12/07/2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးအတွက် အလှူရှင်များမှ ထာဝရငွေပဒေသာပင်များ စိုက်ထူလှူဒါန်း

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာနှင့် English Language သင်တန်းကြီး
ရေရှည်ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ၁၃၇၃-ခုနှစ်၊ကဆုန်လဆန်း(၁၃)ရက်၊
(၁၅-၅-၂၀၁၁) တနင်္ဂနွေနေ့က စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းရွာ
ကမ္ဘာ့ရန်ကင်းကျောင်းတိုက်တာအတွင်း၌ သင်တန်းထာဝရငွေပဒေသာပင်
စိုက်ထူလှူဒါန်းပွဲကျင်းပရာ ကျေးရွာအသီးသီးရှိ အလှူရှင်ဦးရေ(၄၀)ကျော်တို့မှ
သင်တန်းကြီး၏ သြ၀ါဒစရိယဆရာတော် ဦးစိန္တာမယထံ ပေးအပ်လှူဒါန်းခဲ့ကြပြီး
ထာဝရငွေပဒေသာပင်အတွက် အလှူငွေစုစုပေါင်း(၁၀)သိန်းကျော်ခန့်ရရှိကြောင်း
သိရှိရပါတယ်။
ထာဝရငွေပဒေသာပင် စိုက်ထူလှူဒါန်းကြသည့် အလှူရှင်မှတ်တမ်း ဓာတ်ပုံများကိုလည်း
အများသူငါ မုဒိတာပွားတိုးနိုင်ရန်အတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။





















(အသိပေးခြင်း)ကျန်ရှိနေသေးသည့် အလှူရှင်မှတ်တမ်း ဓာတ်ပုံများကိုလည်း
ဆက်လက် ဖော်ပြပေးသွားပါမည်။


06/07/2011

နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီး၏ စွမ်းဆောင်မှု ပုံရိပ်များ(အပိုင်း-၁-)




ဤနွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာ သင်တန်းကြီးကို
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊နံ့သာကုန်းကျေးရွာ၊ကမ္ဘာ့ရန်ကင်း
ကျောင်းတိုက်တာအတွင်း၌ ဖွင့်လှစ်သင်ကြား လာခဲ့သည်မှာ ယခုအကြိမ်ပါ
ဆိုလျှင် (၆)ကြိမ်မြောက် ရှိသွားပြီဖြစ်သည်။
မိမိရပ်ရွာ ဘာသာရေး၊ သာသနာရေးစိတ်ဓာတ် ပြင်းထန်ကြသည့်
မွေးရပ်မြေမှ သံဃာတော်အရှင်သူမြတ်လေးများ၏ မဆုပ်နစ်သော ဇွဲ၊လုံ့လ၀ီရိ ကြောင့်
သာလျှင် ယခုလို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခြင်းဖြစ်သည်ဟု ကောက်ချက်ချရ
ပေမည်။
ယခုနှစ် (ဆဌမအကြိမ်)မြောက် ဖွင့်လှစ်သင်ကြားသည့် သင်တန်းကြီး
အနေဖြင့် ယခင်နှစ်များနှင့်မတူ တမူထူးခြားလာသည်ဟု ဆိုချင်ပါသည်၊အဘယ့်ကြောင့်
ဟူမူ စာရေးသူ စိတ်ထဲတွင် ဘယ်တုန်းကမှ မျှော်လင့်မထားသော မျှော်လင့်မထားရဲသော
မိမိရပ်ရွာမှ စေတနာရှင်များက ဤသင်တန်းကြီး ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ရေး
အတွက် သင်တန်းရံပုံငွေများ အားတက်သရော ထည့်ဝင်လှူဒါန်းလာကြခြင်းဖြစ်ပါသည်။
ယခင် ဖွင့်လှစ်ပြီးစီးခဲ့သည့် (၅)ကြိမ်မြောက် အချိန်ကာလအထိ အခုလို
ရပ်ရွာမှ အားတက်သရော ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင် များများစားစား မရှိခဲ့သော်လည်း
ဤအကြိမ် ဤနှစ်မှာတော့ မွေးရပ်မြေမှ အလှူရှင်ဦးရေ စုစုပေါင်း (၄၀)ကျော်ထိ ပါဝင်လှူဒါန်း
လာကြသည့်အတွက် အားလုံးကိုယ်စား အထူးပင် ကျေနပ်အားရ ပီတိဗလပွ ဖြစ်မိပါသည်။
"" ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ"" ဆိုသည့်အတိုင်း ယဉ်ကျေးလိမ္မာ ဗုဒ္ဓ
ဘာသာတရား စာပေများက ပြန်လည်စောင့်ရှောက်သည်ဟု ယူဆမိပါသည်၊ တစ်ချိန်က ဤ
သင်တန်းကြီး ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မှ အလှူရှင် ဒကာ ဒကာများနှင့် ပြည်ပရောက်
မွေးရပ်မြေမှ စေတနာရှင် လူငယ်လေးများကို အားကိုးခဲ့ရပါသည်။
ယခုတော့ ""ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတစ်သိုက်
ဖြောင့်ဖြောင့်လိုက်၏""ဆိုတဲ့အတိုင်း ပြည်ပရောက် အမျိုးဘာသာ သာသနာချစ်စိတ် ရှိသူများရဲ့
ရှေ့ဆောင်လမ်းပြကောင်းမှု သင်တန်းပြဆရာတော် အရှင်သူမြတ်လေးများရဲ့ မှန်ကန်သော
လုပ်ဆောင်ချက်များကြောင့် ရပ်ရွာသူ ရပ်ရွ့ာသားများလည်း သဒ္ဓါဓာတ်များ ကူးစက်ခါ
သင်တန်းရံပုံငွေ အလှူငွေများ ထည့်ဝင်လှူဒါန်းလာကြသည်မှာ ရပ်ရွာအတွက်သာ
သာမက သာသနာ ဘာသာအတွက်ပါ အကျိုးကြီးမားမည်မှာ မလွဲပါကြောင်းနှင့်
သင်တန်းကြီးရဲ့ စွမ်းဆာင်ချက် ပုံရိပ်များကို အပိုင်း(၁)အနေဖြင့် တင်ပြပေးသွားပါသည်။

တကယ်တော့ ဤသင်တန်းပြီးဆုံးခဲ့သည်မှာ တစ်လကျော်ခန့်ပင်ရှိချေပြီ၊
သို့သော်ငြားလည်း အချိန်မှီ မှတ်တမ်း ဓာတ်ပုံများ ရောက်မလာနိုင်ခဲ့သဖြင့် နောက်ကျပြီးမှ
တင်ပေးနိုင်ခြင်း ဖြစ်ပါသည်၊သို့အတွက်ကြောင့် နွေရာသီ ယဉ်ကျေးလိမ္မာ ဗုဒ္ဓဘာသာသင်တန်း
ကြီး၏ လုပ်ဆောင်ချက် မှတ်တမ်းဓာတ်ပုံများကို အခုလို မိုးရာသီရောက်မှ တင်ပေးနိုင်ခြင်းကို
နားလည်ခွင့်လွှတ်ပေးကြပါလို့ ပြောကြားရင်း အောက်ဖော်ပြပါ စွမ်းဆောင်ချက် ပုံရိပ်လေးများကို
ကြည့်ကာ ကြည်ညိုသဒ္ဓါစိတ်များ ပွားတိုးနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။



နွေရာသီ သင်တန်းကြော်ငြာ ပိုစတာဆိုင်းဘုတ်အား တွေရစဉ်
အာရုံတစ်ပါး စိတ်မသွားပဲ ကြိုးစားဖြေဆိုနေသည့် သမီးငယ်လေး
သင်တန်းသူ/သားလေးများ စာမေးပွဲဖြေဆိုနေကြစဉ်
သင်တန်းနည်းပြဆရာတော်များနှင့် အကျိုးတော်ဆောင် ဆရာတော်များ
သင်တန်းနည်းပြနှင့် သင်တန်းရံပုံငွေ ရှာဖွေရေးဆရာတော် ဦးဓမ္မ၀ရ

