06/03/2012

အမေ့ဘ၀ အမေ့အကြောင်း(အပိုင်း-၄-)


ငါချစ်တဲ့ ငါ့ဖေဖေအတွက် ကျေးဇူးပြန်ဆပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတော့လို့ပါ.

၁၉၈၆ ခုနှစ်

ကလေးတွေကို ခေါ်ပြီး ရန်ကုန်ကိုအလည်သွားခဲ့တယ်.

အဖွားဖြစ်သူနဲ့ တွေ့ပေးရအောင်ပေါ့

ရန်ကုန်ကိုရောက်တုန်း ကလေးနှစ်ယောက်လုံးကို သာသနာ့ဘောင်တက်စေခဲ့တယ်

ကြည်နူးလိုက်တာ.

ရေစက်ချနေတဲ့ ငါ့လက်တွေ တုန်နေခဲ့တယ်.

မေမေ့မျက်နှာမှာ အပြုံးတွေ လင်းလက်နေခဲ့တယ်.

ငါ ရဟန်းဒါယိကာမ ဖြစ်ခဲ့ပြီလေ..

၁၉၈၇ ခုနှစ်

ကလေးတွေနဲ့အတူတူ အိန္ဒိယနိုင်ငံ ဆင်းမလားပြည်နယ်ကို သွားခဲ့တယ်

မိုက်က စာတမ်းတွေ ပြုစုနေခဲ့တယ်.

အင်္ဂလန်ကိုလည်း ငါခဏပြန်ခဲ့သေးတယ်.

မေမေ့ကို ဆေးရုံတင်ထားတာကို သွားပြီး စောင့်ရှောက်ဖို့ပေါ့.

စက်တင်ဘာလထဲမှာ ငါတို့မိသားစုတွေအားလုံး အောက်စဖို့ကို ပြန်လာခဲ့ကြတယ်.

ငါ့ရဲ့ Advanced Degree အတွက်

London School of Oriental and African Studies မှာ

စာရင်းပေးခဲ့တယ်

၁၉၈၈ ခုနှစ် မတ် ၃၁

တယ်လီဖုန်းသံမြည်လာခဲ့တယ်.

ခါတိုင်းလိုပဲ ကောက်ကိုင်လိုက်ခဲ့တယ်

ဒါပေမယ့် ကြားလိုက်ရတဲ့ သတင်းကတော့ ခါတိုင်းလို မဟုတ်ခဲ့ဘူး

မေမေလေဖြတ်သွားတယ်တဲ့

နောက်တစ်နေ့မှာပဲ လေယာဉ်နဲ့ ရန်ကုန်ကို ငါထွက်ခွာခဲ့တယ်

ရောက်ရောက်ချင်းပဲ မေမေရှိနေတဲ့ ဆေးရုံကို အပြေးသွားခဲ့တယ်.

မေမေရယ်

မှတ်တောင်မမှတ်မိတော့ဘူး

မေမေခံစားနေရတဲ့ ဝေဒနာကို ငါလဲယူလို့ရနိုင်မယ်ဆိုရင် ယူပစ်ချင်လိုက်တာ..

ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ မေမေ

ငါ့ကို ကြိုးစားပြုံးပြနေတဲ့မေမေ

တော်တော်ကိုပြောင်းလဲသွားခဲ့တာပဲနော်

ရန်ကုန်မြို့ကြီးမှာ နိုင်ငံရေးတွေ စတင်ရှုပ်ထွေးနေတယ်.

အမြင်မတော်စရာတွေ၊ စိတ်တိုင်းမကျစရာတွေနဲ့ပြည့်နှက်နေတယ်

ရက် ၁၉၈၈ မှာ တစ်နိုင်ငံလုံး အရေးတော်ပုံ ဆင်နွှဲခဲ့ကြတယ်.

