးရင်း အဆုံးသတ်ကြည့်ဖို့ အိုဘားမားအနေဖြင့် အဘယ့်ကြောင့် လက်မခံခဲ့သနည်း။ ကောင်းမွန်သော ဆွေးနွေးခြင်းသည် တစ်ခုမဟုတ်တစ်ခုသို့ ပြောင်းလဲ နိုင်သွားနိုင်သည်ကို အိုဘားမားအနေဖြင့် မသိလို့တော့ဟုတ်မည်မဟုတ်။ သူ့အမြင်အရအားဖြင့် ပြောရမည်ဆိုလျှင် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့်သာ ယခုကဲ့သို့ ကမ်းလှမ်းသည်ထင်သည်။ မှန်သည်။ သို့သော် ကမ္ဘာမျက်နှာပြင် မီဒီယာများရှေ့ သို့ တက်ရောက်ဆွေးနွေး အဖြေရှာကြည့်လိုက်လျှင် အပြောင်းအလဲတစ်ခု ဆီသို့တော့ ဦးတည်နိုင်လိမ့်မည်ထင်သည်။

ရာမမင်းသားအနေနဲ့ ပုရောဟိတ်များထံမှာ သစ္စာဆိုပြခဲ့သော စကားတစ်ရပ်ကို မှတ်သားခဲ့ဘူးသည်။ '' လောက၏ အစီးအပွားအတွက် ဆောင်ရွက်ရာ၌ နိုင်ငံသူ၊ နိုင်ငံသားများ ကျေနပ်စေရန်၊ ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊ ကြင်နာခြင်း ကရုဏာကို ဖြစ်စေ၊ မင်းစည်းစိမ်းချမ်းသာကို ဖြစ်စေ၊ အကယ်၍လိုအပ်မည်ဆိုလျှင် အသက်သမျှချစ်ရပါသော သီတာဒေဝီကိုဖြစ်စေ၊ စွန့်လွှတ် လှူဒါန်းမှ ကျေနပ်မည်ဆိုလျှင် အဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏။ ထိုသို့စွန့်လွှတ်ရသဖြင့်လည်း ကျွန်ုပ်အား မကျေနပ်ခြင်းမည်သည် မဖြစ်ပါ ''တဲ့။ မီချဲလ်အိုဘားမားအားလည်း စွန့်လွှတ်ရန်မလို၊ အမေရိကန်လို တိုင်းပြည်ကြီးအားလည်း စွန့်လွှတ်ရန်မလို၊ သို့သော် တကယ်လိုအပ်သည်ကား၊ နှစ်ဦးနှစ်ဘက်အနေဖြင့် စစ်မှန်သော ဆွေးနွေးမှုဆီသို့ ဦးတည်သွားပြီး အဖြေရှာကြည့်ရန် ဖြစ်သည်။ မဟာရန်သူများအဖြစ် ဆက်လက်ရပ်တည်နေမည်ဆိုလျှင် အပြစ်မဲ့ပြည်သူများအနေဖြင့် ဆင်းရဲတော့တွင်းက လွတ်နိုင် လိမ့်မဟုတ်။

သို့သော် ထိုသို့ဆွေးနွေးရာ၌ Win Winလား။ Lose Lose လား။ တစ်ဖက်တည်းတော့ အနိုင်လိုချင်လို့မရ၊ တစ်ဖက်တည်းလည်း အရှုံးပေးရန်မျိုးမဖြစ်သင့်။ ဒါဆိုရင်တော့ ဆွေးနွေးမှုသက်သက်သာ ဖြစ်ပါလိမ့်မည်။ အမှန်တကယ် ဆွေးနွေးဖို့ဆိုရင်တော့ အထက်ကပြောခဲ့သလို ဘာကြောင့်ဆွေးနွေးချင်တာလောက်တော့ မဖြစ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ထားဖို့လိုမည်။ ရှိနေတဲ့ ရန်ငြိုးကိုလည်း တဖြည်းဖြည်းဆိုသလို ဖယ်ရှားနိုင်ဖို့အရေးကြီးတယ်။ ကောင်းတာကိုပြော၊ ခြိမ်းခြောက်မှုကို လျှော့၊ တင်းမာမှုကိုလျှော့၊ စိတ်ရှည်ရှည်ထား၊ အပြန်အလှန်လေးစား ယုံကြည်မှုရှိပြီး၊ စစ်မှန်တဲ့၊ အပြုသဘော ဆောင်တဲ့သဘောနဲ့ အကောင်းမြင်ဝါဒ ပါဝါပျော့ပျော့နှင့် ပြန်လည်တုန့်ပြန်မည်ဆိုလျှင် ဆွေးနွေးမှုဟာ ကောင်းမွန်မှုတစ်ခုဆီသို့ ဦးတည်သွားနိုင်ပါလိမ့်မည်။ ထိုကဲ့သို့သော အရေးကိစ္စများသည် နိုင်ငံတိုင်းလိုလိုရှိသည်၊ ကိုယ့်နိုင်ငံထဲမှာပင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ငြိုးတွေ၊ အာဃာတတွေကို ပြေလျော့ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့ ရှိနေပေလိမ့်မည်။ မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ မိသားစုကိုသော်လည်း၊ စွန့်လွှတ်စရာမလို၊ အသိစိတ်ဓာတ်ဖြင့် အယူသီးမှုများ၊ မာန်မာန၊ အာဃာတများကိုသာ စွန့်လွှတ်လျှက် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အဖြေရှာကြည့်ဖို့လိုသည်။

ဒီနေရာမှာ ခေါင်းဆောင်မှုတစ်ခုကို ပြောဆိုချင်သည်။ အာဏာကိုမင်းမမူ၊ ပါဝါကိုဗန်းမပြဘဲ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ဆန္ဒကိုသာ ဦးစားပေးခဲ့သော ဇာတ်တော်တစ်ပုဒ်ကို အများသိပြီးဖြစ်သော်လည်း အနည်းငယ်ပြောပြလိုသည်။ သက်ဦးဆံပိုင်စနစ် ဖြင့် အာဏာကို သုံးစွဲခွင့်ရှိသော်လည်း၊ ဝေဿန္တရာမင်းကြီး၏ ဖခမည်းတော် သိဉ္စည်းမင်းကြီးဟာ သားတော်ကို ပြည်သူ၊ ပြည်သားများ၏ တောင်းဆိုမှုဖြင့် စေတုတ္တရာပြည်ကနေ နှင်ထုတ်ခဲ့ဘူးသည်။ အမှန်အားဖြင့် ဆိုရလျှင် အာဏာရှင်ဆန်သော သက်ဦးဆံပင်စနစ်ဖြင့် အုပ်ချုပ်နေသော တိုင်းပြည်ဝယ် မင်းကြီးကို သားတော်အားနှင်ထုတ်ဖို့ တောင်းဆိုခဲ့သော ပြည်သူ၊ ပြည်သားများကိုလည်း လေးစားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အလွန်အန္တရာယ်များလှသည်။ မင်းကြီး၏ မျက်မာန် တော်ရှမှုဖြင့် အသက်ဆုံးရှုံးမှုကို ပဓာနမထားဘဲ လိုအပ်မှုတစ်ခုကို ရဲဝံ့စွာတောင်းဆိုခဲ့ကြသည်။

မင်းကြီးအနေဖြင့်လည်း လေးစားစရာ၊ တန်းဖိုးထားစရာ၊ ဂုဏ်ယူစရာဖြစ်သည်။ မိမိအနေဖြင့် သက်ဦးဆံပိုင်စနစ်ဖြင့် တိုင်းပြည်အုပ်ချုပ်နေသော်လည်း အများဆန္ဒအရ သားတော်ဝေဿန္တရာကို တိုင်းပြည်ကနေ နှင်ထုတ်ပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်သည် သူတော်ကောင်းဆန်သော၊ လူသားဆန်သော အမြင်ဖြစ်သောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အနိုင်ကျင့်မှုဝါဒကို လက်မကိုင်၊ ပါဝါအာဏာကို မသုံးစွဲဘဲ အများသဘောတူ ဒီမိုကရေစီဝါဒအရ၊ အခြားသော နိုင်ငံသူ၊ နိုင်ငံသားများအားလည်း မိမိသားအရင်း ဝေဿန္တရာပမာ မိမိ၏သား၊ သမီးများဟု သတ်မှတ်သောကြောင့်ဖြစ်သည်။ မြင့်မြတ်သော စိတ်ဓာတ်ဟု ဆိုရမည်ဖြစ်သည်။ သို့အတွက် တစ်ယောက်တည်းသာဖြစ်သော သားတော်အစစ်ဝေဿန္တရာကိုသာ အခြားမိမိ နိုင်ငံတွင်းမှာရှိတဲ့ မိမိလက်အောက်မှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားများဆိုတဲ့ များတဲ့သဘောကိုသာ ဆောင်ခဲ့ခြင်းဖြစ်သည်။ အင်မတန် လေးစားဂုဏ်ယူစရာဖြစ်သည်။

သူတော်ကောင်းတွေရဲ့ လုပ်ရပ်ဟာ မြင့်မြတ်တဲ့သဘောဆောင်တာဟာ ဘာအတွက်ပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ်၊ အလုပ်တစ်ခု လုပ်တဲ့အခါ အမြဲတန်းပန်းခင်းသော လမ်းကိုပဲ လျှောက်ရတာမဟုတ်၊ ဒါကြောင့် အစုန်လမ်းကနေ အမြဲတန်းလိုလို သွေဖီနေတတ်သည်။ မျှောပြီး လိုက်နေလို့မရဘူး။ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတတ်တယ်။ အဲဒီလို အသာတကြည် မျှောလိုက်ပြီး ကိုယ့်ဘက်ကိုသာ အနေချောင်မှုသက်သက်လုပ်မယ်ဆိုရင်လည်း အဲဒါဟာ မြင့်မြတ်တဲ့လုပ်ရပ်မဟုတ်ဘူး။ အဆန်သဘောကို ပဲ လျှောက်ရတတ်ပြီး မတွေဝေဘဲ၊ ရပ်မနေဘဲ၊ အားရှိသလောက်မောင်းနှင်းမှသာလျှင် အများကို ကိုယ်စားပြုတဲ့လုပ်ရပ်များဖြင့် တည်ဆောက်မှသာ မြင့်မြတ်သူများရဲ့ လုပ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ အများဆန္ဒကို ဦးစားပေးပြီး လုပ်စရာရှိတာတွေကို ဝိုင်းဝန်းအဖြေရှာတဲ့အခါ ခက်ခဲပင်ပန်းသော်လည်း ရပ်မနေဘဲ ဆက်လျှောက်ဖို့ဟာ အရေးကြီးပါသည်။ ထို့အတူ ပါဝါအားပြိုင်လျှက် ပါဝါရှော့ဖြစ်ခြင်းများကို အထူးတလည် သတိထားကာ ရှောင်ရှားရန်အရေးကြီးပါသည်။ သို့မှသာလျှင် . . . .။