ဆုနှင်းသဘင် အခမ်းနာသို့ လာရောက်ကြသည့် ကျောင်းသား ကျောင်းသူလေးများ
ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ
ဤသင်တန်းကြီးမှ ပထမဆုံး မွေးထုတ်ပေးလိုက်သည့် စံပြ သင်တန်းသူလေးများ


သင်တန်းအောင်လက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်နေစဉ်(နှစ်စဉ်ထာဝရ ပထမဆုရ)
ယဉ်ကျေးမှုသင်တန်း အကြီးအဖွဲ့မှ ဆုရရှိကြသည့် သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အလတ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်သမီးငယ်လေးများ
ယဉ်ကျေးမှုသင်တန်း အငယ်အဖွဲ့မှ ဆုရရှိကြသည့် သားငယ်၊သမီးငယ်လေးများ



သဘာဝရဲ့ ရင်သွေးငယ်တွေ..





သင်တန်း ဆုနှင်းသဘင်အခမ်းနားအပြီး သင်တန်းပြ ဆရာတော်များနှင့်အတူ အမှတ်တရ

တရားအာရုံ စိတ်ဝယ်ထုံလျှက် လူကြီးများနည်းတူ နာယူနေကြသည့် သားငယ် သမီးငယ်လးများ
တရားဟော ဓမ္မပလ္လင်နှင့် လှပဝေဆာစွာ ပြင်ဆင်ထားသည့် တရားဟောစင်မြင့် ကလေးမြို့၊ချင်းဆိုင်တောင်ကျောင်းဆရာတော် ဘဒ္ဒန္တ သုမင်္ဂလမှ ပထမညအဖြစ်ဟာကြားစဉ်
ဓမ္မကထိက ဆရာတော် ဦးပညာဇောတ(ရွှေနံ့သာစံပြ)မှ ဒုတိယညအဖြစ် ဟောကြားစဉ်
ဆရာတော် ဦးကေသရ(မေတ္တာK)မှ တတိယညအဖြစ် ဟောကြားစဉ်


တရားနာယူနေကြသည့် သင်တန်းသူလေးများနှင့် ရွှေနံ့သာဓမ္မစင်္ကြာဝတ်အသင်းသူများ



(အသိပေးမှာကြားချက်) ဤယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ သင်တန်း ရံပုံငွေအတွက်
ထည့်ဝင်လှူဒါန်းထားကြ
သည့် အလှူရှင်များ၏ မှတ်တမ်းဓာတ်ပုံများကိုလည်း
ပြည်ပရောက်ရွာသူရွာသားများ
ဝမ်းမြောက်နုမော်သာဓုခေါ်နိုင်ရေးအတွက် အပိုင်း(၂)တွင်ဆက်လက်ပြီး ဝေေ၀ဆာဆာ
ဖော်ပြ
ပေးသွားပါမည်။

18/06/2011

မွေးနေ့အိပ်မက်


ဒီနေ့ နံနက်ခင်းဟာ
ငါ့အတွက်တော့
ကောင်းကောင်းမိုးမလင်းနိုင်ခဲ့ဘူး...
မျှော်လင့်မထားတော့တဲ့ သံစဉ်တေးတစ်ပုဒ်
မျက်စိလည် လမ်းမှားပြီး
ငါ့ အိပ်မက်ထဲ ၀င်ရောက်လာခဲ့လို့လေ..
တစ်ချိန်တုန်းက
အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါဟာ
အခုတော့
အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါမဟုတ်တော့ဘူး
တကယ်တော့ အိပ်မက်ဟာ
တစ်ခါတစ်ရံ ကြည်နူးမှုကို ပေးတတ်သလို
တစ်ခါတစ်ရံ ပူလောင်မှုကို ပေးတတ်တယ်တာမို့
အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး
မှော်မင်းသမီးတစ်ပါးလို လှည့်စားတတ်ပြီး
မိစ္ဆာတစ်ကောင်လို ယုတ်မာတတ်တာမို့
အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး
ငါ့ မွေးနေ့အိပ်မက် ဂယောက်ဂယက်မို့
ဂျောက်ဂျက်သိရင် သီချင်းလုပ်ဆိုမှာ အသေအချာဘဲ..
တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါဘဲ..
စိတ်ပျက်စရာမလိုပါဘူး..
ရှေ့ဆက်စရာတွေ ရှိနေသေးရင်
အိပ်မက်ကို အိပ်ယာထဲမှာ ထားခဲ့ဘို့အတွက်
ငါ့ မွေးနေ့အိပ်မက်က
သက်သေပြလိုက်တာထင်ပါရဲ့လေ....