စစ်အာဏာရှင်ရဲ့ သေနတ်သံများကြားမှာ

ရဟန်းရှင်လူပြည်သူအများ သွေးမြေကျခဲ့ရတယ်.

သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးတဲ့

တစ်နိုင်ငံလုံးကို သေနတ်ကြိမ်းကြိမ်းသွားခဲ့တယ်

ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖသခင်ကိုယ်တော်မှိုင်းရယ်

စက်တင်ဘာ ၁၈ ရက်

စစ်တပ်က အာဏာသိမ်းလိုက်ပြီတဲ့

ငါဘာလုပ်ရမလဲ

ဒီအချိန်မှာ ဒါတွေကို ငါမသိချင်ယောင်ဆောင်ပြီး အင်္ဂလန်ကို ပြန်သွားမလား

ဒါဆိုရင်တော့ ငါ့မိသားစုနဲ့အတူတူ အသိုက်အမြုံမပျက်

ငြိမ်းငြိမ်းချမ်းချမ်းနေလို့ရတယ်.

ဒါပေမယ့် သေချာတယ်

ငါလိပ်ပြာမလုံဘူး

ငါ့ကိုယ်ထဲမှာ အာဇာနည်သွေးတွေ စီးဆင်းနေတယ်.

သူတို့ကို ငါရှက်တယ်.

ငါမပြန်ဘူး

ငါဒီမှာနေမယ်

ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ငါ့ရဲ့ ပေးဆပ်မှု အခန်းကဏ္ဍ စတင်ခဲ့ပြီ

သူတို့ ငါ့ကိုလိုအပ်နေပြီလို့ ငါခံစားရတယ်.

ဟုတ်တယ်

ငိုကြွေးနေတဲ့ ပြည်သူတွေကို ငါမျက်ကွယ်မပြုနိုင်ဘူး

ငါဒီမှာနေမယ်

ငါမပြန်တော့ဘူး

ငါချစ်တဲ့ ငါ့ပြည်သူတွေအတွက်၊ ငါချစ်တဲ့ ငါ့နိုင်ငံတော်အတွက်၊ ငါချစ်တဲ့

ငါ့ဖေဖေအတွက်

ငါမြန်မာပြည်မှာ နေပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖယ်ရှားမယ်.

လူတိုင်းကိုယ့်အခွင့်အရေးကို ကိုယ်လွတ်လပ်စွာဖန်တီးယူနိုင်အောင် ငါကြိုးစားမယ်

ဟုတ်တယ်

ဒါငါပဲ.

NLD ကို စက်တင်ဘာ ၂၄ ရက်နေ့မှာ စတည်ထောင်တယ်.

အထွေထွေအတွင်းရေးမှူးအနေနဲ့ ငါပါဝင်လှုပ်ရှားတယ်

ဂန္ဒီရဲ့ အဟိသလမ်းစဉ်ကို ငါစွဲမြဲစွာ ယုံကြည်ခဲ့တယ်လေ

ဒါကို ငါအသုံးချခဲ့တယ်

စစ်ဘီလူးရဲ့ မျက်နှာဖုံးကို အကြမ်းမဖက် အနုနည်းနဲ့ ခွာချပြနိုင်ခဲ့တယ်.

ငါ့ကိုအသေတောင် ပစ်သတ်တော့မလို့တဲ့

သေနတ်ပြောင်းတွေနဲ့ ချိန်ထားလိုက်ကြတာ

တည်ငြိမ်စွာနဲ့ သူတို့ဆီကို ဦးတည်ပြီးလှမ်းလျှောက်ခဲ့တယ်

င့ါရင်ထဲက ခိုင်ကျည်တဲ့ သစ္စာတရားနဲ့ ဖြောင့်မှန်တဲ့ မေတ္တာဓာတ်ကို

သူတို့ မလွှမ်းမိုးနိုင်ပါဘူးလေ.