''တစ်ဖန်ပြန်၍ ရှုံးတတ်သော အောင်နိုင်မှုသည်ကား မကောင်းသော အောင်နိုင်ခြင်းဖြစ်၏။ တစ်ဖန်ပြန်၍ မရှုံးသော အောင်နိုင်ခြင်းကား ကောင်းသောအောင်နိုင်ခြင်းဖြစ်၏။ ယဉ်ကျေးသောစိတ်သည်သာချမ်းသာကိုဆောင်နိုင်သည်'' (ဗုဒ္ဓ)။

မောင်မင်းစိုး၊ရွှေနံ့သာ၊

11/01/2011

ဇာတိချက်ကြွေ မွေးရပ်မြေမှ ဘုရားအနေကဇာတင်ပွဲမှတ်တမ်း


သံဃာတော်အရှင်သူမြတ်များမှ မြဘုရားဆင်းတုတော်များအား အနေကဇာတင်တော်မူကြစဉ်


ဘုရားအနေကဇာတင်ပွဲသို့ တရားနာကြွရောက်လာကြတဲ့ ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်များ
သဲကုန်းကျေးရွာ ကုမ္မာရီ အမျိုးသမီးငယ်လေးများမှ လုပ်အားဒါန ပြုနေကြစဉ်
ဘုရားအနေကဇာတင်ပွဲမှာ လုပ်အားဒါနပြုကြတဲ့ သဲကုန်းကျေးရွာမှ ကုမ္မာရီအမျိုးသမီးငယ်လေးများ
ဘုရားအအနေကဇာတင် အလှူမင်္ဂလာပွဲမှာ လုပ်အားဒါနပြုကြတဲ့ လူငယ် လူလတ် လူကြီးပိုင်း ပုဂ္ဂိုလ်များ

၁၃၇၂-ခုနှစ်၊နတ္တော်လပြည့်ကျော်(၄)ရက်၊(၂၅-၁၂-၂၀၁၀)စနေနေ့တွင်
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာနေ ဘုရားဒါယကာ
ဒါယိကာများဖြစ်ကြသည့်ဦးထွန်းခင်+ဒေါ်ခင်လှ)မိသားစု၊ဦးဌေးမောင်+ဒေါ်ချိုစန်းမိသားစု၊
ဦးလှပေါ+ဒေါ်ခင်ဥမိသားစု၊ကိုထွန်းတင့်(ခေတ္တ-မလေးရှား)+မဌေးခိုင်မိသားစု၊နံ့သာကုန်းကျေးရွာနေ
ကိုသန်းလင်း+မတင်မာဝင်းမိသားစု၊ကိုဆန်းဝင်း+မတင်ဌေးမိသားစု၊ဦးစန်းလွင်+ဒေါ်ညွန့်ရီမိသားစုနှင့်
၊ု၊ဦးညိုမောင်+ဒေါ်သန်းအိမိသားစုနှင့်ုတို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပင့်ဆောင်လာသော မြဘုရားဆင်းတုတော်များအား အနေကဇာတင်ကုသိုလ်ပွဲပြုလုပ်ကြလျက် ပဌာန်းတရားတော်များ
နာယူခြင်း လူပရိသတ်များအား ထမင်းအာဟာရများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ပင့်သံဃာတော်
အပါး(၂၀)ကျော်တို့အား ဆွမ်းနှင့် န၀ကမ္မ ၀တ္ထုငွေများဆက်ကပ်ကြပြီး ရေစက်ချတရားတော်များ
နာယူခဲ့ကြတယ်လို့ သိရှိရပါတယ်.....

07/01/2011

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အတွက်ကွန်ပျူတာပစ္စည်းများပေးအပ်လှူဒါန်း

ဦးသိက္ခိတမှ စာကြည့်တိုက်၏ သြ၀ါဒစရိယဆရာတော် အရှင်စိန္တာမယထံ ကွန်ပျူတာပစ္စည်းများ လှူဒါန်းနေစဉ်
ဦးထွန်းခင်မှ စာကြည့်တိုက်မှူး ဦးခင်ဆောင်ထံ ကွန်ပျူတာပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်
ဦးဌေးမောင်+ဒေါ်ချိုစန်းမိသားစုတို့မှ စာကြည့်တိုက်မှူးထံ ကွန်ပျူပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်
ကိုသန်းလင်း+မတင်မာဝင်းမိသားစုတို့မှ စာကြည့်တိုက်မှူးထံ ကွန်ပျူတာပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်
မောင်မျိုးလင်း+မတင်မာအေးမိသားစုတို့မှ စာကြည့်တိုက်မှူးထံ ကွန်ပျူတာပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်

မြန်မာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊နတ္တော်လပြည့်ကျော်(၄)ရက်(၂၅-၁၂-၂၀၁၀)စနေနေ့တွင်

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊ သဲကုန်းရွာနေ ဦးထွန်းခင်+ဒေါ်ခင်လှမိသားစုတို့မှ

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အတွင်း အသုံးပြုနိုင်ရန်အတွက်ကွန်ပျူတာပစ္စည်းများ

ပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်၏ သြ၀ါဒစရိယဆရာတော် အရှင်စိန္တာမယ(ဓမ္မကထိက)

နှင့် စာကြည့်တိုက်မှူး ဦးခင်ဆောင်တို့်မှ လက်ခံရယူခဲ့တယ်လို့ သိရှိရပါတယ့်။

03/12/2010

တို့တောရွာဘုရားပွဲတော်


ရွာဘုရားပွဲကား နီးကပ်လာချေပြီ။ နတ္တော်လပြည့်နေ့ရောက်တိုင်း ရွာမှာ ဘုရားပွဲက ကျင်းပနေကျ။ ရွာသူရွာ သားတို့ အုံးအုံးကျွက်ကျွက် ဖြစ်သောကာလဟုဆိုလည်း မမှား။ ဘုရားပွဲတော်တွင် ရွာသူရွာသားများ၏ ၀ါသနာအရ ဖျော်ဖြေကပြသော အရပ်ပြဇာတ်သဘင်ကလည်း ကြည့်ရသူများအဖို့ အင်မတန် ပျော်စရာကောင်းလှပေ၏။ ရွာနီးစပ်က ပွဲဈေးသည်များ လာရောက်တည်ခင်း ရောင်းချကြသည်ကလည်း ၀ယ်စရာ ချမ်းစရာ အမျိုးစုံ။ ဘုရားပွဲရက်အတွင်း လာရောက်မည့် ဧည့်သည်များကို တည်ခင်းကျွေးမွေးဖို့ အိမ်တိုင်းလိုလို မုန့်မျိုးစုံကို လုပ်ကြသေးသည်။ ထို့ကြောင့်မို့ ရွာသူ/သားတို့ အတွက် ပျော်ရွှင်စရာ ကြည်နူးစရာ အကောင်းဆုံးအချိန်ဟုလည်း ဆိုနိုင်သည်။

ဒီနှစ် ဘုရားပွဲတော်အတွက် သူကြီး ဦးတိုင်းအုပ် အပါအ၀င် ရွာသားများအားလုံး အတော်လေး အားခဲထားကြသည်။ ရွာဦးကျောင်း ဆရာတော်ကလည်း ရွာသူရွာသား
ဒကာ၊ဒကာများအပေါ် နားလည်ခွင့်လွှတ်တတ်သည့်အတွက် ဆရာနှင့် ဒကာအပေးယူ မျှတသည်ကလည်း ရပ်ရွာဘုရား စည်ကားခြင်းရဲ့ သော့ချက်တစ်ခုဟု ဆိုရပေမည်။
ဘုရားပွဲအတွက် တစ်ရွာလုံး အားခဲထားသည့်အကြောင်းကတော့ သူတို့ရွာတွင် ဘုရားပွဲမလုပ်ဖြစ်ခဲ့တာ သုံးနှစ်တိတိ ရှိခဲ့သောကြောင့်ပင်။

သုံးနှစ်ဆက်တိုက် ဘုရားပွဲမလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းကား ဤသို့ပေတည်း။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးနှစ်က ကောက်ပဲသီးနှံဈေးများ ထိုးကျ၍ ရွာသားများအားလုံးနီးပါး စီးပွားပျက်ခဲကြခြင်းကြောင့်ဖြစ်သည်။

ထုံးစံအတိုင်း ပွဲတော်ရက် ပထမနေ့အတွက် ရွာဦးကျောင်းသို့ ဆွမ်းကွမ်းနှင့် လှူဒါန်းဖွယ်ရာများကို စီတန်း လှည့်လည်၍ ပို့ဆောင်ရသည်။ ထိုအခမ်းအနားအတွက် ကွမ်းတောင်ကိုင်အတွက် ဘယ်သူကိုတာဝန်ပေးရမလဲ၊ ဘယ်သူတွေက ဘယ်တာဝန်တွေယူကြမှာလဲဆိုတဲ့ ကိစ္စတွေအတွက် သူကြီးနှင့် ရွာလူကြီးတချို့ သူကြီးအိမ်တွင် အစည်းအဝေး ထိုင်နေကြသည်။ ကွမ်းတောင်ကိုင်ဆိုတာ ရွာဓလေ့အတိုင်း ရုပ်ရည်ချောမောပြီး အိမ်ထောင်မရှိသည့် အပျိုကိုသာ ရွေးချယ်လေ့ရှိသည်။ လွန်ခဲ့သော သုံးနှစ်က ကွမ်းတောင်ကိုင် အရွေးခံထားရသူ မိစန်းကား အတော်လှပသူဖြစ်သည်။