27/05/2011

၁၃၇၂-ခုနှစ်ကို ပြန်လည် စစ်ဆေးကြည့်ခြင်း


လူ့လောကမှာ မှီတင်းနေထိုင်နေကြတဲ့ လူသားတိုင်း

လူသားတိုင်း မိမိတို့မသေခင်ကာလလေးမှာ

ကုသိုလ်၊ဥစ္စာ၊ပညာဟူသော အရာသုံးမျိုးရှိသည့်အနက်

တစ်မျိုးမျိုးလောက်တော့ ရယူရှာမှီးနိုင်မှ

လူဖြစ်ရကျိုး အသက်ရှင်သန်ရကျိုး နပ်မည်ဟု ကျွန်တော်ထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

ရခဲလှသည့် လူ့ဘ၀ကို ရရှိနေခြင်းသည်ပင်လျှင် ရှေးအတိတ်ကံ၏အထောက်အပံ့ကြောင့်ဆိုတာကို

အကျယ်တ၀န်းပြောပြစရာ လိုမည်မထင်ပါ၊"ရှေးက ကောင်းလို့ အခုကောင်းပါသည်အခုကောင်း

နောင်ကောင်းပါလိမ့်မည်"ဆိုတဲ့ တရားသဘောကို လက်ခံကျင့်သုံးနေကြသူများပီပီ

ကံကောင်းထောက်မသဖြင့်ရရှိလာတဲ့ တစ်ခဏတာ လူ့ဘ၀လေးကို အလဟဿ

ဖြုန်းတီးပစ်ရာမရောက်အောင်၊ မိမိဘ၀အတွက်လည်း သမိုင်းမှတ်တမ်းကောင်းကျန်ရအောင်

အထက်ပါ ကုသိုလ် ပညာ ဥစ္စာသုံးမျိုးထဲက တစ်ခုခုကိုတော့ ရရှိအောင် ရှာမှီးသင့်သည်ဟု

ထင်မြင်သည့်အလျှောက် ကုန်ဆုံးသွားခဲ့သည့် ၁၃၇၂-နှစ်ဟောင်းကာလ အတောအတွင်းနှင့်

၁၃၇၃-ခုနှစ် နှစ်သစ်ဦးကာလမှာမိမိဘ၀အတွက် အမှတ်တရဖြစ်စေမည့် ကုသိုလ်ကောင်းမှု

အစုစုတို့ကို မိမိစွမ်းအားရှိသလောက် ပြုလုပ်လှူဒါန်းခဲ့သည်များကို စာဂါနုဿတိ

ကုသိုလ်ဖြစ်ရေး မျှော်ရည်တွေး၍ အောက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

၁၃၇၂-ခုနှစ်၊နှစ်ဟောင်းကာလအတွင်း လှူဒါန်းခဲ့မှုစာရင်း

၁။မွေးရပ်မြေမှ လောကပြတင်း ရွှေနံ့သာစာကြည့်တိုက်အတွင်း အသုံးပြုနိုင်ရန်အတွက်
ကွန်ပျူတာ၊ပရင်တာပစ္စည်းများပေးအပ်လှူဒါန်းခဲ့ခြင်း၊

