22/03/2011

အလောင်းတော်ကဿပသို့ နွေရာသီဘုရားဖူးခရီး







အလောင်းတော် ကဿပ၏ ပရိနိဗ္ဗာန်ပြုတော်မူဟန်ရုပ်ပွားတော်များ

နွေရာသီ တပေါင်းလရောက်တိုင်း အလောင်းတော်ကဿပဘုရားဖူးခရီးစဉ်မှတ်တမ်း ရေးဘို့ရန်စိတ်ကူးခဲ့ပေမယ့် လက်တွေ့အနေနဲ့ မရေးဖြစ်ခဲ့ပါပေ။ ယခုတော့ အမှတ်မထင် ခရီးသွားမှတ်တမ်းရေးတာကို အင်မတန် ၀ါသနာပါတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့မိပြီး စကားစမြည်ပြောကြရင်း အလောင်းတော်ကဿပဘုရားအကြောင်း

ပြောဖြစ်ရာကနေ သူငယ်ချင်းရဲ့ တိုက်တွန်းချက်အရ ယခုလိုရေးဖြစ်ခဲ့တာပါ၊

စာရေးသူရဲ့ ခရီးသွားအတွေကြုံနဲ့သူငယ်ချင်းရဲ့ ခရီးသွားအတွေ့ကြုံ နှစ်ခုကို

ပေါင်းစပ်ပြီး ခရီးသွားမှတ်တမ်းအနေနဲ့သာ မဟုတ်ဘဲ

သမိုင်းမှတ်တမ်းအနေနဲ့ပါ ရေးသားသွားပါ့မယ်။( ဤမှတ်တမ်း၌ မိမိ၏ကိုယ်ရေးကိုယ်တာ ကိစ္စများကို

ထည့်သွင်းရေးသားသွားမည် မဟုတ်ကြောင်း ကြိုတင်အသိပေးပါရစေ)


တောထဲ တောင်ထဲရောက်စဉ် ကားသမားများက တောပိုင်တောင်ပိုင်များကို ပူဇော်ပသကြစဉ်

သူငယ်ချင်းကတော့ ၄င်းဘုရားဖူးခရီးစဉ်ကို မကြာသေးခင်ကမှ ရောက်ရှိထားသူဖြစ်ပြီး ဤစာရေးသူကတော့
အလောင်းတော်ကဿပကို ရောက်ခဲ့တာ ၈နှစ်လောက်ရှိခဲ့ပြီမို့ အချိန်ကာလအနေနဲ့ အတော်ပင်ကြာငြောင်းခဲ့ပါပြီ၊မည်သို့ပင်ဆိုစေ သမိုင်းမှတ်တမ်းတွေကတော့ ပြောင်းသွားရိုးထုံစံမရှိပါပေ၊ ယခင်က ဘုရားဖူးခရီးမှတ်တမ်းနဲ့ ယခုဘုရားဖူးမှတ်တမ်းကတော့ ခေတ်လကာလအခြေနေရ အနဲငယ်ပြောင်းလဲလာတာကို တွေ့ရပါတယ်၊ အနီးစပ်ဆုံးအထင်သာဆုံးပြောရရင် စာရေးသူတို့ခေတ်ကာလက အလောင်းတော်ကဿပကို ခြေလျှင်ခရီးတစ်ခုတည်းဖြင့်သာသွားလို့၇သော်လည်း ယခုအချိန်မှာတော့ မော်တော်ကားကြီးများဖြင့် သွားလို့ရနေပါပြီ၊ ယခင်က စာရေးသူနေထိုင်ရာ
ဇာတိနယ်မြေမှ သွားလျှင် တစ်နေကုန်တစ်ညခမ်း လမ်းလျှောက်မှ အလောင်းတော်ကဿပသို့ ရောက်ရှိနိုင်ပါ၏၊

လမ်းခရီးက အရမ်းရှည်သောကြောင့် လမ်းမှာ စားသောက်ဘို့ရန်အတွက် ချက်ပြုတ်စရာ အစားစာများနှင့်
ဒယ်အိုးပုဂံအိုးခွက်များသာမက ဓားများကိုပါ ယူဆောင်လာရပြီး လမ်းခရီးအဆင်ပြေတဲ့နေရာမှာ စခန်းချအနားယူပြီးပါလာတဲ့ စားနပ်ရိက္ခာတွေကို ချက်ပြုတ်စားသောက်ကာ သစ်ပင်အောက်တွေမှာ သစ်ကိုင်းသစ်ရွက်တွေကို တဲထိုးပြီးခေတ္တခဏ အမောပြေ အိပ်စက်ပြီး ခရီးဆက်ကြရပါတယ်၊ရောက်ရှိတဲ့တောအုပ်တွေထဲမှာ ရေသောက်ဘို့
ပါလာတဲ့အိုးခွက်နဲ့ ရေခပ်ခပ်တဲ့အခါမှာလည်း စောင်းပီးမခပ်မိဘို့ အတွေ့ကြုံရှိထားတဲ့ခရီးသည်များက လူငယ်တွေကိုဆုံးမကြတာကို အခုထိအမှတ်ရနေပါသေးတယ်၊အကယ်၍ ရေခပ်တဲ့အခါမှာ အိုးခွက်နဲ့ စောင်းခပ်ပါက ကျားဆွဲခံရတတ်ကြောင်း ပြောပြကြပါတယ်၊ နောက်ပီး ဤအလောင်းတော်ကို လာတဲ့အခါမှာ သမီးရည်းစားစုံတွဲများ အတူလာပါကအပြန်မှာ ရည်းစားကွဲတတ်ကြောင်းလည်း ကြားခဲ့ဖူးပါတယ်၊(တကယ်ဟုတ်မဟုတ်တော့ သေချာမသိပါဘူး
ကြားဖူးတာလေးကို ဝေမျှတာပါ) နောက်အရေးကြီးတာကတော့ တောထဲတောင်ထဲ ဖြတ်လျှောက်နေစဉ်မှာ
ရိုင်းစိုင်းသော စကားလုံးများ ဆဲဆိုမှုများ မဲပြုမိဘို့လည်း ခရီးသွားဖော်အချို့က သတိပေးကြတာကို တွေ့ရပါတယ်


ဆင်စွယ်အလှကို အနီးကပ် ကြည့်ရှုနေကြသည့် ဘုရားဖူးခရီးသည်များ

စာရေးသူတို့ သွားခဲ့စဉ်တုန်းကတော့ ဇာတိရွာကနေ ညနေ(၄)နာရီအချိန်လောက်ကနေ စထွက်ခဲ့ကြရာ အလောင်းတော်ကဿပ တောင်ထိပ်ကို နောက်နေ့မနက်(၉)နာရီအချိန်လောက်မှာ ရောက်ရှိကြပါတယ်၊တပေါင်းလပြည့်ခါနီး ဘုရားပွဲကာလဖြစ်လို့ ဘုရားရင်ပြင်ပေါ်မှာ ရှိတဲ့ ဓမ္မာရုံတွေ ဇရပ်တွေမှာ ဘုရားဖူးလာတဲ့ ရဟန်းရှင်လူတွေနဲ့ ပြည့်နှက်နေတဲ့အတွက် နီးစပ်ရာ သစ်ပင်အောက်တွေမှာ တဲထိုးပီး ချမ်းစိမ့်စိမ့်နဲ့ အိပ်ခဲ့ရတာကလည်း ပျော်စရာတစ်ခုပါဘဲ၊ နွေခေါင်ခေါင် တပေါင်းလဖြစ်ပေမယ့်လည်း တောင်ထိပ်မှာတော့ အတော်လေးချမ်းအေးတာမို့ မနက်စောစော အိပ်ရာထပီး မီးပူလှုံကြရတာဟာလည်း အရသာတစ်မျိုးပင်၊ သစ်ပင်အောက်တွေမှာ မီးဖိုကိုယ်စီနဲ့ အုပ်စုဖွဲ့ နံနက်စာအဖြစ် ဘူးသီးကြော်ပူပူနဲ့ ထမင်းကြမ်း သုံးဆောင်ကြရတာတွေဟာလည်း မမေ့နိုင်စရာတွေပါဘဲ၊ တောင်ထိပ်ဘုရားရင်ပြင်ပေါ်ကနေတဆင့် နတ်ရေကန် နတ်ရေတွင်း၊ ကျွန်းပင်မောင်နှမ၊ အလောင်းတော်ကဿပ ပရိနိဗ္ဗာန်ပြုရာ ကျောက်ဂူပေါက်ဝ၊ ရှင်သူငယ်ထွက်ပေါက်၊နှင့် အဇာသတ်မင်း၏ ကောင်းမှူတော် လွမ်းစေတီ စတဲ့ နေရာများသို့ သွားရတာကလည်း မမောနိုင်မပန်းနိုင်ပေါ့၊ ညနေချမ်း ဘုရားရင်ပြင်ပေါ်မှာ အေးစိမ့်စိမ့်နဲ့ အလောင်းတော်ကဿပသမိုင်းကြောင်းဖွဲ့ဆိုထားတဲ့ သီချင်းသံကလည်း အခုထိ နားထဲမှာ စွဲနေဆဲမို့ နောက်တစ်ခေါက်တောင် သွားချင်စိတ် ဖြစ်ခဲ့မိတာအမှန်ပါ။


ဘုရားဖူးပြည်သူများကို တောင်ပေါ်အရောက် ပို့ပေးနေတဲ့ သစ်တောဦးစီးဌာနက ဆင်ကြီးများ

စာရေးသူကြားဖူးတာကတော့ အလောင်းတော်ကဿပထေအရှင်ဟာ ဟိုရှေးအတိတ်ကာလ ခလေးဘ၀တုန်းက အပျော်သဘောမျိုးနဲ့ ငှက်တစ်ကောင်ကို ခွင်စဖိုကျောက်ခဲလုံးတွေနဲ့ ဖိပီးသတ်ခဲ့တဲ့ အကုသိုလ်အကျိုးဆက်ကြောင့် အခုလို ကျောက်ဂူထဲမှာ ပိတ်ပီးပရိနိဗ္ဗ္ဗ္ဗ္ဗာန်ပြုရကြောင်း မှတ်သားဖူးပါတယ်။(ယခုအချိန်ထိ ကျောက်ဂူတံခါးကြီးဟာ ပိတ်လျှက်သားရှိနေပါတယ်၊သို့သော်လည်း ပြီးခဲ့တဲ့နှစ်က ကျောက်ဂူတံခါးကြီးဟာ ၁၅မိနစ်ကြာလောက် ပွင့်နေကြာင်း ကောလာဟလဖြစ်ခဲ့ပါသေးတယ်၊တကယ်ပွင့်မပွင့် သေချာမသိပါ၊သို့သော်လည်း တစ်ခါက ကိုရင်လေးတစ်ပါး ကျောက်ဂူထဲ ၀င်သွားရာ ပြန်ထွက်ရာမှာတော့ ကျောက်ဂူတံခါးကြီးက သူ့အလိုလို ပိတ်သွားလို့ အခြားတစ်နေရာကနေ အပေါက်လုပ်ပြီး ထွက်ခဲ့ရာမှ အစပြုပြီး ယခုအချိန်ထိ ရှင်သူငယ်ထွက်ပေါက်ဆိုပီး ထင်ရှားရှိနေတာကို တွေ့ရပါသေးတယ်)