သို့သော် မိစန်းက အသက်ကြီးသွား၍ ဒီနှစ်ဘုရားပွဲအတွက် ကွမ်းတောင်မဖြစ်ထိုက်ဟု သူကြီးက အဆိုတင်သွင်းလာသည်။ လူကြီးတချို့က သူကြီး ဦးတိုင်းအုပ်၏အဆိုကို ထောက်ခံတာလည်းမဟုတ် ကန့်ကွက်တာလည်း မဟုတ်ဘဲ အင်းမလှုပ် အဲမလှုပ် လုပ်နေကြသည်။ တဦးစ နှစ်ဦးစက သူကြီး၏အဆိုကို ထောက်ခံသည်။ တချို့ ကတော့ ဘာပြန်ပြောရင် ကောင်းမည်နည်းဟု မေးကိုပွတ်ကာ စဉ်းစားနေကြသည်။ တချို့ကတော့ ရေနွေး ကြမ်းကိုသာ တခွက်ပြီးတခွက် တွင်တွင်ကြီး သောက်နေကြသလို တချို့ကတော့ ပြောင်းဖူးဖက်လိပ်များကို အဆက်မပြတ်ဖွာ၍ အိမ်ခေါင်မိုးကိုသာ မော့ကြည့်နေကြသည်။ ဘာမှဝင်မပြောကြ။

ထိုအချိန်၌ ရွာထဲတွင် လူသူအလေးစားခံရဆုံးသူတဦးဖြစ်သည့် ဦးသာဗျော့ကသူကြီးမင်းခင်ဗျာ။ ဒီလိုတော့ ရှိပါတယ်။ မိစန်းက တခြားမိန်းကလေးတွေနဲ့စာရင် အသက်ကြီးသွားပြီဆိုပေမယ့် တကယ်က (၁၉) နှစ်ပဲ ရှိပါ သေးတယ်။ ပြောရရင် (၁၉) နှစ်တောင် မပြည့်တတ်သေးပါဘူးဗျ။ နောက်တစ်ချက်ကလည်း ဘာပဲပြောပြော သူက ရွာကအပျိုတွေထဲမှာ အခုအထိ အချောဆုံး အလှဆုံးဆိုတော့ ကွမ်းတောင်ကိုင်လုပ်ဖို့ အသင့်တော်ဆုံးလို့ ကျုပ်ကတော့ ထင်ပါတယ်ဟု သူကြီး ဦးတိုင်းအုပ်အား တင်ပြ၏။ ဤတွင်မှ စောစောက တောလိုလို တောင်လိုလိုဖြင့် ငြိမ်ချက်သားကောင်းနေသော ရွာလူကြီးများထံမှ တသောသော အသံများထွက်လာပြီး ဦးသာဗျော့ အဆိုအား ထောက်ခံကြသည်။ သို့သော် သူကြီးကား ဦးသာဗျော့၏ အဆိုကို သိပ်ပြီး သဘောတွေ့ပုံမရ။ ထို့ ကြောင့် ကိုသာဗျော့ ပြောလာတာလည်း တစ်နည်းတော့ သဘာဝကျပါတယ်။ သို့သော် တခြားသူများရဲ့ အမြင်ကလေးတွေလည်း သိပါရစေဆိုပြီး သူကြီးက အပျော့ဆွဲထိုးလိုက်သည်။

ထို့နောက် သူကြီး ဦးတိုင်းအုပ်က သူ့ကို ထောက်ခံသူ တစ်ဦးစ နှစ်ဦးစဘက်သို့ အဓိပ္ပာယ်ပါသော မျက်လုံးများ ဖြင့် လှမ်း၍ကြည့်လိုက်သည်။ သူကြီးကို အမြဲတမ်း ဖော်လံဖားနေသူတစ်ဦးဖြစ်သည့် ဦးဖိုးကိုင်းက နှာခေါင်းသံပါသော အသံငယ်လေးဖြင့် မိစန်းက ချောသေးတယ် လှသေးတယ် ဆိုပေမယ့် သူကြီးမင်း ပြောသလို ကျုပ် တို့ရွာထုံးစံအတိုင်းဆို အသက်ကြီးနေပါတယ်။ သည်တော့ကား မိစန်းထက် အသက်ငယ်တဲ့ မိန်းကလေးတစ်ဦးဦးကိုသာ ကွမ်းတောင်ကိုင် ရွေးဖို့ အကြံပြုလိုပါတယ်ဟု သူကြီးဘက်မှ ပြောင်ပြောင်တင်းတင်း ဘက်လိုက် ၍ ပြောလေသည်။

ဦးဖိုးကိုင်းအဆိုကြောင့် သူကြီးမင်းမျက်နှာ ၀င်းကနဲ ဖြစ်သွားသည်။ နောက် ကျန်သည့် ရွာလူကြီးများဘက်သို့ လှည့်၍ ကိုင်း ကျုပ်ပြောတယ်မို့လားဟူသော မျက်နှာပေးဖြင့် မေးဆတ်၍ ပြလေသည်။ ဆက်တိုက်ဆိုသလို ဦးမှောက်ဆိုသည့် ရွာလူကြီးတစ်ဦးကလည်း ဟုတ်တယ်ဗျ။ ကျုပ်ကတော့ ဦးဖိုးကိုင်း ပြောတာကို ထောက်ခံတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျုပ်တို့ရွာထုံးစံမှာက ကွမ်းတောင်ကိုင်ဆိုတာ အသက် (၁၆) နှစ်လောက် ပဲရှိသင့်တယ်မို့လား။ (၁၇) နှစ်ဆိုရင်တောင် ကြီးသွားပြီဟု ၀င်၍ ပြောလေသည်။ ဦးမှောက်သည်လည်း မထူး၊ သူကြီးတို့များ လေလည်ရင်တောင် သူများတွေလို ဘယ်တော့မှ မနံဘူးဟု ဦးဖိုးကိုင်းလို ဖားဖားယားယား လုပ်လေ့ရှိသူတဦးလည်း ဖြစ်သည်။

ဖော်လံဖားနှစ်ဦး၏ အဆိုကြောင့် ပထမတုန်းက ဦးသာဗျော့ကို ထောက်ခံထားသော ရွာလူကြီးများ ငြိမ်ကျသွားသည်။ ငြိမ်ကျသွားတာ တခြားကြောင့်တော့မဟုတ်၊ သူကြီးမင်း ဘာအကွက်ဆင်နေသလဲဆိုတာကို ထင်းကနဲ ရှင်းကနဲ ရိပ်စားမိသောကြောင့်ဖြစ်သည်။ သိတာပေါ့ တစ်ရွာတည်းသားချင်းတွေဟာကိုး။ ဘယ်သူ့ဆီကမှ နောက်ထပ် အသံထွက်မလာသောကြောင့် နောက်ဆုံးတွင် ဦးသာဗျော့က ဦးဖိုးကိုင်းနဲ့ ဦးမှောက်ကို ကျုပ်တစ်ခုပြောလိုပါတယ်။ တခြားတော့ မဟုတ်ပါဘူး။ ကွမ်းတောင်ကိုင်ဆိုတာ အသက် (၁၆) နှစ်ထက် မကျော်ရဖူးလို့ စာနဲ့ပေနဲ့ သတ်မှတ်ထားတာ မရှိပါဘူး။ ကျုပ်ပြောတာ မယုံရင် ရွာဦးကျောင်း ဆရာတော်ကို မေးကြည့်လို့ရပါတယ်။ အိမ်ထောင်မရှိ အပျိုဖြစ်ရမယ်၊ ချောမယ် လှမယ်ဆိုရင် အသက်နှစ်ဆယ်အစိတ်လည်း ကွမ်းတောင်ကိုင်ဖြစ်ခွင့်ရှိပါတယ်ဟု လေသံအေးအေးဖြင့် တဆင့်တက်ကာ ရှင်းလေ၏။

သို့သော် အဖားအရှိန်ကို သတ်မရသော ဦးမှောက်က ဆရာတော်ကို မေးဖို့ဆိုတာကလည်း ကွမ်းတောင်ကိုင် ရွေးတာက သံဃာတော်တွေနဲ့ မအပ်စပ်တဲ့ကိစ္စဆိုတော့၊ ကိုင်း ကိုင်း၊ သည်လိုဆိုရင် ကျုပ်ကြားချ ပြောမယ်ဗျာ။ ရွာအနောက်ပိုင်းက ကိုငြိမ်းနု သမီးလေး မိနောက်ဆိုရင် မကောင်းဘူးလား။ သူလည်း အချောသားပဲဟာ။ အသက်ကလည်း (၁၆) နှစ် ၀န်းကျင်လောက်ဆိုတော့ မဆိုးပါဘူးဟု အမောတကောဖြင့် သူ့အဆိုကို ထပ် တင်ပြန်သည်။ ရွာလူကြီးအားလုံးက အင်းဟု လေသံရှည်ကြီးများ ဆွဲပြီး ဘာမှဆက်မပြောကြဘဲ ရေနွေးဖိသောက်သူကသောက်၊ ဆေးလိပ်တွင်တွင်ဖွာသူကဖွာနှင့် ဖြစ်နေကြပြန်သည်။ ဦးသာဗျော့ကတော့ ကြားနေ နေသော ရွာလူကြီးများကိုရော၊ ကိုယ်လိုချင်ရာ ဇွတ်အတင်းဆွဲနေသော သူကြီးတို့ တအုပ်လုံးကိုပါ စိတ်ပျက် လာသောကြောင့် ဘာမှထပ်၍ အကြံမပေးတော့။