၂။မွေးရပ်မြေမှ မိဘဆွေမျိုးများအတွက် ထိုင်းနိုင်ငံမှ မြဘုရားဆင်းတုတော်
(၈)ဆူပင့်ဆောင်လာကာ ဘုရားအနေကဇာတင်ပွဲနှင့် တစ်ညတာအသံမစဲ မဟာပဌာန်းပွဲများ
ပြုလုပ်ကျင်းပပေးခဲ့ခြင်း၊

၃။မြန်မာပြည်မှ သူငယ်ချင်းများအား ထိုင်းသက်န်း၊ထိုင်းလွယ်အိတ်၊ထိုင်းအံသကိုဋ်နှင့်
ထိုင်းကိုယ်ပတ်သင်္ကန်းစများကို လက်ဆောင်အဖြစ် ပေးခဲ့ခြင်း၊

၎။မြန်မာပြည်မှ ကျေးဇူးရှင်ဆရာသမားများအား ပိုက်ဆံခါးပတ်အိတ်များကို
စင်္ကာပူအမှတ်တရ လက်ဆောင်အဖြစ် လှူဒါန်းခဲ့ခြင်း၊

၅။သူနာပြုသင်တန်းတက်ရောက်နေသည့် ရန်ကုန်မြို့မှ မအေးမာငြိမ်းအား ပညာသင်စရိတ်အဖြစ်
ငွေကျပ်-၄သောင်းထောက်ပံ့လှူဒါန်းခဲ့ခြင်း၊

၆။ထိုင်းနိုင်ငံ၊ကင်ချနဘူရီမြို့နယ်၊နာနတ်သီးစက်ရုံမှ ဒုက္ခရောက်နေသူ ကိုထွန်းအတွက်
ဘတ်ငွေတစ်ထောင်ကျပ် ကူညီထောက်ပံ့ပေးခဲ့ခြင်း၊
၁၃၇၃-ခုနှစ်၊ နှစ်သစ်ဦးကာလ လှူဒါန်းခဲ့မှုစာရင်း
၁။မွေးရပ်မြေမှ ၆-ကြိမ်မြောက် နွေရာသီယဉ်ကျေးမှုသင်တန်းအောင်ပွဲအဖြစ် ကျင်းပသည့်
တရားပွဲ(၃)ညစာအတွက် ဓမ္မပူဇာအလှူတော်ငွေ(၃)သောင်းကျပ်ပေးလှူခဲ့ခြင်း၊

၂။၎င်းသင်တန်းကြီး ရေရှည်ကျင်းပနိုင်ရေးအတွက် သင်တန်းရံပုံငွေအဖြစ် (၂)သောင်းကျပ်
ထည့်ဝင်လှူဒါန်းခဲ့ခြင်း

အထက်ပါ လှူဒါန်းခဲ့သမျှ ကုသိုလ်ကောင်းမှု အစုစုတို့၏ အဘို့ဘာဂကို စာဖတ်ပရိသတ်များနှင့်တကွ
(၃၁)ဘုံအတွင်းရှိ ဝေနေယျ သတ္တ၀ါအပေါင်းတို့အား ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန်အတွက် ရေးသားတင်ပြလိုက်ရပါကြောင်းပြောကြားရင်း အောက်ဖော်ပြပါ ဂါထာတစ်ပုဒ်နဲ့ လှူဒါန်းခဲ့မှု
ကုသိုလ်စာရင်များကို နိဂုံးချုပ်လိုက်ရပါသတည်း။