သူတို့ကြားထဲက ဖြတ်လျှောက်သွားတဲ့ ငါ့ကို

လူထုကြီးက

ဟေးးးးးးးးးးးးးးးးးးးးးးး

ဆိုပြီး

တခဲနက်အားပေးလိုက်ကြတာ

ငါ့မှာ ကြက်သီးတွေတောင်ထလို့

၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်

မေမေဒေါ်ခင်ကြည် အနိစ္စရောက်ခဲ့ပြီ..

ကောင်းရာသုဂတိလားပါစေ မေမေရယ်..

မေမေ့အသက် ၇၆ နှစ်ထိ အများအကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့တဲ့ မေမေ့အတွက်

ကောင်းရာသုဂတိဘုံက လက်ကမ်းကြိုဆိုနေမယ်လို့ သမီးခိုင်မာစွာယုံကြည်နေပါတယ်.

၁၉၈၉ ခုနှစ်၊ ဇန်န၀ါရီ ရက်

မေမေ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ ပြည်သူတွေ မနည်းဘူးမေမေရယ်.

မေမေ့ကို မြင်စေချင်လိုက်တာ

မေမေ့ကို သဂြိုဟ်တဲ့နေ့မှာပဲ မေမေ့ရုပ်ကလာပ်ရှေ့မှာ သမီးတိုင်တည်သစ္စာပြုခဲ့တယ်

ဖေဖေနဲ့မေမေတို့ဟာ မြန်မာနိုင်ငံတော်ကြီးအတွက် သေသည်အထိ ကောင်းကျိုးသယ်ပိုး

ဆောင်ရွက်ခဲ့ကြတယ်.

ဒီတာဝန်ကို ကျေပြွန်အောင် သမီးဆက်လက်ထမ်းဆောင်ပါ့မယ်

သမီးသေသည်ထိပေါ့

ငါ့ကိုလိုက်နှောင့်ယှက်နေတဲ့ အတားအဆီးတွေကြားထဲကပဲ ငါတို့ NLD ပါတီ

ရွေးကောက်ပွဲကို ခြွင်းချက်မရှိ အနိုင်ရခဲ့တယ်.

အရှက်မရှိလိုက်ကြတာလေ.

ငါတို့လွှတ်တော်အမတ်တွေကို လိုက်ဖမ်းတယ်

ရွေးကောက်ပွဲရလာဒ်ကို အကျုံးမ၀င်ပါဘူးလို့ ဗြောင်ငြင်းတယ်.

ငါ့ကိုလည်း အကျယ်ချုပ်ချခဲ့တယ်

အဲဒီ့ကတည်းကပဲ ငါ့ကိုပြန်လွှတ်လိုက်၊ အကျယ်ချုပ်ပြန်ချလိုက်နဲ့

နိုင်ငံရေးကစားကွက်တွေ လှည့်ကစားခဲ့တယ်..

ငါ့အပေါ်ရက်စက်လိုက်ကြတာ.

ကိုယ်ချင်းမစာလိုက်ကြတာ

ပြောရက်လိုက်ကြတာ

သတင်းစာ၊ ဂျာနယ်၊ ရုပ်မြင်သံကြား၊ ရေဒီယိုတွေနဲ့ ငါ့နာမည်ကို ဖျက်ဆီးလိုက်ကြတာ

နိုင်ငံအပေါ်သစ္စာဖောက်သူတဲ့

လူမျိုးခြားနဲ့ အိမ်ထောင်ပြုသူတဲ့

ဒါတွေကို ငါတုံ့ပြန်မနေခဲ့ပါဘူး

ငါလုပ်စရာရှိတာတွေကိုပဲ အေးအေးဆေးဆေး မမှားရအောင် ငါလုပ်ခဲ့တယ်

ဒီလိုအချိန်တွေမှာ ငါ့အနေနဲ့ပိုပြီးတည်ငြိမ်ဖို့လိုတယ်လေ..