သူကြီးမင်းက ဦးမှောက်ရဲ့၊ အဲသည့် မိန်းကလေးက ချောတယ်၊ အသက်လည်း ငယ်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အရပ်က ပုလွန်းလှတယ်။ ကွမ်းတောင်ကိုင်ဆိုတာ အဲသလို ပုတက်တက် ဖြစ်နေရင်လည်း လူရယ်စရာဖြစ်လိမ့်မယ်ဟုဆိုပြီး ဦးမှောက်၏အဆိုကို ယဉ်ယဉ်လေးဖြင့် ပယ်ချလိုက်သည်။ သည့်နောက် ရွာလူကြီးများထံမှ နောက်ထပ်ဘာအဆိုမှ တင်သွင်းလာခြင်းမရှိတော့သဖြင့် သူကြီး ဦးဖိုင်းကိုင်းနှင့် ဦးမှောက် တို့အသံများကသာ အစည်းအဝေးတခုလုံးကို ဖုံးလွှမ်းနေတော့သည်။

အတော်ကြာတွင် ဦးဖိုးကိုင်းက ဤသို့ အဆိုတင်ပြန်သည်။ ကိုင်း ဒါဖြင့်ရင် ရွာအလယ်ပိုင်းက မိချုပ်ကလေး ဆိုရင်ကော မသင့်တော်ဖူးလားဟု ပြောလိုက်သည်နှင့် ဦးမှောက်ကဟုတ်တယ်၊ ဟုတ်တယ်၊ အဲသည့် က လေးမက အသက်လည်း ငယ်၊ အရပ်လည်း ရှည်တယ်။ ရုပ်ကလေးကလည်း တယ်မဆိုးလှပါဘူးဟူ၍ တန်း ကနဲ ထောက်ခံလိုက်သည်။

သူကြီမင်း ဦးတိုင်းအုပ်က စက္ကန့်အနည်းငယ်မျှ စဉ်းစားဟန်ပြုနေပြီး အဟမ်း အဟမ်းဟု ချောင်းဆိုးလိုက် ရင်း သူ့သဘောထားကို ရွာလူကြီးများအားပြောလေသည်။အင်းပေါ့လေ။ ကျုပ်အနေနဲ့လည်း ဒီကလေး မလေးဆိုရင်တော့ သင့်တော်တယ်လို့ထင်တာပဲ။ ကိုင်း အချိန်ကလည်းလင့် ကျန်တဲ့သူတွေကလည်း ဘယ် လိုမှ သဘောမထားဘူးဆိုရင်တော့ မိချုပ်ကိုပဲ ကွမ်းတောင်ကိုင်အဖြစ် ရွေးလိုက်ပါပြီလို့ဆိုရင်း အစည်းအဝေးကို ရုပ်သိမ်းလိုက်တော့၏။

တကယ်ကတော့ ရွာလူကြီးတွေအနေနဲ့ သူကြီးအာဏာစက်ကို ကြောက်၍ ပါးစပ်ပိတ် ငြိမ်နေသည်ကို သူကြီးက သူ့ကို ထောက်ခံသည်ဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။ မိချုပ်သည် အရပ်မပုသော်လည်း ကိုယ်လုံးကိုယ် ပေါက်က မလှ၊ ပြားချပ်ချပ်ကြီးဖြစ်သည်။ ထို့အပြင် အသားအတန်မဲ၍ ရုပ်ရည်ကလည်း ရွက်ကြမ်းရေကျိုသာ ဖြစ်ရသည့်အထဲ မျက်နှာပေါ်တွင်လည်း ၀က်ခြံများနှင့်။ သို့သော် မေးစရာရှိတာက ဒါဖြင့်ရင် ဘာကြောင့် မိ ချုပ် ကွမ်းတောင်ကိုင် အရွေးခံရတာလဲဆိုသည့် မေးခွန်းပင်ဖြစ်သည်။ တစ်ခြားကြောင့်တော့မဟုတ် မိချုပ်က သူကြီးတူမဖြစ်သောကြောင့်ပင်တည်း။

အမှန်ကတော့ ဒီအစည်းအဝေး မစခင်ကတည်းက သူကြီးမင်းနှင့် သူ့လူနှစ်ယောက် ဇာတ်တိုက်၍ လက်ဝါး ရိုက်ထားသော အစီအမံသာဖြစ်သည်။ အစည်းအဝေး စစချင်း ကွမ်းတောင်ကိုင်အဖြစ် မိချုပ်ကို ရွေးမည်ဟု အဆိုတင်ပါက မကောင်းတတ်သောကြောင့် တခြားမိန်းကလေးအမည်များကို လေကုန်ခံ အချိန်ကုန်ခံ၍ အဆို တင်သွင်းနေကြခြင်းသာဖြစ်သည်။(ဤကား မြန်မာအစည်းဝေးတို့၏ ထုံတမ်းစဉ်လာတစ်ရပ်)

ပွဲနေ့မတိုင်မီ တစ်ရက်အလိုတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ ဦးစီး၍ သူကြီးအိမ်မှ အခိုင်းအစေလက်သားများဖြင့် ရွာထဲလှည့်၍ ဘုရားပွဲရက်အတွင်း လိုက်နာရမည့် စည်းကမ်းများကို မောင်းတဒူဒူထု၍ ကြေငြာကြသည်။ ထို့ အပြင် တခြားရွာက လူတွေလည်း ဘုရားပွဲလာမှာဆိုတော့ စည်းကမ်းချက်များကို စာရွက်များပေါ်တွင် ရေးသား၍ ရွာထဲတွင် နေရာအနှံ့ကပ်ထားပြန်သည်။ ဤသို့မလုပ်၍မဖြစ်။ အဘယ်ကြောင့်ဆိုသော် မပြောကောင်း မဆိုကောင်း ဘုရားပွဲကို အကြောင်းပြု၍ ငုတ်နေသော လက်ကျန် ဂဠုန်တပ်သားတချို့တလေ ပေါ်လာပြီး ရုတ်ရုတ်သဲသဲလုပ်မှဖြင့် အင်္ဂလိပ်ခရိုင်ဝန် သူ့ကို ငြိုငြင်မှာ သူကြီး ဦးတိုင်းအုပ် စိုးရိမ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရွှေပွဲလာများအနေဖြင့် ဘုရားပွဲသုံးရက်အတွင်း ပွဲကြည့်တာ ဈေးဝယ်တာကလွဲ၍ တခြားဟာတွေ မလုပ်နိုင်အောင်၊ မလုပ်ရဲအောင် ရှိသမျှ စည်းကမ်းတွေကို သူကြီး ဦးတိုင်းအုပ်က ကြိုထုတ်နေခြင်းဖြစ်သည်။

သို့သော် ထိုမျှနှင့် အားမရသေး၍ ဇာတ်ကမည့် ပထမညတွင် ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ တစ်ယောက်တစ်လဲစီ လော်စပီကာမှတဆင့် လိုက်နာရမည့် စည်းကမ်းများကို မမောနိုင်မပန်းနိုင် ဆယ့်ငါးမိနစ်တစ်ခါ နာရီဝက်တစ်ခါ ဆိုသလို ကြေညာနေသေးသည်။ မိုက်ခွက်ကိုင်၍ လူတွေကို ဤသို့ပြောရသည်ကိုလည်း သူတို့အနေဖြင့် အတော်လေး ကျေနပ်နေကြသယောင်ပင်။

ကြေငြာနေသည့် စည်းကမ်းချက်များကတော့ တောက်၊ တောက်၊ တောက် (မိုက်ခွက် ကောင်း မကောင်း လက်ချောင်းဖြင့် ခေါက်၍ စမ်းသည့် အသံ) ဟဲလို၊ ဟဲလို၊ ဘုရားပွဲလာ ပရိသတ်အပေါင်းတို့ခင်ဗျား။ ဘုရားပွဲလာ ပရိတ်သတ်အပေါင်းတို့ခင်ဗျား။ ခရိုင်ဝန်ညွှန်ကြားချက်အရ သူကြီးမင်း ဦးတိုင်းအုပ် ထုတ်ထားတဲ့ ဘုရားပွဲ စည်းကမ်းတွေကို ဖတ်ပြမှာဖြစ်ပါတယ်။ သေသေချာချာ နားထောင်ကြပါ။ ပွဲခင်းအတွင်း ဓားမြှောင်၊ ဓားရှည်၊ တုတ်တို၊ တုတ်ရှည်နှင့် မည်သည့်လက်နက်မှ ကိုင်ဆောင်ခြင်းမပြုရ။ ပုဆိန်များ၊ ရဲတင်းများ ပွဲခင်းအတွင်း ယူ ဆောင်မလာရ။ ကြံဆိုင်မှ ကြံချောင်းများကို ၀ယ်ပြီးလျှင်ပြီးချင်း စားသုံးရမည်။ ကြံချောင်းများကိုင်၍ ပွဲခင်းအတွင်း သွားလာခြင်းမပြုရ။ ကောက်ညှင်းကျည်တောက်များကို (ခဲလံချောင်းများ) ဆိုင်မှာပဲ ထိုင်စားပါ။ ၎င်းတို့ ကို ကိုင်ဆောင်၍ ပွဲခင်းထဲ သွားလာခြင်းမပြုရ။ ဥသျှစ်သီး၊ သီးသီး၊ အုန်းသီးများကို လွယ်အိတ်ထဲမှာ ထည့်မသယ်ရ။ အုတ်ခဲများ၊ ကျောက်ခဲများ ဖင်ခုထိုင်၍ ပွဲမကြည့်ရ။ ဖျာခင်း၍သာ ပွဲကြည့်ရမည်။ ပွဲခင်းအတွင်း မူးယစ်သောက်စား ရမ်းကားခြင်း၊ ခိုက်ရန်ဖြစ်ပွားဖြင်း၊ အမျိုးသမီးများအား သားပြောမယားပြော ပြော၍ နောက် ပြောင်ခြင်းမပြုရ။ မူးယစ်စေသည့်အရာဆို၍ ထညက် (ထန်းလျက်) တောင် ရေဖျော်မသောက်ရ။ ပွဲခင်းအတွင်း သကြားထုတ်များယူလာပြီး မလျက်ရ။ ကာလသားများအထူးမှတ်ရန်၊ အကြော်ဆိုင်မှာထိုင်ရင် ကောင်း ကောင်း ထိုင်ကြပါ။ ရေနွေးကြမ်းအိုးထဲ အရက်ခိုးထည့်ပြီးမသောက်ရ။ လူကြီးများ အထူးမှတ်ရန်၊ မိမိအိမ်တွင် အရက်သောက်ထားပါက မိမိအိမ်မှာပဲ နေရန်။ ပွဲခင်းထဲသို့ မလာရ။ အမျိုးသမီးများ အထူးမှတ်ရန်၊ ပွဲခင်းထဲတွင် ဖျာလု၍ ရုန့်ရင်းကြမ်းတမ်းစွာ ဖေတော့မောင်တော့ အော်ဟစ်ဆဲဆို ရန်မဖြစ်ရ။ စည်းကမ်းမလိုက်နာဘဲ ဖောက်ဖျက်ပါက မည်သူမဆို ဘုရားပွဲပြီးသည့်အထိ ထိပ်တုံးခတ်ခံရမည်ဟူသတည်း။