သဗ္ဗေ တံ အနုမောဒိတွာ၊ သမဂ္ဂါ သာသနေ ရသာ၊

ပမာဒရဟိတာ ဟောန္တု၊ အာရက္ခန္တု ၀ိသေသတော။

06/05/2011

ပညာရှိစကား မှတ်သားနာယူ

*ငါတို့ကို မုန်းတဲ့ လူသားတွေကြားမှာ ငါတို့ကို မချစ်ချင်လျှင် နေပါစေ၊ ငါတို့ကို ယုံကြည် လာအောင် ကြိုးစားကြရမယ်။
*အရာရာတိုင်းဟာ အကောင်းဆုံးမဖြစ်လျှင်တောင်မှ အသင့်တော်ဆုံး ဖြစ်နေအောင် ကြိုးစားကြရမယ်။
*လူလူချင်း ဂုတ်သွေးစုတ် အမြတ်ထုတ်နေကြတဲ့ လူသားတွေကြားမှာ လယ်လယ်ဝယ်နဲ့ အလိမ်မခံကြရအောင် ကြိုးစားကြရမယ်။
*”စာပေဆိုတာ စိတ်ရဲ့အစာ”ဆိုတဲ့အတိုင်း စိတ်၏ပင်ပန်း ဆင်းရဲ ညစ်နွမ်းမှုများကို စာပေများ ဖတ်ရှု့လေ့လာခြင်းအားဖြင့် ဖြေဖျောက်ကြရမယ်။
*တစ်ခါတစ်ရံမှာ ကိုယ်ကိုယ်တိုင် အဟုတ်ကြီး ထင်နေတတ်တဲ့အရာဟာ မဟုတ်တာကြီး ဖြစ်နေတတ်တယ်ဆိုတာကို “ပညာရှိ သတိဖြစ်ခဲ” ဆိုသည့်အတိုင်း သတိကြီးကြီး ထားနိုင်အောင် ကြိုးစားကြရမယ်။
*”အမှိုက်ကစ ပြဿာဒ်မီးလောင်” ဆိုသလိုမျိုး တစ်ခါတစ်ရံ မဖြစ်စလောက် အရာလေးတွေက မဖြစ်သင့်တာတွေ ဖြစ်ကုန်တတ်တယ်။ဒါကြောင့် မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုးစားနိုင်ကြရမယ်။
*”သတိမမူ ဂူမမြင်”ဆိုသည့်အတိုင်း သတိမထားမိလျှင် အမှုမဲ့ အမှတ်မဲ့နဲ့ ဂူကိုတောင် မမမြင်နိုင်သလို ဘ၀ရဲ့တိုးတက်မှု လမ်းကြောင်းများကိုလည်း သတိထား တံခါးဖွင့်နိုင်အောင် ကြိုးစားကြရမယ်။
*သင်္ချာသဘောတရားကို သတိထားကြည့်ပါ၊ အပေါင်းနှင့်အနှုတ် အပေါင်းက အရများ၍ အနှုတ်က အရနည်းသည်၊ သို့အတွက်ကြောင့် ဘ၀မှာ အပေါင်းများများ ဖြစ်အောင် ကြိုးစားကြရမယ်၊ “တစ်ရွာတစ်အိမ်တည်” ဆိုသည့် မြန်မာမြန်မာစကားပုံအရ ရွာတစ်ရွာမှာ မိတ်ဆွေတစ်အိမ်ရှိလျှင် ဘယ်ရွာသွားသွား ပူစရာမလိုဘူးဆိုတဲ့ သဘောပါဘဲ။
*သုခတည်းဟူသော ချမ်းသာကို လိုချင်လျှင် ဒုက္ခတည်းဟူသော ဆင်းရဲမှု လောကဓံဆိုးကို ဖျက်ချိုးနိုင်အောင် ကြိုးစားကြရမယ်။
*လူ့ဘ၀ဆိုတာ တစ်ခါတစ်ရံ မကြံစည်တာလည်း ဖြစ်တတ်သလို ကြံစည်တာလည်း ပျက်တတ်တယ်တဲ့၊ ဒါပေမယ့် ဖြစ်ချင်း ပျက်ခြင်း အစိုးမရခြင်းဆိုတဲ့ အနိစ္စ၊ဒုက္ခ၊အနတ္တ စကားလုံး သုံးလုံးကို ဖြေဆေးအဖြစ် အမြဲနှလုံးသွင်းပြီး ကိုယ့်ဘ၀ကို အမြဲတိုးတက် ကောင်းမွန်နေအောင် ကြိုးစားကြရမယ်။
*နှစ်သစ်မှာ နှစ်ဟောင်းက စိတ်ဆင်းရဲမှုများကို ခေါင်းထဲက ထုတ်ပစ်၍ အတွေးသစ် အကြံသစ် ဥာဏ်သစ်များဖြင့် ကိုယ့်ဘ၀ကို အမြဲတမ်း သစ်လွင်နေအောင် တောက်ပနေအောင် ကြိုးစားကြရမယ်။
*” စွံချင်လျှင် စွန့်ပါ၊ စွန့်မှ စွံမယ်” ဆိုတဲ့ တိပိဋကဓရဆရာတော်ဘုရား မိန့်တော်မူသည့်အတိုင်း စွန့်လွှတ် စွန့်စား ကြိုးစားလိုသော စိတ်များကို မွေးမြူနိုင်အောင် ကြိုးစားကြရမယ်။
*” လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ “ ဆိုတာ မှန်၏၊ ဒါပေမယ့် မွေးပြီးမသေခင်စပ်ကြား ကာလအတွင်းမှာ သင်ဟာဘယ်လောက် အတိုင်းတာထိ မိမိအကျိုး သူတစ်ပါးအကျိုးကို ဆောင်ရွတ်နိုင်ခဲ့သလဲ ဆိုတာကို ဆန်းစစ်ဝေဖန် သုံးသပ်နိုင်အောင် ကြိုးစားကြရမယ်။
* အလုပ်မရှိ၊ ငုံးတိတိနှင့်၊
နုံးချိမဲ့ယောင်၊ အူကြောင်ကြောင်ကို
ခုလည်းမလို၊ နောင်လည်းပို၏ ဆိုတော်မူသော ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် မိန့်တော်မူသည့်အတိုင်း ယခုလည်းမလို နောင်လည်းပိုနေမည့် လူပိုတစ်ယောက် မဖြစ်ရလေအောင် ကြိုးစားကြရမယ်။