အမှတ်တရ လက်ဆောင်ပစ္စည်းများ ၀ယ်ယူနေကြစဉ်

အလောင်းတော်ကဿပအကြောင်း ပြောဆိုကြတဲ့အခါမှာ ပြဿနာတစ်ခုဟာ အခုထိတက်နေဆဲပါဘဲ၊ ဘာပြသနာလည်းဆိုတော့ ကဿပဆိုတဲ့ နာမည်တွေဟာ ပိဋကတ်စာပေတွေထဲမှာလည်း သုံးလေမျိုးတွေ့ရ၍ ယခုအချိန်ထိ ကဿပနာမည်ကိစ္စအတွက် သမိုင်းဆရာတွေကြားမှာ ငြင်းခုံနေကြဆဲမို့ သမိုင်းဆရာအချို့ရဲ့ အယူဆအသီးသီးကို စာဖတ်သူများသိအောင် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

အလောင်းတော်ကဿပဟုခေါ်တွင်သည့် အစဉ်အလာစကားမှာ အနွတ္တသညာ အနက်အဓိပ္ပါယ်ဆောင်သောစကားဖြစ်သည်။ ကဿပ၏ အလောင်းတော်မဟုတ်။ အလောင်းအလျာဖြစ်သောကဿပအလောင်းတော်ဟု ဆိုလိုသည်။ အမှန်တကယ်ကျောက်စရစ်ရွာ၊ ရွှေပေါင်လောင်ဘုရားကျောက်စာမှာ ဘုရားလောင်းတစ်ကျိပ်ဝင် ပလလဲဆင်မင်းဝင်းစားသည့် ကဿပဟု အခိုင်အမာရေးထိုးထားသည်။ ဘွဲ့တော်အရှည်က ပေါင်လောင်သင်ကဿပဖြစ်၏။ အိန္ဒိယ၌ပွင့်တော်မူသော ဂေါတမဘုရား၏ အဂ္ဂသာဝကအရှင်ကဿပသည် ရဟန္တာဖြစ်ပြီး သာသနာသက္ကရာ်(၁၀၀)လောက်က ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။



ဘုရားဖူးပို့ပေးနေတဲ့ ဆင်ကြီးများနှင့် အမှတ်တရဓာတ်ပုံရိုက်နေစဉ်


သို့သော် သက္ကရာဇ်(၁၁၂၈)အတုလဆရာတော်က အလောင်းတော်ကဿပအနီး သာသနိကဆိုင်ရာ အဆောက်အအုံတို့ကို အဇာတသတ်မင်း ကောင်းမှုတော်ဟု မိန့်ဆိုခဲ့ရာ အဇာတသတ်မင်းနှင့် ဆက်စပ်ကာ အိန္ဒိယအရှင်မဟာကဿပအလောင်းဖြစ်ရမည်ဟုအချို့ကယုံကြည်လာသည်။ မိုးညှင်းမင်းလက်ထက် ကပိုင်သားတို့ ကျောက်စာရေးရာ၌ အဇာတသတ်မင်းသာမက ရှင်မဟာကဿပပါရောပြီး အိန္ဒိယကဿပဟုအမှားကို ထပ်လောင်းမှားခဲ့ပြန်သည်။ အဇာတသတ်သည် သာသနာသက္ကရာဇ်(၂၄)မှာ နတ်ရွာစံပြီး ရှင်မဟာကဿပနှင့် ခေတ်ချင်းကွာလွန်းသဖြင့် လုံးဝမဖြစ်နိုင်။ အဇာတသတ်သည် အရှင်ကဿပအလောင်းကို မရှာနိုင်။ အလားတူ မြန်မာကဿပအလောင်းရှာရန် ပိုပြီး မဖြစ်နိုင်။ မဟာကဿပနှင့် ပတ်သက်ပြီး မုံရွေးဆရာတော်က ပေါင်လောင်ကဿပသည် ပရိမ္မရွာဇာတိဝန်းကျင်မှာ ဘုရားစသည်တည်ဆောက်ပြီး ယခုအလောင်းတော်ရှိရာသို့ ကြွလာသည်ဟု ဖော်ပြလိုသော်လည်း မှန်၏။ အတုလ ဆရာတော်၏ အဆိုမှားသည်။ ဤအဆို နှစ်ရပ်ကို မိမိတို့လက်လှမ်းမီသလို ဆက်လက်ရှာဖွေ အကျယ်တ၀င့် ပညာရှင်တို့ ရေးသားဖော်ပြကြသည်။




အလောင်းတော်ကဿပ နောက်ဆုံးအဓိဌာန် ပရိနိဗ္ဗာန်ပြုရာ ဂူပေါက်ဝကို ဆင်းကြစဉ်


စိုးဟိန်း(မန်းတက္ကသိုလ်)က နှစ်မျိုးလုံးထောက်ခံရေးသားသဖြင့် အဆုံးအဖြတ်မပါသော သုတေသနဖြစ်သည်။ အမှားကြာလျှင်အမှန်ဖြစ်တက်သည်။ မှားပုံသိသူက အမှန်ကိုတင်ပြရန်တာဝန်သည်စာပေသမိုင်းပေးတာဝန်ဖြစ်သည်။ ကျွန်တော်သည် ပါရဂူကျမ်းပြုရာ၌ ကတွတ်၊ ဖက်သက်တရော်၊ အောင်း၊ အာဋာနာဋကုဝေရ၊ တစ်ထောင် အထောင်၊ သာဝီ၊သြသဓီတာရကပုဂံ(သို့မဟုတ်)ပျူဂါမ၊ ဒွတ္တဘောင်၊ မယားစသော ခေတ်အဆက်ဆက် အမှား၊ အမှန် ပိုင်းခြားနိုင်ခြင်းမရှိသည်ကို အမှန်ရောက်အောင် သုတေသနပြု တင်ပြနိုင်ခဲ့သည်။ ဒေါက်တာသန်းထွန်း(သမိုင်းပါမောက္ခ)သည် မဟာကဿပနှင့်ပတ်သက်ပြီး မြန်မာရာဇ၀င်စာတမ်းစာအုပ်တွင် ပုဂံခေတ်နောက်ပိုင်း သာသနာကဏ္နမှာ အရှင်မဟာကဿပ၏ဇာတိ၊ သာသနာပြုခဲ့ရာ ပုဂံ၊ ပရိမ္မ၀န်းကျင်တို့ကို လည်းကောင်း၊ ကျောက်စာ အချပ်(၅၀)လောက် ကိုးကားရေးသားခဲ့သည်။ ကျွန်တော်၏ မဟာကဿပ၊ ပုဂံသီတင်းသုံးကဿပ၊ ဆောင်းပါးတို့မှာ ပေါင်လောင်သင်ကဿပ၊ အရှင်မဟာကဿပအကြောင်းဖော်ပြသည်ကို လေ့လာပြီး အိန္ဒိယကဿပ မဟုတ်၊ မြန်မာကဿပ၊ ပေါင်လောင်သင်ကဿပဟု လက်ခံယုံကြည်မည်ဟု မျှော်လင့်ပါသည်။




ဘုရားဖူးခရီးသည်များကို ရောင်းချပေးတဲ့ ဆင်မီးလက်စွတ်ကွင်းများ(အချို့ပုဂ္ဂိုလ်များ ၀တ်လို့မရဟုသိရ၏)


ပုဂံသတင်းသုံးမဟာကဿပ

ကျောက်စရစ်ရွာရွှေပေါင်လောင်ဘုရားကျောက်စာအရ စည်သူမင်းကြီးဘီလူးညှဉ်းဆဲပြီး မဟာကဿပကို သုံးကြိမ်ပင့်လျှောက်သဖြင့် ပုဂံသွားရောက်သီတင်းသုံးရသည်။ ဘီလူးရန်ကာကွယ်နိုင်သောကြောင့် ထီးဖြူနှင့်တကွ မင်းမြောက်တန်ဆာငါးပါးဖြင့် ပူဇော်သည်။ သက္ကရာဇ်(၅၇၇)မှာဖြစ်၏။ထိုနှစ်မှာပင်ဆရာဒကာတို့ရွှေပေါင်လောင်ဘုရားကိုတည်ထားကိုးကွယ်သည်။

သက္ကရာဇ်(၅၇၇)သည် ဇေယျသိင်္ခမင်းအုပ်စိုးချိန်ဖြစ်၏။ သက္ကရာဇ်(၅၅၉)မှ(၅၈၁)ထိ ဇေယျသိင်္ခနန်းစံသည်။ ထို့ကြောင့်ဘီလူး ညှဉ်းဆဲခံရသောမင်း၊ ရွှေပေါင်လောင်ဘုရားတည်သောမင်းသည် ဇေယျသိင်္ခမင်းသာဖြစ်သည်။ ဇာတ်နိပါတ်နှင့်ပတ်သက်ပြီး ပြည်မသိ ဗာရာဏသီ၊ မင်းမသိ ဗြဟ္မဒတ်ဟု ဆိုသကဲ့သို့ ပုဂံရာဇ၀င်နှင့်ပတ်သက်ပြီး မင်းမသိ စည်သူဟု ဆိုရပေမည်။ သက္ကရာဇ်(၅၃၀)ဖွားသောကဿပသည် အသက်(၄၇)နှစ်မှာ ပုဂံရောက်ပြီး သီတင်းသုံးနေကာ သက္ကရာဇ်(၅၈၅) တွင် အနန္တသူရိယဇနီးမောင်နှံတို့ မဟာဒါနတွင် ဆရာတော်အဖြစ်ဦးဆောင်ရသည်။