သူကြီးမင်းကိုယ်တိုင်လည်း ရွာထဲက ငမူးငရူး ကာလသားတချို့ကို ဟေ့ကောင်တွေ၊ ငဖြိုးတို့ ငတိုးတို့၊ ကြွက်နီတို့၊ ဒီကိုလာစမ်း။ သေသေချာချာ နားထောင်။ ကိုယ့်ရွာက ကွမ်းတောင်ကိုင်ကို တခြားရွာက ကောင်တွေ ရိသဲ့သဲ့လာလုပ်ရင် တွယ်သာတွယ်ထည့်လိုက်။ နောက်မှ ငါ ကြည့်ရှင်းမယ်။ ဟုတ်ပလားဆိုပြီး ကြိတ်၍ မြှောက်ပေးထားသေးသည်။

ထို့အပြင် သူကြီးမင်းက ဇာတ်ခုံတဲ့တဲ့နှင့် မျက်နှာချင်းဆိုင် ပေသုံးဆယ်လောက်အကွာတွင် အထူးပွဲကြည့်စင် တစ်ခုကို ဆောက်ထား၍ သူ့တူမ ကွမ်းတောင်ကိုင် မိချုပ်အပါအ၀င် ဆွေမျိုးများ၊ သူ့လက်သားများနှင့် ထိုစင်ပေါ်မှ ဇာတ်ပွဲကိုကြည့်၏။ တချိန်ထဲမှာလည်း ဇာတ်ပွဲကြည့်ရင်း ရေနွေးကြမ်းအိုးထဲတွင် အရက်ထည့်သောက်သေးသည်။ သူကိုယ်တိုင် စည်းကမ်းဖောက်သည်ကို မည်သူမှ မပြောရဲ။ သူကြီးမင်းပေကိုး။ တခါ အထူးပွဲ ကြည့်စင်က အလယ်မှာ ရောက်နေ၍ ပွဲကြည့်ပရိသတ်အများစုက စင်းဘေးဘယ်ညာတွင် ဖြန့်၍ ထိုင်ကြရ သည်။ သူကြီးအပြောကတော့ အထူးပွဲကြည့်စင်ကို ဆောက်ရခြင်းက ပွဲခင်းလုံခြုံရေးအတွက်ဖြစ်သည်ဟုဆို ၏။

ရွာဘုရားပွဲပြီး၍ ဇာတ်လမ်းကိုချုပ်သော် ဘယ်တစ်ရွာသားကမှ သူကြီးတူမ ကွမ်းတောင်ကိုင်ကို ရိသဲ့သဲ့ မလုပ်ကြပါ။ သူကြီးမင်း၏ ကာလသားလူမိုက်များကို ကြောက်၍မဟုတ်။ ကွမ်းတောင်ကိုင်က ပုံမလာ ပန်းမလာနှင့် ဗလချာရမ်း အကျည်းတန်လွန်း၍ဖြစ်သည်။ ဦးသာဗျော့ကတော့ ဇာတ်ပွဲနှင့် ဈေးတန်းကို သပိတ်မှောက်သည့်အနေဖြင့် သုံးရက်လုံးလုံး ပွဲနှင့်ဝေးရာကို သွား၍နေလေသည်။ အစည်းဝေးတုန်းက ဦးသာဗျော့၏ အဆိုကို ထောက်ခံခဲ့သည့် ရွာလူကြီးများထဲမှ သုံးယောက်လောက် ထိပ်တုံးခတ်ခံရသည်။ တစ်ဦး၏ အိမ်တွင် အရက်သောက်အပြီး နောက်တစ်ဦးအိမ်သို့ ပြောင်းသောက်ရန်အကူး လမ်းပေါ်တွင် မူးနေသော သူကြီး၏ ရွာလုံခြုံရေး ကင်းသမားများက တွေ့သွားပြီး ထိုလူကြီးများကို ဖမ်းလိုက်ခြင်းဖြစ်သည်။ အိမ်တွင် အရက်သောက်ထားပါက ပွဲခင်းထဲသို့ မလာရဆိုသည့် စည်းကမ်းကို ဖောက်ဖျက်၍ ပွဲခင်းဘက်သို့သွားရန် ကြံရွယ်သည်ဟု စွပ်စွဲကာ ဖမ်းလိုက်သောကြောင့်ဖြစ်တော့သည်။

ဦးဖိုးကိုင်းနှင့် ဦးမှောက်တို့ကတော့ လော်စပီကာမှတဆင့် စည်းကမ်းတွေကို သုံးညလုံးလုံး အော်ခဲ့ရသဖြင့် အသံတွေဝင်၊ အအေးတွေပတ်ကာ ဖျား၍ အိပ်ရာထဲတွင် ဘုံးဘုံးလဲနေကြသည်။ သူကြီးမင်း ဦးတိုင်းအုပ်လည်း ဘုရားပွဲမလုပ်ခဲ့ရသည့် သုံးနှစ်စာအတိုးချ၍ သောက်သောကြောင့် အရက်နာကျပြီး တအင်းအင်းသာ အသံ ထွက်နိုင်၍ အိပ်ရာထဲမှ မထနိုင်။ ဘာခံနိုင်မလဲ သံမဏိနှင့် ထုထားတာမှ မဟုတ်ဘဲ။ ပြီးတော့ အသက်ကလည်း ရပြီဟာကိုး။

ရွာထဲမှ အမျိုးသမီးပရိသတ်များကတော့ ဘုရားပွဲသုံးရက်အတွင်း ကွမ်းတောင်ကိုင် ဖြစ်သင့်ရဲ့သားနဲ့ မဖြစ်လိုက်ရရှာသည့် မိစန်းကို ဂရုဏာသက်ကာ မိစန်းအိမ်တွင် စုဝေးနေကြသည်။ မိစန်းကား ပိတုန်းရောင် ဆံထုံးထက်တွင် စံပယ်ပန်းတို့ဖြင့် ဘုရားပွဲပြီးမှ ပို၍ပင် လှပနေသေးတော့သည်။

အသိပေးခြင်း--ယခုနှစ်နတ္တော်လပြည့်နေ့တွင် ကျရောက်မည့် ရွာဘုရားပွဲတော်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်
ဤဆောင်းပါးကို တင်ဆက်ပေးလိုက်ပါသည်၊။

23/11/2010

တန်ဆောင်တိုင်ဖူးစာ (၅-ခန်းရပ် စင်တင်ပြဇာတ်)

တန်ဆောင်တိုင်ဖူးစာ ပြဇာတ်တွင် တင်ဆက်ကပြကြသည့် ကာရိုက်တာလေးများ


ပြဇာတ်အဖွင့်မိတ်ဆက်စကားပြော......

မောင်ကဗေဒါ ရေလွှာကမင်း တစ်နေ့သောခါ ရွှေကြာကိုတွေ့ ဗေဒါလေးကို မေ့လိုက်ပါနဲ့ရေလွှာလေးရယ်..လို့ဖွင့်ဟခဲ့သူဗေဒါအဖြစ်မောင်အောင်နိုင်ထွေး
ရေကန်ဆိုတာကြာရှိမှတင့်တာလို့ပြောကြားခဲ့သူရွှေကြာအဖြစ်မောင်သားငယ်
အစ်မကြီးတော့အမိရာဆိုသလိုညီမငယ်နှစ်ယောက်အတွက်အားထားရတဲ့အစ်မကြီးစုဝတီအဖြစ်မခင်မိုးဆွေ
ွအစ်မကြီးနှင့်အတူအေးအတူပူအမျှဘ၀ကိုရင်ဆိုင်သူမနွေဝတီအဖြစ်မသင်းသင်းဦး
ရွှေကြာနှင့်ဗေဒါနှစ်ယောက်ကြားမှာအချစ်အတွက်ဗျာများခဲ့ရသူညီမငယ်ရေ၀တီအဖြစ်မီးမီး(ခ)မြင့်မြင့်ဋ္ဌေး
တို့နှင့်အတူ ချင်းဆိုင်ရွာအနုပညာညီအစ်ကိုမောင်နှမအင်အားစုများပါဝင်ဖြည့်ဆည်း
ထားကြတဲ့ဤတန်ဆောင်တိုင်ပြဇာတ်အားတန်ဆောင်တိုင်ညအမှတ်တရအဖြစ်ယမန်နှစ်ကချင်းဆိုင်ရွာမှာ
တင်ဆက်ကပြခဲ့တဲ့သလို ယခုလည်းပဲမျိုးဆက်သစ်ပရိသတ်ကြီးအတွက်စီစဉ်တင်ဆက်လိုက်ရပါသည်။
ပြဇာတ်ဒါရိုက်တာ-ဆန်းသစ်အောင်