ငါ့ကိုနိုဘယ်လ်ဆုပေးတဲ့အကြောင်းကို ရှားရှားပါးပါးတောင်းဆိုထားရတဲ့

ရေဒီယိုအစုတ်လေးတစ်လုံးကတစ်ဆင့် ငါကြားသိခဲ့ရတယ်.

ငါ့သားကြီး အဲလက်စ်က အခမ်းအနားမှာ ငါ့ကိုယ်စား ကျေးဇူးတင်စကားပြောသတဲ့လေ..

မေမေဂုဏ်ယူပါတယ် သားကြီးရယ်

မေမေ့အတွက်ရတဲ့ ဆုကြေးငွေကို Prospect Burma ဆိုတဲ့ NGO အဖွဲ့ဖွဲ့ပြီး

မြန်မာပြည်က ပညာတော်သင်ကျောင်းသားတွေကို ပံ့ပိုးကူညီနေတာ

ခုချိန်ထိပဲလေ.

မေမေက ကိုယ်ကျိုးရှာသူဟုတ် မဟုတ်ဆိုတာ သားတို့အသိဆုံးပါ

သားတို့ကို ပစ်ထားချင်လို့ ပစ်ထားတာမဟုတ်ရပါဘူး

သားတို့ကို သိပ်ချစ်တာပေါ့

သားတို့နဲ့ အတူတူသိပ်နေချင်တာပေါ့

ဒါပေမယ့်သားတို့ရယ်

သားတို့ကိုချစ်တဲ့အချစ်တွေထက် နိမ့်ကျနွမ်းပါးနေတဲ့ အဖိနှိပ်ခံ ပြည်သူလူထုကို

မေမေပိုချစ်မိတယ်.

ဒါကို သားတို့ခွင့်လွှတ်နားလည်ပေးကြပါနော်


ဆန်းသစ်အောင်


အသိပေးခြင်း။ ။အပိုင်း(၅)ကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမည်။

01/03/2012

အမေ့ဘ၀ အမေ့အကြောင်း(အပိုင်း-၃-)


ငါ့ကိုယုံကြည်တဲ့ ငါချစ်တဲ့ ငါ့မေမေအတွက်

ဝင်ခွင့်သိပ်ခက်ခဲတဲ့ ဒီတက္ကသိုလ်ကို ငါဝင်ခွင့်ရခဲ့တဲ့အတွက်

ဖတဆိုးသမီးတစ်ယောက်ဖြစ်ပေမယ့် အများနဲ့မတူအောင် ကြိုးစားခဲ့တဲ့

ငါ့ဘ၀ရဲ့အောင်မြင်မှုပထမခြေလှမ်းသစ်အတွက်

ငါဂုဏ်ယူနေလို့ပါ

ငါပျော်နေလို့ပါ

ငါပီတိဖြစ်နေလို့ပါ

တက္ကသိုလ်မှာ ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်

ငါ့ရဲ့Host Parents တွေက Lord Gore-Booth တို့မိသားစုပဲ.

သူက ငါတို့မြန်မာပြည်မှာ သံအမတ်ကြီးလာလုပ်သွားဖူးတယ်

သူ့အိမ်မှာပဲ ငါ့ရဲ့အနာဂတ်ခင်ပွန်းလောင်း မိုက်ကယ်ကို စတွေ့ပြီး

ရင်းနှီးခဲ့ရတယ်.

သူက တိဗက်လူမျိုးတွေအကြောင်းလေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပဲလေ.

တည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်တဲ့ ထက်မြက်တဲ့

ယောင်္ကျားကောင်းတစ်ယောက်ပါပဲ

၁၉၆၉ ခုနှစ်

နယူးယောက်မြို့ကို ငါထွက်လာခဲ့တယ်.

ဘွဲ့လွန်သင်တန်းတက်ဖို့ပေါ့

မသန်းအိတို့အိမ်မှာ ငါနေခဲ့တယ်.