ဆင်စီးပြီး တောင်ထိပ်ဘုရားရင်ပြင်ပေါ်သို့ တက်ကြစဉ်


ကျစွာမင်းလက်ထက် လေးသောင်းသူကြီးက လယ်ပယ်(၄၅၀)ပယ်ကိုကြံတူမြတ်ကြီးအားလှူသည်။ မဟာကဿပက ကျစွာမင်းထံဝင်ပြီး ရေစက်ချလှူရန်တိုက်တွန်းသည်။ မင်းက လိုက်လျှော့သည်။ နာရသီဟပတေ့လက်ထက်၊ သက္ကရာဇ်(၆၄၀)တွင် ဇေယျသိင်္ခမင်း၏ညီ၊ ကင်္ကသူကွယ်လွန်ခဲ့သည်ကို သတိသံဝေဂရ၊ ကုသိုလ်ကောင်းမှုပြုလိုသဖြင့် ကင်္ကသူမယား၊ ညောင်းရမ်းကြီးသမီးသည် ရှင်မဟာကဿပအတွက်တော်ကျောင်းဆောက်လုပ်လှူဒါန်းသည်။ ဆရာတော်နှင့်ကျောင်း၊ ရတနာသုံးပါးကို ရည်စူးပြီး များစွာသော လယ်ပယ်၊ ကျေးကျွန်တို့ကို လှူသည်။ နရသီဟပတေ့လက်ထက် သက္ကရာဇ်(၆၀၆)တွင် ပိုသူကြီးသတ်တျာသည် ပြည်တံခါးအရပ်၌ စုလစ်မွန်းချွန်တို့ဖြင့် တန်ဆာဆင်သော စုလစ်ကျောင်းကြီးဆောက်ပြီး မဟာကဿပကို လှူသည်။ ရတနာသုံးပါးကို ရည်စူးပြီး များစွာသော လယ်ပယ်၊ ကျေးကျွန်တို့ကိုလှူသည်။ နရသီဟပတေ့လက်ထက် သက္ကရာဇ်(၆၀၆)တွင် အနန္တသူရိယတို့ဆောက်ခဲ့သော ကျောင်းရှေ့ ဇရပ်ကြီးတစ်ခု တည်သည်။ မင်းလှသည် ကျောင်းဆောက်ပြီး မဟာကဿပအား လှူဒါန်းသည်။ ဆရာတော်သည် ဤကျောင်းမှာ အစဉ်လိုပင် သီတင်းသုံးနေထိုင်သည်။ မင်းလှသည် ဆရာတော်ကို အမှူးထားပြီး များစွာသော လယ်ပယ်၊ ကျေးကျွန်တို့ကို လှူပါသည်။

ကျောက်စာတို့တွင် ငပေါင်လောင်သင်ကဿပ၊ ပေါင်လောင်သင်ကဿပဟု တွေ့ရသည်။ ကြီးသူက ငယ်သူကို “င” ထည့်ပြီးခေါ်လေ့ရှိ၏။ပေါင်လောင်နှင့်ပတ်သက်ပြီး ရှင်ဖြူရှင်လှဘုရားသမိုင်း ရွှေရင်မြော်သမိုင်းတို့ကိုမှီးပြီး ဝေါဟာရလီနတ္တဒီပနီက ပေါင်လောင်မှ ပလောင်ဖြစ်လာသည်ဟု မိန့်ဆို၏။ ထို့ကြောင့် ပေါင်လောင်သင်ကဿပသည် ပလောင်တိုင်းရင်းသားဖြစ်ဟန်တူသည်။ ကျောက်စရစ်ရွာ ရွှေပေါင်လောင် ဘုရားဝန်းကျင် ၌ရှင်မဟာကဿပ ကျားစီးရုပ်၊ ခြသေ့င်္က ကိုယ်ကိုကိုက်ထားဟန်အရုပ်တို့မှာ မဟာကဿပသည် တောကျောင်းဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး နေပြည်တော်ပုဂံ၊ ပုဂံဝန်းကျင်၊ ပင်းယ၊ တံတားဦး၊ ပဒူ စသော အင်းဝ၊ ပင်းယ၊ စစ်ကိုင်းခရိုင် အနိမ့်အမြင့်၊ ကျေက်စရစ်၊ ပရိမ္မစသော ထိုအခါက တောတောင်ထူထပ် သားရဲကြီးစိုးသော အရပ်ရပ်သို့ သာသနာပြုစဉ် တွေ့ကြုံရဟန် သရုပ်ဖော်ထားသည်ဟု ယူဆပါသည်။






ဆင်စီးပြီး တောတောင်ရှုခင်းတွေကြည့်ရင်း တောင်ထိပ်ရင်ပြင်ပေါ်သို့ တက်ရောက်ကြစဉ်



အရှင်မဟာကဿပသည် ပရိမ္မရွာ ရွှေပေါင်လောင် ဘုရားကျောက်စာ၊ အနိမ့်တောကျောင်း ကျောက်စာတို့အရ ပိဋကတ် တက်ကျွမ်းသော၊ မိဘကျေးဇူးသိတက်သော၊ ပလလဲ ဆင်မင်းဝင်စားသော ဘုရားလောင်းဖြစ်သောကြောင့် ပျံလွန်တော်မူသောအခါ အလောင်းတော်ကဿပဟူပြီး နာမည်တွင်ကျန်ရစ်သည်။ ခေတ်အဆက်ဆက် အလောင်းတော်ကဿပဖူးရန် ပြည်သူများ သွားရောက်ကြပါသည်။

ကျမ်းကိုး-

ပုဂံကျောက်စာလက်ရွှေးစင်၊ (၅၈)။

မဟာရာဇ၀င်ကြီး၊ စာ (၂၆၂)


သူငယ်ချင်းပြောပြတဲ့ အလောင်းတော်ကဿပ ဘုရားဖူးခရီးစဉ်မှတ်တမ်း

ရန်ကုန်ကနေ ဘုရားဖူးကားစီးသွားပြီး မုံရွာမြို့ရောက်ရင်မောင်းထောင်းကျောင်းတိုက်ဝင်းထဲမှာရှိတဲ့ ဦးညိုဝင်းနှင့် ရောင်းရင်းများအဖွဲ့ရဲ့ ခရီးသည်တင် ကားငယ်လေးတွေ (Mini Bus) တွေနဲ့
အလောင်းတော်ကဿပတောထဲကို ဆက်သွားရပါတယ်။ ယခုနောက်ပိုင်းမှာတော့ လယ်ငေါက်ချင်ပြစ် အလောင်းတော်ကဿပလမ်း ပြုပြင်ရေးနှင့် ရွှေဆံပင်လမ်းတံတား ဖြစ်မြောက်ရေးအဖွဲ့များရဲ့ အထူးစီမံမှူနဲ့ ပြေးဆွဲပေးနေတဲ့ မှန်လုံအထူးယာဉ်များနဲ့လည်း တောင်ခြေရောက် အသွားအပြန် ကားခ က လူတစ်ယောက်ကို
၁၂,၀၀၀ကျပ် ပေးရပါတယ်။ မုံရွာကနေ အလောင်းတော်ကဿပ အထိကို မိုင် (၈၀) ကျော်ရှိပါတယ်။ တောင်တက်လမ်းဖြစ်တဲ့အပြင် မြေသားလမ်းဖြစ်တာကြောင့် လမ်းခရီးဟာအတော်လေးကြမ်းတမ်းပါတယ်။








အဓိဌာန် ဂူပေါက်ဝကို ဤသို့ ခက်ခေါင်ခက်ခဲ သွားရောက်ဖူးမျှော်ကြစဉ်



ဘုရားဖူးလာ ဗုဒ္ဒဘာသာဝင်များကတော့ စေတနာဇော နဲ့ လာရောက်
ဖူးမြှော်တာဖြစ်တဲ့အတွက် လမ်းခရီးမှာ အဆင်မချောတဲ့ မည်သည့်ကိစ္စကိုမဆို
အင်မတန် သည်းခံကြတာကို တွေ့ရပါတယ်။ အလောင်းတော်ကဿပ ခရီးတစ်ဝက်ဖြစ်တဲ့
ကပိုင်ရွာ မှာ ခရီးတစ်ထောက်နားပြီး အမောပြေ ကြံရည်၊ လက်ဖက်ရည်၊
အဆာပြေထမင်းကြော်များကို စားသောက်ကြပြီး ခရီးဆက်သွားကြပါတယ်။
ကပိုင်ရွာ ကနေ အလောင်းတော်ကဿပ ကို ၂၇ မိုင်ကျော်သာ ဝေးပါတော့တယ်။ ဒါပေမဲ့
အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်း နီးလာလေ တောင်တက်လမ်းများက
ကြမ်းတမ်းမတ်စောက်လာလေပါ။ အလောင်းတော်ကဿပ ဘေးမဲ့ကြိုးဝိုင်းအနီး
ရောက်လာတဲ့အခါမှာတော့ တောပိုင်၊ တောင်ပိုင်နတ်ကွန်းများနဲ့
ဗုဒ္ဒဘုရားရှင်ဆင်းတုတော် ၃ဆူကိုတော့တွေ့ရပါတယ်
ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တို့က ကားပေါ်မှဆင်းကာ အမွှေးနံ့သာတိုင်နဲ့
ဆီမီးအလင်းတိုင်တို့ကို ထွန်းညှိ ပူဇော် လှူဒါန်းပြီး
ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုတောင်းကြတာကို တွေ့ရပါတယ်။ ကားပေါ်
ကားမောင်းသူနဲ့ ယာဉ်နောက်လိုက်တို့က စီးနင်းလိုက်ပါလာတဲ့
ဘုရားဖူးဓမ္မမိတ်ဆွေများကို ဤနေရာမှစပြီး ကားပေါ်မှ တံတွေးထွေးချခြင်း၊
ညစ်ညမ်းတဲ့စကားများ ပြောဆိုခြင်း၊ နောက်ပြောင် ပြောဆိုခြင်း၊ မဆင်မခြင်
အပေါ့အလေးသွားခြင်းတို့ကို လုံးဝ မပြုလုပ်ကြပါရန် အနူးအညွတ်
တောင်းပန်တာကိုလဲတွေ့ရပါတယ်။


အဓိဌာန်ဂူပေါက်ဝကို ရွှေသက်န်းများ ကပ်လှူနေကြစဉ်

နောက်ထပ် တစ်နာရီခန့် ကြာအောင် ကားကို မောင်းနှင်ရပြီး၊ အလောင်းတော်ကဿပ
ကိုယ်တော်မြတ်ကြီး သီတင်းသုံးရာ နယ်နိမိတ်အတွင်းသို့ ရောက်ရှိလာပါတယ်။
အဲဒီနေရာကနေ အလောင်းတော်ကဿပ သီတင်းသုံးရာနေရာသို့ နောက်ထပ် ၇ ဖာလုံ
(တစ်မိုင်ခန့်) ထပ်သွားရပါတယ်။ ခြေလျှင်လျှောက်သူများကလည်း ခြေလျှင်ခရီး၊
တချို့သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကျန်းမာရေးမကောင်းသူများကတော့
ဆင်စီးပြီး ခရီးဆက်ကြပါတယ်။ ခရီးသည်တင် ဆင်များကတော့ အစိုးရသစ်တောဌာနက
ဆင်များဖြစ်သလို၊ ကိုယ်ပိုင်ပုဂ္ဂလိကဆင်များလည်း ရှိပါတယ်။

အလောင်းတော်ကဿပအ၀င် ဆိုင်းဘုတ်နေရာမှ အလောင်းတော်ကဿပ သီတင်းသုံးရာ
ဂူအနားထိ လူတစ်ယောက်လျှင် ဆင်စီးခ ၂,၀၀၀ကျပ် ပေးရပြီး၊ ဆင်တစ်ကောင် အပေါ်တွင်
လူ၎ယောက်သာ(လူကြီးများအတွက်) လိုက်ပါစီးနင်းခွင့် ရှိပါတယ်။