အခန်း(၁)
ဤနေ့ညကား ဆီးနှင်း၊မြူ၊တိမ်၊သူရိန်၊မီးခိုးဟူသောညစ်မျိုးငါးဝ ကင်းစင်သောညတစ်ညဖြစ်သည့်အလျှောက်
အထက်ဝေဟင် ကောင်းကင်ပြင်ကိုမော့၍ကြည့်ပါက အညစ်ကြေးငါးမျိုးစလုံး ကင်းစင်နေသဖြင့်အလွန်ပင် သာယာကြည်နူးဘွယ်ကောင်းလှချေ၏။ဤသို့သော ညချမ်းသမယမျိုး၌ အညာဒေသမှချင်းဆိုင် ရွာလေး၏
အလှကားဘယ်သူပြိုင်လို့ လှပါတော့နိုင်ဟု ဆိုရမလောက်ပင်၊ရွာကလေး၏ဘေးပတ်ပတ်လည်၌
တောင်တန်း
များက ၀န်းရံထားသဖြင့် မြတ်ဗုဒ္ဓလက်ထက်က တောင်ငါးလုံးကာခို ရာဇဂြိုလ်မြို့ပမာ သာယာကြည်နူးဘွယ်ကောင်းလှ၏၊၄င်းရွာလေးတွင်နေထိုင်လျှက်ရှိကြသည့်
မစုဝတီတို့အိမ်သည်ကား ဤလိုတန်ဆောင်တိုင်လပြည့်ညရောက်တိုင်းဆေးပေါင်းခသည့်မယ်ဇလီဖူးများကိုတပျော်တပါးသုတ်စား
လေ့ရှိသည်မှာဒီနှစ်ပါဆိုလျှင်(၃)နှစ်ပြည့်လာ
ခဲ့ချေပြီ၊ုထို့ကြောင့်ယနေ့ညကားမစုဝတီတို့အိမ်၌လူငယ်များဖြင့်
့်စည်ကားနေလေတော့၏၊အဘယ့်ကြောင့်ဆိုသော်မစုဝတီတို့
ညီအစ်မသုံးးယောက်အလှကလည်းမယ်ဇလီဖူး
ှသုတ်ထက်ပင်ဆွဲဆောင်အားကောင်းလှချေသည်၊ထို့ကြောင့်ရွာထဲရှိအချို
လူငယ်လေးများကားမယ်ဇလီဖူး
ိသုတ်မကြိုက်သော်လည်းညီမသုံးဖော်ကိုအပြိုင်ပိုးလိုသဖြင်လာကြသည်ကိုလည်းတွေ့ရ၏
၊၄င်းညီမသုံးယောက်
်ကားရောက်လာသမျှလူငယ်များအား မယ်ဇလီဖူးသုတ်များဖြင့်မမောနိုင်မပန်းနိုင်ဧည့်ခံကျွေးမွေးနေသည့်
ပုံရိပ်ကား ညီမတတွေ၏ရိုးသားမှုကို အစ်မကြီးစုဝတီကပါးစပ်ကတဖွဖွပြောကာဧည့်ခံနေစဉ်မှာရွာထဲမှ
ှအရက်သမားဖိုးတေနှင့်ဖိုးပေတို့အဖွဲ့က
စုဝတီ နွေဝတီ ရေ၀တီတို့အားဇာတ်ဝင်ခန်းတစ်ခု၌တွေ့ရစဉ်
တို့အရက်မူးပြီး“..ဆေးပေါင်းခတဲ့ည..ဆေးပေါင်းခတဲ့အရက်”ဟုသီချင်းဆိုငြီးကာမစုဝတီတို့အိမ်ထဲသို့
ဝင်လာကြသဖြင့်.
”.ဟေ့ ကောင်လေးတွေ အရက်မူးလာပြီး ဘာတွေအော်နေကြတာလဲ..ဒီမှာမှတ်ထား ကြစမ်း..တကယ်တော့နင်တို့သောက်တဲ့အရက်တွေဟာဆေးပေါင်းမခဘူးဟဲ့..အကြွေးပေါင်းခတာ.
.မှတ်ထားကြ…
့လူပျိုကြီးကိုလှအရက်ဆိုင်မှာလည်းနင်တို့နှစ်ယောက်သောက်ထားတဲ့အရက်အကြွေးစာရင်း ကလည်းဘောမှာပြည့်နေပြီ၊အခုလို တန်ဆောင်တိုင်ညမျိုးကြီးမှာ အရက်မူးတာ မကောင်းပါဘူးဟယ်”ဟု
ညီမလတ်ဖြစ်သည့်မနွေဝတီက ကရုဏာလေသံဖြင့်ဆိုဆုံးမနေ၏၊အရက်မူးအရှိန်ပြယ်စပြုလာသည်
့ ဖိုးတေနှင့်ဖိုးပေတို့ကား မနွေဝတီစကားဆုံးသည်နှင့်တပြိုင်နက် ဤသို့တောင်းဆိုလာကြရာ နဘေးရှိလူငယ်လေးများပင်မျက်လုံးပြူးသွားရမလောက်ဖြစ်ပေသည်၊”စောစောက မနွေဝတီပြောသွား
တဲ့အထဲမှာတန်ဆောင်တိုင်ဆိုလားဘာဆိုလားကြားလိုက်ရတယ်ဗျ..အဲဒီတန်ဆောင်တိုင်အကြောင်းက
ိုစိတ်ဝင်စားလို့ နဲနဲပါးပါးလောက် ပြောပြပေးနိုင်မလားမနွေဝတီ”။အင်းလေ. မင်းတို့ စိတ်ဝင်စားတယ်ဆို
ရင်လဲ အစ်မသိသလောက်ပြောပြပေးပါ့မယ်ဟု မနွေဝတီက ပြန်ပြောလိုက်ပြီး သူမသိထားသော
တန်ဆောင်
တိုင်အကြောင်းကို အောက်ပါအတိုင်းရှင်းပြလေတော့၏။“မြတ်စွာဘုရားရှင်လက်ထက်က
ဖခမည်းတော်ကိုသတ်ပြီး ဘုရင်လုပ်တဲ့ဘုရင်အဇာသတတ်ဆိုတာမင်းတို့လဲ ကြားဖူးကြမှာပါကွယ်…
သူဟာအဲဒီလိုဖခမည်းတော်ကို သတ်ဖြတ်ခဲ့တဲ့ အကုသိုလ်ကံကြောင့် အခုလိုတန်ဆောင်တိုင်ညမျိုးမှာ
သူ့ခန္ဓာကိုယ်ကို သံလျှက်ပေါင်းများစွာနဲ့ ထိုးနှက်သလို ခံစား
ရပြီး တစ်ညလုံးတစ်မှေးမှ အိပ်မပျော်ခဲ့ဘူးတဲ့ကွယ်…
ဒါကြောင့်သူဟာမူးမတ်တွေနဲ့တိုင်ပင်ပြီးမြတ်စွာဘုရားရှင်ဆီကိုဝေဒနာကိုအဖြေရှာဘို့အတွက်နန်းတော်ထဲကနေ
ထွက်လာခဲ့ပါတော့တယ်…အဲဒီလို နန်းတော်မုခ်ဦးကနေထွက်ရာမှာတောင်
်တွေက ကားရံထားသည့်အတွက်
မင်းတို့ငါတို့ ချင်းဆိုင်ရွာလို အလင်းရောင် ကောင်းကောင်းမရကြဘူးတဲ့ကွယ်…ဒီတော့
ဘုရင်ကို လိုက်ပို့ကြတဲ့
ဲ့မူးမတ်ဗိုလ်ပါတွေဟာ တိုင်ထိပ်တွေမှာ မီးရှူးတန်ဆောင်တွေ ထွန်းညှိကြပြီးလိုက်ပို့ခဲ့ကြတာပေါ့……
အဲဒီလို မီးရှူးတန်ဆောင်တွေထွန်းညှိကြပြီးလိုက်ပို့ကြတာကိုအတုလိုက်ပြီးယ္ခုလိုတန်ဆောင်တိုင်ဆိုတာဖြစ်ပေါ်
လာခဲ့တာပေါ့…
မောင်လးတို့ရေ..အစ်မသိရသလောက်တန်ဆောင်တိုင်အကြောင်းကတော့ဒီလောက်ပါဘဲ
ဲကွယ်”မနွေဝတီစကားအဆုံးမှာတော့ အရက်သမားဖိုးတေက”အခုလို စုံစုံလင်ရှင်းပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် မမနွေဝတီ..ကျွန်တော်တို့လဲ နောက်ဆိုရင် အခုလိုမမူးတော့ပါဘူးဗျာ.ကဲကဲကျွန်တော်တို့ပြန်လိုက်ပါဦးမယ်ဟုနှုတ်ဆက်ကာပြန်သွားကြလေရာ
မနွေဝတီပြောပြသော
တန်ဆောင်တိုင်အကြောင်းကို စိတ်ဝင်တစားနားထောင်နေကြသော အခြားလူငယ်များကလည်းအသီးသီးနှုတ်ဆက်ကြကာပြန်သွားကြချေပြီ၊ထိုအထဲတွင်ဗေဒါနှင့်ရွှေကြာဆို
သည့်လူငယ်နှစ်ယောက်ကားညီမသုံးယောက်ထဲမှအငယ်ဆုံးလဲဖြစ်၊
အချောဆုံးလည်းဖြစ်သည့်ရေ၀တီကို
ိုအပြိုင်ပိုးနေကြသဖြင့်ပြန်ဘို့ရန်မေ့နေကြသယောင်ပင်။အစ်မကြီးစုဝတီက.
.ဟဲ့..နင်တို့နှစ်ကောင်ကရောမပြန်ကြသေးဘူးလားဟုပြောလိုက်တော့မှရှက်ကိုးရှက်ကန်းဖြစ်ပြီး..အဲ..အဲ. .ကျွန်တော်တို့လည်းပြန်လိုက်ပါဦးမယ်ဟုနှုတ်ဆက်ပြီးအိမ်ရှေ့ကွပ်ပျစ်ပေါ်မှအဆင်းမျက်လုံးတွေက
ရေ၀တီဆီ
ရောက်နေကြသဖြင့်ကွပ်ပျစ်အစွန်ဖျားကိုတက်နင်းမိပြီးနှစ်ယောက်သားကွပ်ပျစ် ဘေးတွင်မှောက်ရက်လဲခဲ့ကြသည့်မြင်ကွင်းကားညီမသုံးယောက်အတွက်မမေ့နိုင်စရာအဖြစ်အပျက်လေး
တစ်ခုပေတည်း။
(ကားလိပ်ချ)
ရေ၀တီအချစ်ကိုလက်လွှတ်ခဲ့ရသူကိုရွှေကြာအားတွေ့ရစဉ်
အခန်း(၂)
ဤနေ့ကား တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့ဖြစ်ချေ၏၊တန်ဆောင်တိုင်ပွဲပြီးဆုံးသွားသော်လည်း ရွာလည်ကကိုဗေဒါတစ်ယောက်အတွက်တော့တန်ဆောင်တိုင်ညကအစပျိုးခဲ့သောအချစ်ဇာတ်လမ်းအတွက် ခရီးဆက်ဘို့ရန်ရေ၀တီတစ်ယောက် ရွာဦးဘုန်းကြီးကျောင်းသို့ ဆွမ်းပို့အလာကို လမ်းဒေါင့်တစ်နေရာမှ စောင့်ကြိုပြီးအချစ်ရေးဆိုဘို့ရန်အားခဲနေသည်မှာမြင်ရသူတွေအတွက်သနားစရာကောင်းလှပေသည်၊
အဘယ်
ကြောင့်ဆိုသော်လမ်းဒေါင့်တွင်နေမထိထိုင်မသာဖြစ်နေ၏၊မကြာမှီပင်ရေ၀တီတစ်ယောက်
်ဘုန်းကြီးကျောင်းမှ
ဆွမ်းပို့ပြန်လာခဲ့ချေပြီ၊လမ်းဒေါင့်အရောက်မှာတော့ ကိုဗေဒါက ရေ၀တီရှေ့မှရပ်လျှက်
ရေ၀တီ ဆွမ်းပို့ပြန်လာပြီပေါ့လေ..ဟုတ်တယ်..ဒါနဲ့ ကိုဗေဒါ ဒီနားလာပြီးဘယ်သူ့ကို စောင့်နေတာလဲဟင်ဟု”ရေ၀တီကမေးလိုက်ရာရှက်ကိုးရှက်ကန်းဖြင့်”ဟာဗျာဘာရယ်ဟုတ်ပါဘူး.
.မနေ့ညကဒီဘေးမှာလက်ပတနာရီပြုတ်ကျခဲ့လို့လာရှာတာပါဗျာ..ဟဲ.ဟဲ.”။ကိုဗေဒါကလက်ပတ်နာရီ
ရှာနေတယ်လို့တာပြောတယ်
လက်မှာလဲ နာရီကြီးနဲ့ပါလားဟု ရေ၀တီကပြောလိုက်တော့မှ ဗေဒါက..
အင်းဟုတ်တယ်
ရေ၀တီရယ်.. အမှန်တိုင်းပြောရရင် ကျွန်တော်ဒီနေရာမှာလာတဲ့ကိစ္စက တန်ဆောင်တိုင်
်လပြည့်ညတုန်းက
တွေ့ခဲ့ရတဲ့ ကျွန်တော်ဘ၀ရဲ့ဖူးစာရှင်မလေးတစ်ယောက်ကို လာစောင့်နေတာဗျ…
ဟုပြန်ဖြေလိုက်ရာ ရေ၀တီက ”အင်း အင်း ပြောပါဦး ဖူးစာရှင်မလေးကဘယ်သူလဲ ရွာလည်ကလား၊
ရွာတောင်ပိုင်းကလား”စသည်ဖြင့်
မသိချင်ယောင်ဆောင်ပြီးမေးနေသည်ကလည်း မိန်းမတို့သဘာဝမို့
ို့အပြစ်မဆိုသာပေ။ဒီတော့မှ ကိုဗေဒါက ကျွန်တော့်ဘ၀ရဲ့ဖူးစာရှင်မလေးဆိုတာက အခုရှေ့မှာရောက်နေတဲ့
ရေ၀တီလေလို့ပြောလိုက်တော့မှ ”ရှင်”ဟု ရင်ဘတ်လေးကိုဖိပြီး ရှက်သွေးဖြာလျှက်လာရာလမ်းအတိုင်း
လှည့်ပြန်သွားလေ၏။ ဤနေ့ကား ကိုဗေဒါအတွက်ရေ၀တီဆီမှမေတ္တာကိုရလိုက်သဖြင့်ပျော်မဆုံးမော်မဆုံး
ဖြစ်နေမည်မှာအသေချာပင်။