သူက ကုလသမဂ္ဂမှာ အလုပ်လုပ်နေတာလေ

အဲဒီ့အချိန်တုန်းက ဦးသန့်က အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်နေတယ်.

ငါ့နိုင်ငံသားတွေအတွက် ဂုဏ်ယူလိုက်ရတာ

မသန်းအိက ငါ့ကို အလုပ်လျှောက်ဖို့တိုက်တွန်းတာနဲ့ လျှောက်လွှာတင်ခဲ့တယ်

ငါအလုပ်ရခဲ့တယ်.

Administrative and Budgetary Questions မှာ Assistant Secretary အဖြစ်နဲ့ပေါ့.

ကျောင်းတက်နေတာကို ငါခဏနားပြီးတော့ အလုပ်ကို အချိန်ပြည့်လုပ်ခဲ့တယ်

မဟုတ်ရင် ဘယ်အရာကိုမှ အာရုံစိုက်နိုင်မှာ မဟုတ်ဘူးလေ.

ညနေရုံးဆင်းချိန်တွေနဲ့ စနေ၊ တနင်္ဂနွေတွေမှာ ဆေးရုံတစ်ခုမှာ Volunteer

ဝင်လုပ်ခဲ့တယ်

ဆင်းရဲတဲ့ လူနာတွေကို စာဖတ်ရာမှာ ကူညီနိုင်ဖို့နဲ့ အဖော်အဖြစ် နေပေးဖို့ပေါ့

ငါ့အချိန်တွေ ကျပ်တည်းခဲ့ပေမယ့် အဲဒီ့လူနာတွေအတွက် ရအောင်အချိန်ပေးခဲ့တယ်.

ငါ့ရဲ့တန်ဖိုးတွေက ဘာလဲဆိုတာကို တစ်ချိန်တည်းမှာ ငါတွေ့ရှိခဲ့တယ်.

နယူးယောက်မှာ နေခဲ့ရတဲ့ အချိန်က နှစ်ထဲရယ်ပါ.

ဒါပေမယ့် ငါအများကြီး ရင့်ကျက်ပြောင်းလဲခဲ့တယ်..

၁၉၇၂ ခုနှစ်

မိုက်နဲ့ ငါလက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်.

သူနဲ့အတူတူ ဘူတန်ကိုထွက်ခွာခဲ့တယ်.

မိုက်က ဘူတန်ဘုရင်မိသားစုဝင်တွေကို စာသင်ပေးနေတဲ့အချိန်မှာ

ငါကတော့ တော်ဝင်နိုင်ငံခြားရေးရာဌာနမှာ

Research Officer အဖြစ်ဝင်လုပ်ခဲ့တယ်.

ဟိမ၀န္တာတောင်ပြာတန်းကြီးတွေရဲ့အရိပ်အောက်မှာ

ငါချစ်တဲ့ ငါ့ခင်ပွန်းနဲ့အတူတူ ငါမြတ်နိုးတဲ့ အများအကျိုးပြုလုပ်ငန်းတွေကို

လုပ်ဆောင်ခွင့်ရခဲ့တယ်.

အဲဒီ့ အချိန်တွေကို ငါအမြဲတမ်းသတိရနေမှာပါ

မိုက်ကိုတော့ ငါလက်မထပ်ခင်က prenuptial agreement တစ်ခုတောင်းခဲ့တယ်.

ငါ့ကို ငါ့တိုင်းပြည်က လိုအပ်လာရင် အချိန်မရွေး သွားရောက်ကူညီခွင့်ပြုပါလို့..

သူက ငါ့ကို နားလည်မှုရှိတဲ့အပြုံးနဲ့ ခေါင်းညိတ်ပြခဲ့တယ်လေ.