ရုပ်တုတော် သီတင်းသုံးရာ စံကျောင်း ပတ်ဝန်းကျင်အနီးအနားမှာတော့၊
အလောင်းတော်ကဿပ သမိုင်းစာအုပ်၊ ပုံတော်၊ VCD များနဲ့ ဆင်ပြီးလက်စွပ်၊
တောထွက်ဘယဆေးများ၊ မုန့်ဟင်းခါး၊ အသုပ်စုံ၊ ကော်ဖီ၊ လက်ဖက်ရည်ဆိုင်တွေ
ခင်းကျင်းရောင်းချနေတာကိုတွေ့ရပါတယ်။





ခရီးသည်အများစု ခရီးတစ်ထောက် နားခိုရင်း စားသောက်ကြတဲ့ ကပိုင်ရွာမှ လက်ဖက်ရည်ဆိုင်

အဲ့ဒီနောက်မှာတော့ အလောင်းတော်ကဿပ ကိုယ်တော်မြတ်ကြီး နောက်ဆုံးပရိနိဗ္ဗာန်ပြု အဓိဌာန်ခဲ့တဲ့ဂူပေါက်ဝကို သွားရောက် ပူဇော်ဖို့အတွက်
စတီးလှေကားနဲ့ ဂူအောက်တောင်ကြားသို့ ဆင်းကြရပါတယ်။ အလောင်းတော်
ကိုယ်တော်မြတ်ကြီး အဓိဌာန် ပရိနိဗ္ဗာန်ပြုခဲ့တဲ့ဂူပေါက်ဝကို
ရောက်တဲ့အခါမှာ ဦးခိုက် ရှိခိုး ကန်တော့ကြပြီး၊ အလောင်းတော်ကြီး
သီတင်းသုံးရာ ဂူပေါက်ဝနံရံကို ရွှေသင်္ကန်းများနဲ့ ကပ်လှူ ပူဇော် ဆုတောင်း
အဓိဌာန်ပြုကြပါတယ်။


ကျေးလက်အညာဒေသရဲ့ တောအလှ တောသဘာဝ ရှုခင်းများ


ဒီခရီးစဉ်မှာ ဗုဒ္ဒဘာသာဝင်တွေရဲ့ စေတနာ သဒ္ဓါတရား ထက်သန်မှုကို ထင်ရှားစွာ

မျက်မြင်တွေရပါတယ်။ ဘုရားဖူးရာသီရောက်တာနဲ့ မြန်မာပြည်ရှိအနယ်နယ် အရပ်ရပ်က

ရဟန်းရှင်လူတွေဟာလည်း ကုသိုလ်ထူးရအောင် မိမိတို့တနှစ်တာ ရှာဖွေ

စုဆောင်းထားတဲ့ ငွေလေးများနဲ့ ဘုရားဖူးခရီးကို ကြိုးစားပန်းစား ထွက်ကြပါတယ်။

သို့ပေမဲ့လည်း အများစုဟာ ပြည်တွင်းစီးပွါးရေး ကျပ်တည်းမှုကြောင့် ဘုရားဖူးခရီး

မထွက်နိုင်ကြဘဲ မြန်မာပြည်တွင်းရှိ တန်ခိုးကြီးဘုရားအဆူဆူတို့ကို

စိတ်ရည်မှန်းကာပဲ ဖူးမြှော် ပူဇော်နေကြရတာကို တွေးမိပြီး ကိုယ်တိုင်ကိုယ်ကျ

အရောက်မသွားနိုင်ကြသော်လည်း အဝေးကနေစိတ်ဖြင့်အာရုံပြုပြီး အလောင်းတော်ကဿပ

ထေအရှင်မြတ်ကို ဖူးမျှော်ကာ ကုသိုလ်သဒ္ဓါတရား တိုးပွားစေရေး မျှော်ရည်တွေးလျှက်

စီစဉ်တင်ဆက်လိုက်ရပေသည်။


သုခီ အတ္တာနံ ပရိဟရန္တု

ဆန်းသစ်အောင်

















17/03/2011

မဟာသုတသောမမင်းဧ။်သေရမှာမကြောက်တဲ့တရား(၅)ပါး

၁။ ကောင်းမှုမှန်သမျှ၊ မကျန်ရ၊ စံပြလုပ်ခဲ့သည်။

ဘယ်ချိန်သေပျောက်၊ ငါမကြောက်၊ နောင်ဘ၀လမ်းဖြောင့်ပြီ။

၂။ မိဘနှစ်ပါး ၀တ္တရား ကြိုးစားပြုခဲ့သည်၊

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင့်ပြီ။

၃။မင်းကျင့်ဆယ်ဖြာ ညီအညာ ပြည်ရွာအုပ်ခဲ့သည်။

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင့်ပြီ။

၎။မိဘဆရာ ညာတကာ သင့်ရာပံ့ပိုး ကူခဲ့သည်။

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင့်ပြီ။

၅။အလှူခံပုဂ္ဂိုလ် မတွန့်တို ပိုလျှံမောက်အောင်လှူခဲ့သည်။

ဘယ်ချိန်သေပျောက် ငါမကြောက် နောင်ဘ၀လမ်းဖြောင်ပြီ။

(ဓမ္မာစရိယဦးဌေးလှိုင်၏ဘ၀ခုံရုံးစာအုပ်မှ)

28/02/2011

မောင်မင်းစိုးသို့ နွေရာသီ ပေးစာ


မောင်မင်းစိုးရေ----

ဟိုတလောလေးက သွားရောက်ခဲ့တဲ့ စုန်းချောင်းရွာ စာပေဟောပြောပွဲမှတ်တမ်းဓာတ့်ပုံလေးတွေ

ရှိရင်ပို့ပေးပါဦးလားဗျ...မောင်ရင်ဆိုဒ်နဲ့ ကိုယ့်ဆိုဒ်မှာ တင်ရအောင်ပါ .. မောင်ရင်ဆိုဒ်မှာ တင်ခိုင်းထားတဲ့

စာအုပ်တွေလည်းဘန်ကောက်ပြန်ရောက်မှ တင်ဖြစ်တော့မယ်ထင်တယ်.. ကျုပ်လဲ ကွန်ပျူတာအဟောင်းက

ရောင်းပစ်လိုက်ပီလေ..ဒီက(မလေး-စင်္ကာပူ)နေ ပြန်ရင်တော့

ဒဲ(လက်တော့)တစ်လုံးလောကတော့ ၀ယ်သွားဖြစ်မယ်ထင်ပါတယ်

စကားမစပ်.. ရွာစာကြည့်တိုက်ကွန်ပျူတာကော အဆင်ပြေလားမသိဘူး.. ကျုပ်လည်း လှူပြီးကတည်းက

တစ်ခါမှ ရွာကို ဖုန်းမခေါ်ဖြစ်သေးဘူးလေ--နောက်ပီး ပြော၇ဦးမယ်ဟ---

မောင်ဝိ(၀ိလာသ)ကလည်း ဒီနှစ် ရွာသင်တန်းအတွက် သင်ဖြစ်မယ်မထင်ဘူးဆိုလားဗျ

ဘာကြောင့်လဲတော့မသိပါဘူး ဟိုတစ်လောက ကျုပ်မေးထဲမှာ ပို့ထားတာတွေ့လို့ပါ

ဒါပေလည်း မောင်ပုဏ်ဏလည်း ရှိနေတော့ သူ့ဟာနဲ့သူ အဆင်ပြေသွားမယ်တော့ထင်ပါတယ်

မောင်ရင်လဲ ခါတိုင်းနှစ်တွေလိုဘဲ ကံကုန်းကနေတဆင့် ပွဲကူးပီး အချိန်ရသလောက် ရွာမှာလည်း

ပို့ချပေးပါဦးဘာဘဲဖြစ်ဖြစ် သင်တန်းအတွက် ပိုအားရှိတာပေါ့.. နောက်ပီး မောင်ရင်

ညီတော်မောင်ကလည်းကျောင်းထိုင်ဖြစ်သွားပီဆိုတော့ ဒီနှစ်တော့ မသင်ဖြစ်လောက်တော့ဘူးထင်တယ်လေ.

ကျုပ်လဲ နွေရာသီသင်တန်းအတွက် အလှူငွေလှူနိုင်အောင်တော့ အားခဲထားပါတယ်..

ဘာလိုလိုနဲ့ နွေရာသီကာလ ရောက်တော့မယ်နော်..အခုဆိုရင် ကြေးနီမြေကလည်း မောင်ရင်ကို

မျှော်နေလောက်ပီဗျ..ကျူပ်လဲ မောင်ရင်တို့တတွေရဲ့ နွေရာသီ ပုံ၇ိပ်လေးတွေကို အဝေးကနေပဲ

မှန်းဆ တမ်းတ လွမ်းနေတော့မယ်...

နွေရာသီခရီး ပို၍ အောင်မြင်ပါစေ

ခင်မင်စွာဖြင့်

ဆန်းသစ်အောင်(ခေတ္တ-ဘန်ကောက်)

27/02/2011

မလေးရှား(Genting High Land)ဂန်ဒင်းတောင်ထိပ်သို့အလည်တစ်ခေါက်

တောင်ထိပ်မှာရှိတဲ့ ပျော်စရာ ရွှင်စရာ နတ်ပြည်နတ်နန်း
Sky Lightနဲ့ တောင်တွေကိုကျော်ဖြတ်ကြစဉ်
Sky Light စီိးရတာကလည်း သဲထိတ်ရင်မောစရာ
တောင်ထိပ်မှာ တည်ထားတဲ့ ကြည်ညိုဖွယ်ရာ ကျောက်ဆင်းတု ရုပ်ပွားတော်မြတ်
တရုတ်ဘိုးဘိုးတွေနဲ့ ရောက်တုန်းရောက်ခိုက် အမှတ်တရ
စွမ်းဝူခုန်းနဲ့ အမှတ်တရ
ရွှီးဖော်နဲ့ အတူအမှတ်တရ
ချစ်တုံးကြီး ပါကျဲနှုင့်အတူအမှတ်တရ

(ကျေးဇူးတင်ရှိခြင်း)ဓာတ်ပုံများကို အသုံးပြုခွင့်ပေးသော ညီမငယ်တွေကိုလည်း ကျေးဇူးတင်ရှိပါတယ်လို့
အဝေးကနေ ပြောကြားပါရစေ...