(ကားချ)
မရေ၀တီနှင့်မောင်ဗေဒါတို့၏ တန်ဆောင်တိုင်ဖူးစာအချစ်မြင်ကွင်း
အခန်း(၃)
ဤနေ့မှာပင် ဗေဒါကဲ့သို့ ရေ၀တီအပေါ်မေတ္တာသက်ဝင်နေသောရွှေကြာတစ်ယောက်လည်းချင်းဆိုင်ရွာကို ကွမ်းသီးရောင်းဝယ်ရေးကိစ္စတစ်ခုနဲ့လာရင်းရေ၀တီတို့အိမ်သို့ရောက်လာကာအစ်မကြီးစုဝတီကိုသူ့ရင်ထဲက ရှိတဲ့အတိုင်းဤသို့ပြောပြလေ၏၊”အစ်မကြီးတော့အမိအရာဆိုတဲ့အတိုင်းဘဲကျွန်တော်အစ်မကြီးကိုပြောပြမယ်
်နော်.
.တကယ်တော့အစ်မတို့ညီမတတွေဟာစီးပွားရေးချို့တဲ့ကြပေမယ့် စိတ်ဓာတ်ကတော့ မွန်မြတ်ကြတယ်ဆိုတာလူတိုင်းအသိဘဲဗျာ၊ဒါပေသည့် စီးပွားရေးအခြေနေကြောင့် တက္ကသိုလ်ဆက် မတက်နိုင်ရှာတဲ့မစုဝတီတို့ရဲ့ညီမလေးရေ၀တီကို မကြည့်ရက်ဘူးဗျာ..အစ်မတို့အနေနဲ့ ခွင့်ပြုမယ်ဆိုရင်ညီမလေးရေ၀တီကိုတက္ကသိုလ်ဘွဲ့ရတဲ့အထိတာဝန်ယူသွားပါရစေလား..ရွှေကြာအတွက်
်တော့ ငွေရေးကြေးရေးကမိုင်နာ(minor)ပါဘဲဗျာ”ဟုရွှေကြာစကားအဆုံးမှာတော့နွေဝတီက”အင်း..မင်းပြော
တော့လဲအဟုတ်သား..ဒါပေမယ့်ညီမလေးသဘောထားကဘယ်လိုမှန်းမသိသေးတော့ညီမလေးကိုလည်း
မေးကြည့်ချင်သေးတယ်ဟု စကားကိုတစ်ဝက်ချန်ထားလေ၏..သြော်.ရပါတယ်ဗျာ..ရပါတယ်..ဒါနဲ့စကားမစပ် ရေ၀တီကောမတွေ့ပါလားဗျ..ဘယ်သွားနေလဲဟုမေးလိုက်ရာ နွေဝတီက“ညီမလေးကဘုန်းကြီးကျောင်းကို ဆွမ်းပို့သွားနေတာ..မကြာခင်ပြန်လာတော့မှာပါ..ကိုရွှေကြာအချိန်ရရင်စောင့်ဦးလေ”ဟုအားနာသော လေသံဖြင့့််
ဖိတ်မံနေသေး၏။
အမှန်ကားရေ၀တီသည် ဆွမ်းပို့ကပြန်ရောက်တာကြာပြီဖြစ်သော်လည်း ကိုရွှေကြာအိမ်ရောက်
နေမှန်းသိသဖြင့် အိမ်ရှေ့တံခါးဝအတိုင်းမ၀င်ဘဲနောက်ဖေးတံခါး
ကနေတိတ်တိတ်ပုန်းဝင်ပြီးအစ်မကြီးနှင့်ရွှေကြာတို့
ပြောစကားများကို နားထောင်နေ၏။မကြာမှီမှာဘဲ ကိုရွှေကြာအိမ်ကနေပြန်သွားတော့မှအိမ်ထဲသို့ဝင်လာခဲ့လေသည်။(ကားလိပ်ချ)

အရက်သမားဖိုးတေနှင့်ဖိုးပေတို့အားတွေ့ရစဉ်
အခန်း(၄)
အိမ်ထဲတွင် တံမြက်စည်းလှဲနေသာ အစ်မလတ်နွေဝတီက ညီမလေး ရေ၀တီကိုမြင်မြင်ချင်း”ဟဲ့..ညီမလေး
တောင် ဆွမ်းပို့ကပြန်လာပြီပဲ..ဒီနေ့နောက်ကျလှချည်လား.ညီမလေးရယ်ဟုပြောနေစဉ်မှာပင်အစ်မကြီးက မီးဖိုချောင်တွင်းမှ
ှထွက်လာပြီှး ”အော် ညီမလေးပြန်လာတာနဲ့ အတော်ဘဲ..ပြောစရာရှိလို့..ညီမလေး.