ငါ့ကို သိပ်နားလည်မှုရှိတဲ့သူကို ငါ့ဘ၀ရဲ့ခင်ပွန်းလောင်းအဖြစ်ရွေးချယ်ခဲ့တာ

ငါ့ရဲ့လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ပဲ မဟုတ်ဘူးလား

မေမေ့ကိုတော့ ငါတိုင်ပင်ခဲ့ပါသေးတယ်

မေမေကတော့ ထုံးစံအတိုင်းပဲပေါ့

I trust you… တဲ့

တကယ်တော့ ဒီနေ့အချိန်အထိ ငါ့စိတ်ဓာတ်တွေ မြဲမြဲခိုင်မာစွာနဲ့

ငါ့ရဲ့အဖျက်အင်အားစုတွေကို ကြံ့ကြံ့ခံနေနိုင်သေးတာ

ငါ့နှလုံးအိမ်ထဲကို လောင်းချခဲ့တဲ့ မေမေ့ရဲ့ သံမဏိစိတ်ဓာတ်တွေကြောင့်ပဲလေ

ငါဘယ်တော့မှ ဦးကျိုးသွားမှာ မဟုတ်ဘူး

၁၉၇၃ ခုနှစ်

အင်္ဂလန်ကို ငါပြန်လာခဲ့တယ်.

ငါ့ဘ၀မှာ ဘာနဲ့မှမတူတဲ့ ခံစားမှုတစ်ရပ်ကို ငါခံစားလိုက်ရတယ်သိလား

အဲလက်စ်ကို ငါမွေးခဲ့တယ်.

ငါမိခင်တစ်ယောက်ဖြစ်ခဲ့ပြီပဲ_______..

အဲဒီနေ့က မေမေနဲ့ ငါစကားအကြာကြီးပြောဖြစ်တယ်.

မေမေရယ်လေ.

ငါ့ကို စကားတွေ တတွတ်တွတ်နဲ့ မှာနေလိုက်တာ မပြီးတော့ဘူး

မေမေက ရယ်စရာတွေလည်း ပြောလိုက်သေးတယ်

ငါ့မှာ ရယ်လိုက်ရတာ ချောင်းတောင်သီးတယ်

မိုက်ကငါ့ဘေးနားမှာရှိနေခဲ့တယ်လေ

၁၉၇၄ ခုနှစ်

မိုက်ကယ်အလုပ်ရတယ်.

အောက်စဖို့တက္ကသိုလ်ရဲ့ တိဗက်ဘာသာစကားဌာနမှာပေါ့

၁၉၇၇ ခုနှစ်

ကင်မ်ကို မွေးတယ်. ငါ့ရဲ့ ဒုတိယသားလေးပေါ့

ခုဆိုငါလည်း ကလေးတွေနဲ့ အိမ်ထောင်ရှင်မကြီးကို လုံးလုံးဖြစ်နေပြီလေ

ဒါပေမယ့် ငါ့ရဲ့ လေ့လာမှုကိုတော့ ငါမလျှော့သေးဘူး

ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ ငါစာတွေရေးဖြစ်ခဲ့တယ်

ဖေဖေ့ရဲ့ အတ္ထုပတ္တိနဲ့ Asian Studies စာတမ်းတစ်ချို့ပေါ့

မိုက်ကိုလည်း သူလေ့လာနေတဲ့ Himalayan Studies တွေနဲ့ ပတ်သက်ပြီး ငါကူညီခဲ့တယ်.

၁၉၈၅ ခုနှစ်

တိုကျိုတက္ကသိုလ်မှာ Visiting Scholar အနေနဲ့ ဖေဖေ့ရဲ့ ဂျပန်ပြည်မှာ

လုပ်ဆောင်ချက်တွေကို

စာတမ်းပြုစုခဲ့တယ်.

ငါကျေနပ်အားရဂုဏ်ယူမိပါတယ်.

အသိပေးခြင်း။ ။အပိုင်း(၄)ကိုလည်းဆက်လက်တင်ပေးသွားပါမည်။