17/02/2011

သံသရာခရီးသည်

လျှောက်သောသူ ရောက်၏ ဟူသော လောကဆိုရိုးအရ နေ့စဉ်နှင့်အမျှ လူသားများ လျှောက်နေခဲ့ကြသည်။ လျှောက်ခဲ့သော ခြေလှမ်းများသည်ကား တူညီမှုတစ်ခုဆီသို့ ဦးတည်နေကြမည်တော့မဟုတ်။ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး စသော အရေးကိစ္စများနှင့် မိမိလိုရာပန်းတိုင်များဆီသို့ လျှောက်နေခဲ့ကြလေသည်။ လောကီကိစ္စများ မတူကွဲပြားသော်လည်း ဗုဒ္ဓဘာသာဝင်အများစု၏ လျှောက်လှမ်းကြသော လောကုတ္တရာပန်းတိုင်ကား နိဗ္ဗာန်းတည်းဟူသော ပန်းတိုင်သို့ ဦးတည်နေကြခြင်းဖြစ်သည်။ အခြားသော ဘာသာဝင်များသည်လည်း မိမိတို့ရောက်ရန် သွားနေသော၊ ဦးတည်နေသော ပန်းတိုင်များသည်လည်း ကောင်ကင်ဘုံတည်းဟူသော တူညီသော ဆုံမှတ်တစ်ခုဆီသို့ ဦးတည်နေခဲ့ကြသည်။ သံသရာမဆုံးသေးသမျှ၊ နိဗ္ဗာန်တည်းဟူသော ဆုံမှတ်ပန်းတိုင်သို့ မရောက်သေးသမျှ လျှောက်ကြရပေလိမ့်မည်။

လျှောက်ခဲ့သော ဘဝများသည် အနိမ့်အမြင့်၊ အတက်အကျအားဖြင့် ဒွန်တွဲလျှက် ရင်ဆိုင်ဖြတ်သန်းခဲ့ကြရ မည်ဖြစ်သည်။ ဘဝမျိုးစုံဝယ် အလုပ်မျိုးစုံကို ကကြိုးဆင်လျှက် လျှောက်ခဲ့ရသော ခရီးများ မရေတွက်နိုင်၊ လျှောက်ကြရဦး မည့် ခရီးများလည်း မရေတွက်နိုင် ရှည်လျားနေပေလိမ့်မည်။ သံသရာခရီးသွားများ၏ အနာဂတ်သည် အရိယာတည်း ဟူသော ပစ်မှတ်သို့ မရောက်သေးသမျှ မည်မျှလောက်ကြာအောင် လျှောက်ကြရဦးမည် မသိ။ ထိုကဲ့သို့လျှောက်ကြရဦးမည့် ခရီးများသည်လည်း မိုင်ထောင်ချီမက ဝေးနေပေလိမ့်မည်။ အသက်ရှင်နေသော သတ္တဝါများသည် မိမိတို့လိုရာပန်းတိုင်သို့ ဆက်လက်လျှောက်နေ၊ သွားနေရဦးမည်သာ။ သွားလိုက်၊ လျှောက်လိုက်၊ ရောက်လိုက်၊ လမ်းပျောက်လိုက်၊ ဆက်လျှောက်လိုက်၊ မနေမနား တသွားတည်း သွားနေကြရမည်သာဖြစ်သည်။

ဗုဒ္ဓသည်သူ၏ တပည့်များကို ခရီးသွားရန်မကြာခဏ ပြောကြားလေ့ရှိသည်။ စာရိကံ စရထ-ခရီးသွားကြ ရဟန်းတို့။ ကိုယ်တော်တိုင်လည်း ဘုရားမဖြစ်ခင်အထိ ဘဝပေါင်းများစွာ ကျင်လည်လျှက် ခရီးသွားခဲ့ရသည်။ နောက်ဆုံး ဘုရားအဖြစ်သို့ ရောက်တော်မူသည့်တိုင်အောင်လည်း မနေမနား ခရီးသွားလျှက် ကျွတ်ထိုက်သော ဝေနေယျတို့အတွက် ခရီးသွားရင်း ကိုယ်တော်၏ပင်ပန်းမှုကို ငဲ့ကွက်တော်မမူဘဲ ခရီးသွားခဲ့ရသည်။ ဘုရားဖြစ်ပြီးသော်လည်း ဝါ(၂ဝ)အထိ တစ်နေရာတည်း အတည်တကျနေတော်မမူဘဲ နေရာဌာနပေါင်းများစွာ ခရီးလှည့်လည်ပြီး သွားလာတော်မူခဲ့သည်။ ဝါတော်(၂၁)မှစ၍ ဝါတော်(၄၄)ဝါတိုင်တိုင် ကောသလတိုင်း၊ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊ ပုဗ္ဗာရုံကျောင်းတော် များဝယ် သီတင်းသုံးနေထိုင်၊ ဝါကပ်တော်မူသော်လည်း နေ့စဉ်နှင့်အမျှ ဗုဒ္ဓကိစ္စဖြင့် ကျွတ်ထိုက်သည့် ဝေနေယျများစွာကို ကြည့်ရှုတော်မူလျှက် ခရီးမိုင်ပေါင်း မည်မျှပင်ဝေးကွာသည်ဖြစ်စေ၊ြ<ွကရောက်တော်မူခဲ့သည်၊ ခရီးသွားတော်မူခဲ့သည် သာဖြစ်သည်။

နောက်ဆုံးအချိန် ပရိနိဗ္ဗာန်ပြုဖို့ရန် နီးကပ်တော်မူသော်လည်း ခန္ဓာကိုယ်ပင်ပန်းခြင်းကို မူတော်မမူဘဲ ဝေသာလီပြည်၊ ဝေဠုဝရွာသို့ြ<ွကရောက်တော်မူလျှက် ဝါကပ်တော်မူခဲ့ပြီး နောက်ဆုံးကျွတ်ထိုက်သည့် သုဘဒ္ဒပရိဗိုဇ်ကို ကျွတ်တမ်းဝင်စေရန် မနေမနား ခရီြး<ွကတော်မူခဲ့သည်ဖြစ်သည်။ အဘယ့်ကြောင့် ထိုမျှလောက် အပင်ပန်းခံတော်မူခဲ့ရသလဲ ဆိုရင်၊ သုမေဓာရှင်ရသေ့ဘဝမှာပင် တစ်ဦးတည်း ဒီပင်္ကရာဘုရားရှင်ထံတော်ဝယ် ကျွတ်ထိုက်သည်ကို ကိုယ်လွတ် ရုန်းတော်မမူဘဲ- သတ္တဝါများအား ကယ်တင်ရန်အတွက်၊ ဗုဒ္ဓေါ ဗောဓေယျံ-သတ္တဝါတွေ ငါသိသလို သိစေရမယ်။ မုတ္တော မောစေယျံ-သတ္တဝါတွေ ငါလွတ်သလို လွတ်စေရမယ်။ တိဏ္ဏော တာရေယျံ-သတ္တဝါတွေ ငါလွန်မြောက်သလို လွန်မြောက်စေရမယ်ဟူသော သူတော်ကောင်းစိတ်ဓာတ်နှင့် မနေမနား ခန္ဓာ၏ပင်ပန်းတော်မူခြင်းကို လေ့လျူရှုတော်မူလျှက် အပင်ပန်းခံကာ မနေမနား သွားလာလျှက် သာသနာပြုတော်မူခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ အပင်ပန်းခံကာ ဘုရားဖြစ်တော်မူပြီးနောက် ကိုယ်တော်အတွက် လုပ်စရာမကျန်တော့ဘဲ သတ္တဝါအတွက်သာ အလုပ်လုပ်တော်မူလျှက် သာသနာတြော်ကီးကို ခက်ခဲပင်ပန်းစွာဖြင့် တည်ထားခဲ့သည်။ အတ္တာဟိ အတ္တနော နာထော- မိမိကိုယ်ကိုယ် မိမိသည်သာ ကိုးကွယ်ရာဟူသော စကားတစ်ရပ်ကိုလည်း ရဲရဲတောက် မိန့်မှာတော်မူခဲ့လေသည်။ လူတိုင်းသည် မိမိကိုယ်ကျေးဇူးရှိသော ပုဂ္ဂိုလ်များအဖြစ် ကျေးဇူးရှင်များ ရှိခဲ့လေသည်။ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘုရားရှင်ကိုယ်တော်မြတ်သည် မိမိ၏ သံသရာပြတ်ရေး လမ်းပြပေးတော်မူခဲ့ သောကြောင့်လည်းကောင်း၊ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ ဝေဖန်တတ်ကာ လုပ်ရမည့်အရာများကို လုပ်ရန်နှင့်၊ မလုပ်သင့် မလုပ်ထိုက်သော အလုပ်များကို သံသရာဘေးအတွက် မလုပ်မိအောင် တားမြစ်တော်မူလျှက် လမ်းပြပေးတော်မူခဲ့သည်။ နောက်ဆုံးပန်းတိုင်အထိသို့ သွားလိုကြသည့် သတ္တဝါများအတွက်လည်း နောက်ဆုံး ပန်းတိုင်အထိ အရောက်သွားနိုင်ရန် လမ်းပေါင်းစုံကို စရိုက်အားလျော်စွာ မီးမောင်းထိုးပြတော်မူခဲ့သည်။ သို့အတွက် ဗုဒ္ဓဘာသာဝင်များအတွက်တော့ ဗုဒ္ဓသည် အနှိုင်းမဲ့ကျေးဇူးတော်ရှင် ဖြစ်ပေသည်။

ပုထုဇဉ်များဖြစ်သော မိမိတို့သည်လည်း ချမှတ်ထားခဲ့သော လမ်းကြောင်းအတိုင်း လျှောက်ကြရင်း၊ နောက် ဆုတ်လိုက်၊ ပြန်တက်လိုက်နှင့် ဆက်လက်လျှောက် နေကြရပေလိမ့်မည်။ သို့အတွက် မိမိတို့သည် သံသရာခရီးသွား များသာ ဖြစ်ကြလေသည်။ သံသရာခရီးသွားဖြစ်သည့်အလျောက် သွားကြရဦးမည့် ခရီးများသည်လည်း ရှည်လျားနေ ဦးမည်သာဖြစ်သည်။ ခေတ်စားနေသော စကားတစ်ခွန်းလောက်ကိုတော့ ပြောလိုသည်။ ဘုရားဖူးသွားခြင်း၊ ဒီစကား လုံးသည် ပေါ့ပေါ့တွက်က ဘာမှမသိသာပေ။ သို့သော် အလေးအနက်ထားကာ သွားကြမည်ဆိုလျှင် တော်တော်လှပ သော စကားလုံး၊ တော်တော်အဓိပ္ပါယ်ရှိသော လုပ်ရပ်ဟုထင်ပါသည်။