လူ့ဘုံထုံးစံ
ကဲ့ရဲ့ဒဏ်ဖြင့်
ရန်မာန်ပိတ်သဲ
ခရီးခဲ၌
ရဲမာန်ရဲသွေး
ရဲစိတ်မွေးလျှက်
ရဲသွေးနီနီ
စီရရီဖြင့်
ဦးတည်မပျက်
ရှေ့သို့ဆက်လော။ ဆိုသည့်
အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရား၏ အဆိုအမိန့်ကို မှတ်သား၍ ဘ၀ရဲ့ဒုက္ခ လောကဓံဆိုးများဟု ခေါ်သည့် လာဘ်မရခြင်း အခြံအရံအသင်းပင်းမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဆင်းရဲဒုက္ခနဲ့ ကြုံရခြင်းများ၊ ထိုမှဆန့်ကျင်ဘက် ဖြစ်သော လောကဓံကောင်းများ၊ ထိုထိုဤဤ လောကဓံအလီလီကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်အောင်လည်း ကြိုးစားကြရမယ်။

မင်းမပါ ဘယ်ဟာမပြီး မင်းချည်းတော့လည်း မပြီး
သူမပါ ဘယ်ဟာမပြီး သူချည်းတော့လည်း မပြီး
ငါမပါ ဘယ်ဟာမပြီး ငါ့ချည်းတော့လည်း မပြီး
မင်းသူငါ ညီညာစုံမှ
အားလုံးစုံ အကုန်ပြီး
ပေါင်းကြစုစည်း။ ဆိုသည့် မြန်မာပြည်က ဆရာတော်များ မိန့်တော်မူသည့်အတိုင်း စည်းလုံးညီညွတ်မှုရှိအောင်လည်း ကြိုးစားကြရမယ်။
“တစ်ယောက်အားဖြင့် မလောက်ပါ၊ အများဝိုင်းကူညီပါ “ ဆိုသော မြန်မာစကားပုံ သဘောတရားပင်ဖြစ်လေသည်။