စောစောက မောင်ရွှေကြာတစ်ယောက် အိမ်ကိုလာသွားတယ်လေ..ညီမလေးကို တက္ကသိုလ်ဘွဲ့ရတဲ့အထိ သူတာဝန်ယူပါရစေလို့ ပြောသွားတယ်..အဲဒီတော့ ညီမလေးသဘောကရော ဘယ်လိုလဲဟင်”ဟုမေး လိုက်သည်နှင့်
တပြိုင်နက်ရေ၀တီက”အချစ်ကိုငွေနဲ့ဝယ်တာမျိုးတော့ညီမလေးသဘောမကျဘူးအစ်မ
ကြီးရယ်.
.ပြီးတော့ ညီမမှာလဲဘ၀အတွက်လက်တွဲဖော်ဖူးစာရှင်တစ်ယောက်ရှိနေပြီလေ”ဟုပြန်ပြော
လိုက်တော့
အစ်မကြီးက”အင်းညီမအတွက်ဖူးစာရှင်ကဘယ်သူလဲ၊ဘယ်ဝါလဲ၊ဘယ်ကလဲဟုပြန်မေးလိုက်
်တော့မှ ရေ၀တီက”ညီမရဲ့ဖူးစာရှင်က တခြားတော့မဟုတ်ဘူး..ရွာလည်က ကိုဗေဒါဘဲပေါ့အစ်မကြီးရယ်”ဟု
ုပြော
လိုက်ရာ…အင်းလေ..ဒါဆိုလဲ ညီမသဘောအတိုင်းဘဲလေဟုပြောပြလိုက်လေ၏။ (ကားလိပ်ချ)
(ကားလိပ်ချ)
- တန်ဆောင်တိုင်ညရဲ့တန်ဆောင်တိုင်အက
-ဇာတ်သိမ်းပိုင်း-

အခန်း(၅)
ဒီကနေ့တော့ တိုက်ဆိုင်မှုတစ်ခုလို့ဘဲ ပြောရမလားမသိ၊ဗေဒါနှင့်ရွှေကြာတို့နှစ်ယောက်စလုံး ရွာလည်လမ်းဒေါင့်
တစ်နေရာတည်းမှာပင် ရေ၀တီဘုန်းကြီးကျောင်းမှဆွမ်းပို့ပြန်အလာကို စောင့်နေကြ
လေ၏၊ရေ၀တီဆီမှမျှော်လင့်ချက်ရထားသောကိုဗေဒါကလည်း၎င်းမျှော်လင့်ချက်ကိုပိုပြီးခိုင်မာအောင်ကြိုး စားဘို့ရန်အတွက်လာပြီးစောင့်နေသလိုရေ၀တီရဲ့ငြင်းပယ်မှုကိုခံထားရသောကိုရွှေကြာကလည်းမလျှော့ သောဇွဲဖြင့်ရေ၀တီဆီကမေတ္တာကိုငွေအားကိုးနှင့်ရယူဘို့ရန်အတွက်လာပြီးစောင့်နေကြသည့်မြင်ကွင်းကား အင်မတန်ပင်စိတ်ဝင်စားဖွယ်ရာကောင်းလှချေ၏။မှန်ပါသည် ကိုဗေဒါဟာပစ္စည်းဥစ္စာမချမ်းသာသော်လည်း ရိုးသားတည်ငြိမ်ရင့်ကျက်သောယောက်င်္ကျားတစ်ယောက်ဖြစ်သဖြင့်ရွာထဲရှိမိန်းခလေးရှင်မိဘတိုင်းကလိုလို သမက်တော်ချင်နေကြ၏။ကိုရွှေကြာကလည်းငွေကြေးဥစ္စာပြည့်စုံသောယောင်္ကျားတစ်ယောက်ဖြစ်သည့်အား လျှော်စွာအမြဲတမ်း်းလိုလိုပါးစပ်မှာစီးကရက်ခဲလျှက်ပင်ရောင်းဝယ်ရေးအလုပ်ကိုလုပ်ကိုင်နေသူဖြစ်ရာရွာထဲရှိ လုံမပျိုမေလေးများအတွက်မက်သော်လည်းမက်လောက်ချင်စရာပင်။ခက်တာက ရွှေကြာကလည်းပစ္စည်း ဥစ္စာကြွယ်ဝမှုကိုအထင်မကြီးဘဲရိုးသားတည်ငြိမ်မှုကိုသာတန်ဖိုးထားတတ်သောမစုဝတီတို့ရဲ့ညီမငယ် ရေ၀တီလေးကိုမှမေတ္တာသက်ဝင်ချစ်ခင်နေခြင်းပင်တည်း။မကြာမှီပင်ရေ၀တီတစ်ယောက်ဘုန်းကြီးကျောင်းမှ
ဆွမ်းပို့ပြန်လာနေပြီဖြစ်ရာ ကျော့ကွင်းထောင်ပြီးသမင်အလာကိုစောင့်မျှော်နေကြသောမုဆိုးများပမာ ဗေဒါတို့
့နှစ်ယောက်သားလည်း ရေ၀တီလေးကိုအပိုင်ဖမ်းဘို့အတွက်လည်ပင်းတရှည်ရှည်နှင့်စောင့်မျှော်
နေကြရာ အခုတော့အနီးကပ်ဆုံးအချိန်ကိုရောက်ရှိလာပြီဖြစ်သဖြင့် ကိုဗေဒါက အနီးရှိရွှေကြာကို ဤသို့လှမ်းပြောလိုက်၏”ဟိုမှာရေ၀တီလာနေပြီဗျ..ဒီနေရာမှာကိုရွှေကြာက ကျွန်တော့ထက်အသက်ကြီးတာ
ဆိုတော့ ကိုရွှေကြာဘဲရေ၀တီကိုအရင်သွားပြောလိုက်ပါ..ကျွန်တော်ဒီဘေးကနေစောင့်နေပါ့မယ်ဗျာ”
ဟုပြောသဖြင့်ရွှေကြာလည်းဒီတစ်ချီတော့ရေ၀တီကိုအပိုင်ဖမ်းတော့မည့်အကြံနှင့်..”ဒီမှာညီမလေးရေ၀တီ.. ရေဆိုတာကြာရှိနေမှတင့်တယ်ဆိုတဲ့လောကနီတိစကားကိုမင်းလည်းကြားဖူးမှာပါ..အခုလည်းပဲ မင်းက ရေ
ငါကကြာ
ဆိုတော့ဒို့ဘ၀နှစ်ခုပေါင်းစပ်လိုက်ရင် ကောင်းမြတ်တဲ့ရလာဒ်တစ်ခုဖြစ်ပြီပေါ့…မဟုတ်ဘူးလား၊ဟို
.ဗေဒါဆိုတဲ့ ငမွဲငခြောက်ကောင်ကို ဘေးဖယ်ထားလိုက်စမ်းပါ..ရေ၀တီရယ် ”ဟုခပ်မာမာလေသံ
ဖြင့်ပြောပြလိုက်ရာအနီးအနားတွင်ရှိနေသာ ကိုဗေဒါက”အေးဟုတ်တယ် မင်းလိုစီးပွားရှိတဲ့ကောင်က
ပြောတော့လည်း ငါ ခံရမှာပေါ့လေ..ရပါတယ်ဗျာ ရပါတယ် ဟု ခပ်အေးအေးပင် ပြန်ပြောလိုက်လေဧ။်


ပြောတော့လည်း ငါခံရမှာပေါ့..ဒါပေမယ့်မန်းနီးပါဝါ(money power)ဆိုတဲ့အရာနဲ့ နေရာတကာမှာ အနိုင်ယူလို့မရနိုင်ဘူးဆိုတာကိုတော့ မင်းမှတ်ထားလိုက်ပါဟုပြန်လည်ချေပလိုက်၏။ တန်ဆောင်တိုင်ကပွဲကိုအားပေးနေသောပရိသတ်မြင်ကွင်း

တကယ်တော့ ကိုဗေဒါတစ်ယောက် ရေ၀တီရဲ့အချစ်ကိုယုံကြည့်၍သာရွှေကြာကိုရေ၀တီနှင့် အရင်ပေးတွေ့လိုက်ခြင်းပင်၊ရွှေကြာကိုရေ၀တီကစိတ်မ၀င်ဘူးဆိုတာကို အစောကတည်းက သိထားနှင့်ပြီးလေပြီ။ကိုဗေဒါစကားအဆုံးမှာတော့ရေ၀တီကလည်းရွှေကြာကိုမျက်နှာချင်း
ဆိုင်ကာ”ဒီမှာ.ရေဆိုတာကြာရှိမှတင့်တယ်တယ်ဆိုတာလက်ခံပါတယ်.ဒီစကားဟာ စာထဲမှာဘဲရှိတော့တာ..ရေပေါ်မှာရှင်သန်နေကြတဲ့ဗေဒါတွေဟာ ကြာတွေလောက်မလှမပကြပေမယ့် တည်ငြိမ်တယ်၊ရင့်ကျက်တယ်လေ.ပြီးတော့ ကြာတွေလိုရေပေါ်မှာထောင်တောင်တောင် မြောက်ကြွကြွ
မလုပ်တတ်ကြဘူး..ဒီတော့ ရှင်သိအောင် ပြောပြလိုက်မယ်နော်..ရေ၀တီရဲ့ဖူးစာရှင်အစစ်အမှန်ဟာ
ဟို
ဘေးနားမှာ ရပ်နေတဲ့ ကိုဗေဒါလေ.”.။ရေ၀တီစကားအဆုံးမှာတော့ ဗေဒါတစ်ယောက် ရေ၀တီဆီအမြန်ပြေးလာပြီး ” ၀မ်းသာလိုက်တာညီမလေးရယ်.ကိုယ်တို့နှစ်ယောက်ရဲ့ဖူးစာဟာတန်ဆောင်
တိုင်လပြည့်ညမှာဆုံခဲ့ကြတာမို့တန်ဆောင်တိုင်ဖူးစာဘဲပေါ့နော်”ဟုပြောရင်းရေ၀တီနှင့်ဗေဒါတို့တစ်ဦးနှင့် တစ်ဦး ချစ်ကြည်နူးနေကြသည့်မြင်ကွင်းကား တန်ဆောင်တိုင်အလှကို တန်ဆာဆင်ပေးနေသည့်အလား ရှိလေတော့၏ ။
(ကားလိပ်ချ)


အားပေးမှုကိုကျေးဇူးတင်လျှက်

ဆန်းသစ်အောင်

(တောင်းပန်ခြင်း)ဤတန်ဆောင်တိုင်ဖူးစာ စင်တင်ပြဇာတ်အား ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားသော်လည်း
အခွေပျောက်ဆုံးသွားသဖြင့် ဗီဒီယိုဖိုင်အဖြစ် မတင်ဆက်နိုင်တာကို ခွင့်လွှတ်ပေးဘို့ တောင်းပန်ပါတယ်
ခင်ဗျာ...