အထက်ကပြောခဲ့သလို မိမိအားကျေးဇူးရှိသော ပုဂ္ဂိုလ်များထဲတွင် ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရားရှင်သည် အလွန်ကျေးဇူးများသော၊ အခရာကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မိမိ၏ကျေးဇူးရှင်အား ကျေးဇူးဆပ်ရန်ကား လူသားဆန် သော လူသားအားလုံးလိုလို လုပ်ကြရမည်သည်သာဖြစ်သည်။ ထိုကဲ့သို့လုပ်ခြင်းသည်လည်း ထိုက်ထိုက်တန်တန် လုပ်ဆောင်သင့်ပေသည်။ ဘုရားဖူးရင်း လိပ်ဥတူးရင်းဆိုရင်တော့ ထိုကဲ့သို့သွားခဲ့သော ခရီးသည်ကား အဓိပ္ပါယ်မရှိလှ၊ တန်ဖိုးမရှိလှဘဲ အချီးအနှီးသာဖြစ်ပေလိမ့်မယ်။ ဘုရားဖူးသည်ဆိုသည်ကား ဘုရားရှင်၏ ဂုဏ်တော်အဖုံဖုံကို အာရုံပြု ၍သော်လည်းကောင်း၊ မိမိသိမှတ်ထားသော ဂုဏ်တော်ကို လေးလေးနက်နက်သော်လည်းကောင်း သိမှတ်လျှက် ဘုရား ရှင်၏ဂုဏ်တော်များကို မိမိရင်ထဲသို့ရောက်အောင် ဖူးခြင်းမျိုးဖြစ်သင့်ပေသည်။ ဆရာတော်တစ်ပါးပြောသလို ဘုရားလည် ထွက်ခြင်းမျိုးဖြင့် တစ်နှစ်တာစုဆောင်းထားခဲ့သော ငွေကြေးများကို ဖြုန်းတီးပစ်ရုံသက်သက်ဖြင့် ဘုရားဖူးသွားခြင်းဟူ သော ခေါင်းစဉ်လောက်ကိုသာ တပ်ခြင်းမျိုးများကို ရှောင်ရှားသင့်ပေသည်။

ဘုရားဖူးသွားခြင်းမှမဟုတ် မည်သည့်ခရီးကိုပဲသွားသွား မိမိရောက်ရမည့် ပန်းတိုင်ဆိုတာ ရှိရပေလိမ့်မည်။ ထိုကဲ့ သို့သော ပန်းတိုင်များသည်လည်း မိမိအတွက်၊ ကုသိုလ်၊ စည်းစိမ်ဥစ္စာ၊ အတတ်ပညာ-စသည်အားဖြင့် တစ်ခုခု ရမှသာလျှင် ထိုခရီးသည် သွားရကျိုးနပ်သော ခရီးဖြစ်ပေလိမ့်မည်။ လျှောက်ကား လျှောက်၏၊ သို့သော် မရောက်-ဖြစ်နေပေလိမ့်မည်။ သံသရာခရီးသွားများ ဖြစ်သည့်အားလျော်စွာ ရှေ့ဆက်လျှောက်ကြရ ဦးမည် ခရီးသည် မည်မျှလောက် ဝေးကွာနေလိမ့်မည်ကို မှန်းဆ သိနိုင်လိမ့်မဟုတ်။ သို့အတွက် ရိက္ခာထုပ်များကို ပြင်ဆင်ထားသင့်ပေသည်။ လောလောဆယ် ရောက်ရှိနေသော လူ့ဘဝသည်လည်း အမြဲတန်း တည်မြဲနေမည် မဟုတ်၊ မိမိသည်လည်း လူ့ဘဝကို သံသရာခရီးသွားဖြစ်သည့် အားလျော်စွာ ခဏတာဝင်ရောက် နားခိုစရာဇရပ်တစ်ခုအဖြစ် သိအောင်လုပ်ရပေလိမ့်မည်။ ထိုကဲ့သို့မဟုတ်ဘဲ မောဟအမိုက်တိုက်ထဲရောက်လျှက် ဝေဝါးစွာနှင့်ပင် နားခိုရာ ကင်းပျောက်နေပေလိမ့်ဦးမည်။ လူ့ဘဝမှာ ခဏတာနားခိုရာအဖြစ် အသက်ရှင်ခိုက် တန်ဖိုးရှိတဲ့လူ့ဘဝကို အဓိပ္ပါယ်ရှိစွာ အသုံးချကာ နေထိုင်သွားဖို့ အလွန် အရေးကြီးပေလိမ့်မည်။ သို့မဟုတ်လျှင် သံသရာခရီးသည်ဖြစ်သော မိမိ၏ ခရီးသွားခြင်းသည် တန်ဖိုးရှိသော လူ့ဘဝဆိုတဲ့ ဇရပ်မှာ တခဏတာနားခိုနေခြင်းသည် အဓိပ္ပါယ်မဲ့စွာ ကုန်ဆုံးသွားပေလိမ့်မည်။

ဆိုတော့၊ မိမိအတွက် အဓိပ္ပါယ်ရှိသော ခရီးသွားခြင်းမျိုးဖြစ်အောင် လောကကောင်းကျိုးအတွက်၊ လူသားကောင်းကျိုးအတွက်၊ ငါ့ဆွေမျိုး၊ ငါ့နိုင်ငံ၊ ငါ့ဇာတိကောင်းကောင်းကျိုးအတွက် မသေခင် ငါ ဘာတွေလုပ်သွား မလဲဆိုတဲ့မေးခွန်းကို ထပ်ခါတလည်းလည်းမေးကာ အဓိပ္ပါယ်ရှိတဲ့ပေတံနဲ့ ကိုယ်တိုင်တိုင်းတာခံနိုင်ဖို့ ပြုမူနေထိုင်သွားရန် အလွန်လိုအပ်ပေသည်။ သို့မဟုတ်လျှင်တော့ မိမိ၏ သံသရာခရီးသွားခြင်းသည်ကား အချီးအနှီးသာ ဖြစ်နေပေလိမ့်မည်။

အထက်ကဆိုခဲ့သလို ဗုဒ္ဓသည် ခရီးများစွာကိုြ<ွကခဲ့သည်။ အဘယ့်ကြောင့်ြ<ွကတော်မူခဲ့သနည်းဟုဆိုလျှင်လည်း သတ္တဝါတို့အတွက်တာသွားခြင်းဟု ဖြေရပေလိမ့်မည်။ ထိုကဲ့သို့ မနေမနားြ<ွကတော်မူခဲ့ပြီး သတ္တဝါများစွာအတွက် အလုပ်လုပ်ခဲ့သော်လည်း အမြင့်ရောက်လေ၊ လေတိုက်ခံရလေဆိုသည့်အတိုင်း မနာလိုသူများ၏ အနှောက် အယှက်မျိုးစုံ ကိုလည်း ကြုံခဲ့ရသည်သာဖြစ်သည်။ သို့သော်လည်း ဗုဒ္ဓသည် ကိုယ်တော်အတွက်မဟုတ် ဝေနေယျများစွာအတွက် ဆက်လက်ပြီးသာ ခရီးဆက်ခဲ့သည်။

တစ်နေ့ ကောသမ္ဘီပြည်ထဲကို ဆွမ်းခြံ<ွကတော်မူသော ဗုဒ္ဓနှင့်တပည့်သာဝကများစွာအား ကောသမ္ဘီပြည်သူ၊ သားများရဲ့ ဆွမ်းခံရာနောက်သို့ တကောက်ကောက်လိုက်လျှက် အမျိုးမျိုးသော ဆဲရေးခြင်းမျိုးစုံဖြင့် တိုင်းတာ၊ ဆဲရေးကြသည်။ သောတာပန်မျှသာဖြစ်သော အရှင်အာနန္ဒာသည်ကား နောင်တော်ဖြစ်သော ဗုဒ္ဓကိုလျှောက်သည်။ '' အရှင်ဘုရား ကောသမ္ဘီပြည်သူ၊ သားများဟာ ဆွမ်းခံရာနောက်သို့ တကောက်ကောက်လိုက်လျှက် အမျိုးမျိုးသော ဆဲရေးခြင်းမျိုးစုံဖြင့် တိုင်းတာ၊ ဆဲရေးကြနေကြတယ်ဘုရား၊ တပည့်တော်သို့ အခြားသောအရပ်သို့ ဆွမ်းခံသင့်ပါတယ် ဘုရား ''

'' အာနန္ဒာ အခြားအရပ်ကလည်း ယခုလိုဆဲရေးမယ်ဆိုရင်၊ နောက်ထပ် ဘယ်အရပ်ကို ဆက်သွားမှာလဲ၊ အရပ်လေးမျက်နှာသွားမယ်ဆိုရင်၊ အရပ်လေးမျက်နှာက ရောက်လာတဲ့ ရန်သူတို့ကို ရင်ဆိုင်ရမယ်၊ ဒါကြောင့် အယူ မှားသူတို့၊ ဆဲရေးတာကို သည်းခံခြင်းနဲ့ ရင်ဆိုင်ရမယ်။ အာနန္ဒာ ဒီအတွက် ဘာမှ ကြောင့်ကြစိုက်မနေနဲ့၊ ဆဲရေးတဲ့ လူတွေဟာ ခုနှစ်ရက်သာ ဆဲရေးနိုင်မယ်။ တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိဘဲ၊ ဆိတ်ဆိတ်နေပြီး သည်းခံခြင်းနဲ့ ဆဲရေးတဲ့ လူတွေကို ရှစ်ရက်မြောက်နေ့မှာ ရပ်သွားစေကြမယ်'' ဆိုပြီး ဗုဒ္ဓက ပြန်လည်မိန့်ကြားတော်မူခဲ့သည်။

ဗုဒ္ဓလိုပုဂ္ဂိုလ်မျိုးကိုတောင်မှ ကိုယ်တော့်အတွက်မဟုတ်ဘဲ သတ္တဝါအတွက် အပင်ပန်းခံကာ အလုပ်လုပ်သွားသော် လည်း မလိုသူများ၏ ဆဲရေးမှု၊ တိုင်းတာမှု၊ စွပ်စွဲမှု၊ ရှုပ်ချမှုမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ သို့သော် ဗုဒ္ဓသည် ရပ်နေတော်မမူခဲ့၊ ဆက်လက်သွားနေ၊ လုပ်နေတော်မူခဲ့သည်။ နောက်ဆုံး ပရိနိဗ္ဗာန်ဝင်စံတော်မူသည်အထိ ဆက်လက်လုပ်နေ၊ သွားနေတော်မူခဲ့လေသည်။ မိမိတို့သည်လည်း သံသရာခရီးသွားများဖြစ်သည့်အလျောက် လျှောက်ကြရဦးမည့် လမ်းခရီးများမှာ ထိုကဲ့သို့သော ဒုက္ခပေါင်းစုံများစွာဖြင့် နဖူးတွေ့ ရင်ဆိုင်နေကြပေလိမ့်မည်။ သို့သော် အများအတွက် လုပ်ခြင်းတည်းဟူသော ပရဟိတလုပ်ငန်းအတွက် လုပ်ဆောင်သည့်အခါ၊ ခရီးသွားရင်း ခလုတ်ပေါင်းများကို တိုက်နေ ပေလိမ့်မည်။ ထိုကဲ့သို့ တိုက်သည့်အခါမှာလည်း လဲသွားလိုက်၊ ပြန်ထလိုက်နှင့် ဆက်၍လျှောက်ရဦးမည်သာဖြစ်သည်။ ရပ်နေ၍ကားမဖြစ်။ လူဆိုးကဖြစ်စေ၊ ရန်သူကဖြစ်စေ၊ အကျိုးမဲ့ ပျက်ဆီးခြင်းကိုပြုလျှင်၊ ဒီဘဝ၊ ဒီခန္ဓာ၊ တစ်ဘဝမျှသာ ပြုနိုင်ပေသည်။ မိမိပြုထားသော အကုသိုလ်ကံကမူ မိမိကိုယ် ဘဝများစွာ ပျက်စီးသွားအောင် ပြုနိုင်ပေသည်-ဆိုသော ဗုဒ္ဓမိန့်မှာတော်မူခဲ့သည့် စကားလေးကို အဖန်ဖန် ရွတ်ဖတ်၊ သိမှတ်နေရင်း ကျော်လွှား သွားအောင် လုပ်ဆောင်သင့်ပေသည်။ သို့မှသာ မိမိ၏ ခရီးသွားခြင်းသည် အဓိပ္ပါယ်ရှိသော၊ ပြီးပြည့်စုံသော ခရီးသွားခြင်း ဖြစ်ပေလိမ့်မည်။

ဘုရားရှင်ထံသို့ ခရီးသွားနေသော အနာထပိဏ်သူဌေးကြီး၏ ခြေလှမ်းများ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည်ကို သိမြင်တဲ့ သိဝကနတ်ဘီလူးသည် သူဌေးကြီးကို စကားတစ်ခွန်းပြောခဲ့သည်။ '' အို အနာထပိဏ်သူဌေးကြီး၊ ရှေ့သို့တက်ပြီး ဆက်၍သာ သွားပါလော့၊ အို အနာထပိဏ်သူဌေးကြီး၊ ရှေ့သို့တက်ပြီး ဆက်၍သာ သွားပါလော့၊ သင်သူဌေးကြီးအနေနဲ့ ရှေ့သို့သာတက်ပြီး ဆက်၍သွားခြင်းသည်ကသာ ချီးမွမ်းအပ်၊ မြတ်လှပါသည်၊ နောက်သို့ ပြန်လည်ဆုတ်နစ်ခြင်းသည် ကား မချီးမွမ်းအပ်၊ မမြတ်ပါ''ဟုဖြစ်သည်။ အဘယ့်ကြောင့် ထိုကဲ့သို့သော စကားများကို ပြောကြားရသည်ဟုဆိုသော်၊ အနာထပိဏ်၏ ဘုရားရှင်ရှိရာသို့ ခရီးသွားခြင်းသည်၊ ဘုရားနှင့်တကွသံဃာတော်များအား ပြုစုလုပ်ကျွေးခြင်းဟူသော၊ ဥပသကာ ဒါယကာဖြစ်ခြင်း၊ ဘုရားရှင်ကို ဖူးမြင်သည်နှင့်တပြိုင်နက် သောတာပန်ဖြစ်ခြင်း၊ အတုမရှိသော ကျောင်းတိုက်ကြီးကို ဆောက်လုပ်ပြီးလျှင် အရပ်လေးမျက်နှာမှ လာလာသမျှသော အရိယာသံဃာအပေါင်းအတွက် မပိတ်ဆို့အပ်သော တံခါးရှိသူ ဖြစ်ခြင်းကြောင့်၊ သူဌေးကြီးအား ရှေ့သို့သာတက်ပြီး ဆက်လက်သွားရန် တိုက်တွန်းခဲ့ပေသည်။

မိမိအနေဖြင့်လည်း တိုက်တွန်းခြင်းပါသည်။ မိမိတတ်နိုင်သော အလုပ်များစွာကို အတ္တဟိတ၊ ပရဟိတမျှတစွာ အသုံးချပြီး အဓိပ္ပါယ်ရှိသော သံသရာခရီးသွားများ ဖြစ်ကြအောင်၊ သံသရာခရီးသွားများ ဖြစ်သည့်အားလျော်စွာ လမ်းခရီးမှာ သုံးစွဲနိုင်ဖို့ ကိုယ်ပိုင်ရိက္ခာထုပ်များကို ထုပ်ပိုးပြီး ပြင်ဆင်ထားကြရန် လိုအပ်လှကြောင်း အသိပေးပြောကြားလိုပေသည်။ သို့မှသာ လမ်းခရီးမှာ မပင်မပန်းဘဲ ဆက်လျှက်ထွက်ခွါနိုင်ပေလိမ့်မည်။

အားလုံးလည်း လိုရာခရီးကို ခလုတ်မထိ၊ ဆူးမငြိဘဲ အေးဆေးသာယာစွာ သွားလာကြရင်း အနာဂတ်ကမ္ဘာသစ်ကြီးဆီသို့ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်အကျင့်၊ ကိုယ်ပိုင်အသိများစွာဖြင့် ဖန်တီးတည်ဆောက်လျှက် ရောက်အောင်သွားနိုင်ကြပြီး၊ ပန်းခင်းသောလမ်းများနှင့်သာ ကြုံဆုံကြရပြီး တန်ဖိုးရှိသော ခရီးသွားများဖြစ်အောင် ဆက်လက် ထွက်ခွါနိုင်ကြပါစေကြောင်း။

မောင်မင်းစိုး၊ရွှေနံ့သာ၊

(နှလုံးအိမ် မဂ္ဂဇင်း၊နိုဝင်ဘာလ၊ ၂ဝ၁ဝ)

29/01/2011

ပါဝါရှော့ဖြစ်ခြင်း


အားမသန်မာန်လျော့-အားမသန်၍ မာန်လျော့ခြင်းမျိုးသည်၊ မည်ကဲ့သို့သော ငြိမ်းချမ်းမှုဆီသို့ ဦးတည်သွားနိုင်လိမ့်မည် မဟုတ်။ အာဏာပြိုင်မှုများဖြင့် နိုင်ငံအသီးသီး၏ ပါဝါပြင်းထန်သော တိုက်ပွဲများသည်၊ အားမသန်၍မာန်လျော့မှုဖြင့် အဆုံးသတ် လိုက်သော်၊ ထိုပြိုင်ပွဲ၏ အရိပ်ငွေ့များသည် တမြေ့မြေ့ဆိုသလို လောင်ကျွမ်းနေပေလိမ့်မည်။ အကြမ်းအထည် ပါဝါသည် နုညံ့သိမ်မွေ့သော ပါဝါပျော့အား ဘယ်သောအခါမှ တွန်းလှန်ဖြိုချနိုင်စွမ်းမရှိ။ တဒင်္ဂသာဖြစ်ပါလိမ့်မည်။ ပြိုင်ဆိုင်မှုအားကြီးသော ပြိုင်ပွဲများကား တစ်ကမ္ဘာလုံးလိုလို မျက်စေ့ဒေါက်ထောက်ကြည့်နေရသည်။ ကြီးနိုင်ငယ်ညှင်းစိတ်ဓာတ်သည် အာဏာရှင်စိတ်ဓာတ် ဖြစ်ပြီး၊ အားနွဲ့သူအား လက်တွဲလျှက် ဖေးမခေါ်ဆောင်ခြင်းသည် ဒီမိုကရေစီဆန်သော စိတ်ဓာတ်ဖြစ်သည်။ အာဏာရှင်စိတ်ဓာတ် သည် အမြဲတန်းလိုလို ကြောက်ရွံ့နေရသည်။ မိမိအား တစ်နေ့ရန်သူများက ပြန်လည်တိုက်ခိုက်မည်ကို စိုးရွံ့စိတ်ဖြင့် အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ ဘယ်သူနိုင်သည်ဆိုတာ သတ်မှတ်လို့မရ။ ဒီမိုကရေစီစိတ်ဓာတ်ဖြင့် လက်တွဲမဖြုတ်ခြင်း သည်သာ ပျော့ပြောင်းမှုအသွင်ဆောင်လျှက် အေးချမ်းမှုဆီသို့သွားရန် ဦးတည်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

အာဃာတပြင်းပြင်းဖြင့် သာကီဝင်မင်းများ၏ လည်ချောင်းသွေးဖြင့် မင်းကွန်းဟုခေါ်သော် လွှတ်တော်အရပ်ကို ဆေးကြော ခြင်းဖြင့် အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ဝိဋဋူဘ၏အောင်ပွဲကား စစ်မှန်သောအောင်ပွဲမဟုတ်။ လက်စားချေလိုမှု သက်သက်ဖြင့် မိမိမျိုးနွယ်စုအား ကြက်၊ ငှက်ပမာ သတ်ဖြတ်လျှက် အောင်ပွဲခံခဲ့သော ဝိဋဋူဘ၏ အထင်မှာ ကြီးမားသော အောင်ပွဲဟု ရှုမြင်သုံးသပ်ခြင်းသည် မဟာအမှားဖြစ်သည်။ သို့အတွက် သဘာဝတရားကြီးသည်လည်း ဓမ္မဘက်မှာ မားမားမတ်မတ် ရပ်တည်လျှက် အဓမ္မဘက်တော်သားအား ကြီးမားသော ပြန်လည်တိုက်ခိုက်မှုလုပ်ပေးခဲ့သည်။ သို့အတွက် ဝိဋဋူဘသည်လည်း စည်းစိမ်ယစ်ကာ အပျော်ကြီးပျော်ရမည့်အချိန်ကို မရလိုက်ခြင်းပင်ဖြစ်သည်။

ဗန္ဓုလ၏ လိစ္ဆဝီမင်းသားများအား အစွမ်းအစများဖြင့် တိုက်ခိုက်မှုသည်လည်း စစ်မှန်သောအောင်ပွဲမဟုတ်။ အာဏာပြင်းပြင်း၊ ပါဝါပြင်းပြင်းဖြင့် လူသားမဆန်သော ဝါဒကိုသာ ဆွဲကိုင်လျှက် အောင်ပွဲခံခြင်းသည်သာဖြစ်သည်။ သို့သော် အဆိုပါ အောင်ပွဲသည်လည်း စစ်မှန်သော၊ တရားမျှတသော အောင်ပွဲမဟုတ်။ လူသားမဆန်သော သူ၏ဘဝအဆုံးသတ်မှုသည် လည်း မကောင်းခဲ့ပေ။ ကောသလဘုရင်၏ မာယာပရိယာယ်အောက် ပြားပြားမှောက်ရင်း လူမဆန်သော သေဆုံးမှုဖြင့်ပင် ပြန်လည်း စတေးခဲ့ရသည်။ လောကကြီးသည် နိုင်လိုမင်းထက်ပြုမှုဖြင့် ခရီးဆက်နေသမျှကာလပတ်လုံး သွေးစိမ်းနီနီဖြင့် ညစ်ပတ်နေ ပေလိမ့်မည်။ တရားမျှတဖို့၊ လွတ်လပ်ဖို့ဆိုသည်မှာ လူသားဆန်သော လူများ၏ ကိုယ်ကျိုးမဖက် လုပ်ရပ်များဖြင့်သာ တည်ဆောက် နိုင်ပေလိမ့်မည်။ ငါ့လူ၊ ငါ့အဖွဲ့စည်း၊ ငါ့အမျိုးလောက်ဆိုတဲ့ စိတ်ဓာတ်ဖြင့် ခရီးဆက်နေသမျှကာလပတ်လုံး လှပသောရုပ်လုံးြ<ွကမှုများ မှေးမှိန်နေတော့မည်သာဖြစ်သည်။

ကမ္ဘာအသီးသီးမှာ ဖြစ်ပွားနေသော စစ်ပွဲအသီးသီးသည် တရားမျှတမှုဆီသို့ ဦးတည်ခဲ့သော စစ်ပွဲဆိုတာမရှိခဲ့ဟု ဆိုရမည်ဆိုလျှင် လွန်အံ့မထင်။ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ စိတ်ဓာတ်ဖြင့် ဖြစ်ပွားခဲ့သော စစ်ပွဲတိုင်းသည်ပင် မတရားမှုပင်ဖြစ်သည်။ စစ်ပွဲ၏ အဓိကပစ်မှတ်သည်ပင် ပါဝါပြိုင်ဆိုင်မှုဖြစ်သည်။ မပြိုင်ဆိုင်သင့်သည်ကို ပြိုင်ဆိုင်သည်နှင့်အမျှ ပါဝါရှော့သည်လည်း တမြေ့မြေ့လောင်မြိုက်လျှက် မကောင်းမှုဆီသို့ ဦးတည်သွားပေလိမ့်မည်။ အနိုင်ကျင့်မှုဝါဒ၊ လူသားမဆန်တဲ့ ဝါဒဖြင့် ခရီးဆက်နေသမျှ ကာလပတ်လုံး ကမ္ဘာ့မျက်နှာပြင်သည်လည်း သန့်ရှင်းနေလိမ့်မည်မဟုတ်။ အဆိုပါ အနိုင်ကျင့်ဝါဒ၊ လူသားမဆန်မှုဝါဒသည် တစ်နေ့ကိုယ့်ထံသို့ မုချပြန်လာမည်သာဖြစ်သည်။

အီရန်အရေး စိတ်မအေးနိုင်၊ မြောက်ကိုရီးယားကိုလည်း စောင့်ကြည့်နေဆဲ။ အင်အားပြင်းမှုသည် ပျက်စီးမှုဆီသို့ ဦးတည်မောင်းနှင်နေသော ယန္တရားတစ်ခုဖြစ်သည်။ မပြေလည်မှုများဖြင့် အရိပ်တကြည့်ကြည့် စောင့်ကြည့်နေကြရင်း ပါဝါကို ကစားနေကြသည်။ အဆိုပါ ပါဝါပြိုင်ပွဲသည် အကြမ်းအထည်ဖြစ်လျှင် အခြေအနေဆိုးသို့ ဦးတည်မည်။ အကယ်၍ ထိုသို့မဟုတ်ဘဲ အပျော့ပါဝါပြိုင်ပွဲသို့ နှစ်ဦးသဘောတူ ဆွေးနွေးမှုများဆီသို့ လျှောက်ကြမည်ဆိုလျှင် ကမ္ဘာကြီးသည် စင်စစ်အေးငြိမ်းမှုများဆီသို့ မောင်းနှင်နိုင်မည်ဖြစ်သည်။ ဆွေးနွေးပွဲသည် အားအကောင်းဆုံး တုန့်ပြန်မှုဖြစ်သည်။ တစ်ဖက်မရလျှင် အခြားတစ်ဖက်မှနေပြီး ဆွေးနွေးဖို့လိုသည်။ တစ်ဖက်ကလျှော့ပေးလျှင် အခြားတစ်ဖက်အနေဖြင့်လည်း လိုက်ပြီးပျော့ပေးရန် လိုသည်။ ထိုကဲ့သို့မဟုတ်ဘဲ နှစ်ဖက်ပြိုင်ပြီး ခါးတောင်းကြိုက်ကာ အတင်းဆွဲနေမည်ဆိုလျှင် ပြတ်တောက်သွားမှုဖြစ်ပေလိမ့်မည်။

အထက်ကပြောခဲ့တဲ့ အာဏာလုပွဲနှင့်၊ ပါဝါပြိုင်ပွဲများသည် လောကကြီးကို သွေးစွန်းစေသော နေ့ရက်များဆီသို့ ခေါ်ဆောင်သွားနေပေလိမ့်မည်။ အီရန်အရေး စိတ်မအေးနိုင်ဘူးဆိုလျှင်၊ စိတ်အေးအောင် ဘယ်လိုသောနည်းများဖြင့် ပြေလည် အောင် ဆောင်ရွက်သင့်သနည်း။ ဒါသည် အရေးအကြီးဆုံး မေးခွန်းနှင့် ထိုမေးခွန်းအပေါ် နိုင်ငံအသီးသီး၏ အဖြေသည်လည်း ပိုမိုကောင်းမွန်သော အဖြေဖြစ်စေဖို့ ခေါင်းချင်းဆိုင်ဖြေဆိုရန် လိုအပ်သည်။

'' မိမိအနေဖြင့် အမေရိကန်သမ္မတဘားရက်အိုဘားမားနှင့် မျက်နှာချင်းဆိုင်၍ ကမ္ဘာ့ရေးရာကိစ္စရပ်များကို မီဒီယာများရှေ့ တွင် လွတ်လပ်စွာဆွေးနွေးလိုကြောင်း၊ ယင်းသို့ဆွေးနွေးခြင်းဖြင့် မည်သူ၏ဖြေရှင်းနည်းက ပိုမိုကောင်းမွန်သည်ဆိုခြင်းကို မြင်တွေ့ နိုင်မည်ဖြစ်ကြောင်း '' အီရန်သမ္မတအာမက်ဒီနေဂျက်ကဆိုသည်။ ထိုအဆိုကို တွေ့ဆုံဆွေးနွေးရန် ငြင်းဆိုခဲ့သည်။ အမှန်က သူပြောသလို မီဒီယာများရှေ့မှာ တွေ့ဆုံအဖြေရှာကြည့်ဖို့လိုသည်။ နျူကလီးယား ကိစ္စများနှင့် နပန်းလုံးနေခဲ့သော ပါဝါပြိုင်ပွဲသည်၊ သူပြောသလို မီဒီယာများရှေ့မှာ တွေ့ဆုံဆွေးနွေးရင်း အဆုံးသတ်ကြည့်ဖို့ အိုဘားမားအနေဖြင့် အဘယ့်ကြောင့် လက်မခံခဲ့သနည်း။ ကောင်းမွန်သော ဆွေးနွေးခြင်းသည် တစ်ခုမဟုတ်တစ်ခုသို့ ပြောင်းလဲ နိုင်သွားနိုင်သည်ကို အိုဘားမားအနေဖြင့် မသိလို့တော့ဟုတ်မည်မဟုတ်။ သူ့အမြင်အရအားဖြင့် ပြောရမည်ဆိုလျှင် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများကြောင့်သာ ယခုကဲ့သို့ ကမ်းလှမ်းသည်ထင်သည်။ မှန်သည်။ သို့သော် ကမ္ဘာမျက်နှာပြင် မီဒီယာများရှေ့ သို့ တက်ရောက်ဆွေးနွေး အဖြေရှာကြည့်လိုက်လျှင် အပြောင်းအလဲတစ်ခု ဆီသို့တော့ ဦးတည်နိုင်လိမ့်မည်ထင်သည်။

ရာမမင်းသားအနေနဲ့ ပုရောဟိတ်များထံမှာ သစ္စာဆိုပြခဲ့သော စကားတစ်ရပ်ကို မှတ်သားခဲ့ဘူးသည်။ '' လောက၏ အစီးအပွားအတွက် ဆောင်ရွက်ရာ၌ နိုင်ငံသူ၊ နိုင်ငံသားများ ကျေနပ်စေရန်၊ ချစ်ခြင်းမေတ္တာကိုဖြစ်စေ၊ ကြင်နာခြင်း ကရုဏာကို ဖြစ်စေ၊ မင်းစည်းစိမ်းချမ်းသာကို ဖြစ်စေ၊ အကယ်၍လိုအပ်မည်ဆိုလျှင် အသက်သမျှချစ်ရပါသော သီတာဒေဝီကိုဖြစ်စေ၊ စွန့်လွှတ် လှူဒါန်းမှ ကျေနပ်မည်ဆိုလျှင် အဆိုင်းမတွ စွန့်လွှတ်မည်ဖြစ်၏။ ထိုသို့စွန့်လွှတ်ရသဖြင့်လည်း ကျွန်ုပ်အား မကျေနပ်ခြင်းမည်သည် မဖြစ်ပါ ''တဲ့။ မီချဲလ်အိုဘားမားအားလည်း စွန့်လွှတ်ရန်မလို၊ အမေရိကန်လို တိုင်းပြည်ကြီးအားလည်း စွန့်လွှတ်ရန်မလို၊ သို့သော် တကယ်လိုအပ်သည်ကား၊ နှစ်ဦးနှစ်ဘက်အနေဖြင့် စစ်မှန်သော ဆွေးနွေးမှုဆီသို့ ဦးတည်သွားပြီး အဖြေရှာကြည့်ရန် ဖြစ်သည်။ မဟာရန်သူများအဖြစ် ဆက်လက်ရပ်တည်နေမည်ဆိုလျှင် အပြစ်မဲ့ပြည်သူများအနေဖြင့် ဆင်းရဲတော့တွင်းက လွတ်နိုင် လိမ့်မဟုတ်။

သို့သော် ထိုသို့ဆွေးနွေးရာ၌ Win Winလား။ Lose Lose လား။ တစ်ဖက်တည်းတော့ အနိုင်လိုချင်လို့မရ၊ တစ်ဖက်တည်းလည်း အရှုံးပေးရန်မျိုးမဖြစ်သင့်။ ဒါဆိုရင်တော့ ဆွေးနွေးမှုသက်သက်သာ ဖြစ်ပါလိမ့်မည်။ အမှန်တကယ် ဆွေးနွေးဖို့ဆိုရင်တော့ အထက်ကပြောခဲ့သလို ဘာကြောင့်ဆွေးနွေးချင်တာလောက်တော့ မဖြစ်။ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု တည်ဆောက်ထားဖို့လိုမည်။ ရှိနေတဲ့ ရန်ငြိုးကိုလည်း တဖြည်းဖြည်းဆိုသလို ဖယ်ရှားနိုင်ဖို့အရေးကြီးတယ်။ ကောင်းတာကိုပြော၊ ခြိမ်းခြောက်မှုကို လျှော့၊ တင်းမာမှုကိုလျှော့၊ စိတ်ရှည်ရှည်ထား၊ အပြန်အလှန်လေးစား ယုံကြည်မှုရှိပြီး၊ စစ်မှန်တဲ့၊ အပြုသဘော ဆောင်တဲ့သဘောနဲ့ အကောင်းမြင်ဝါဒ ပါဝါပျော့ပျော့နှင့် ပြန်လည်တုန့်ပြန်မည်ဆိုလျှင် ဆွေးနွေးမှုဟာ ကောင်းမွန်မှုတစ်ခုဆီသို့ ဦးတည်သွားနိုင်ပါလိမ့်မည်။ ထိုကဲ့သို့သော အရေးကိစ္စများသည် နိုင်ငံတိုင်းလိုလိုရှိသည်၊ ကိုယ့်နိုင်ငံထဲမှာပင် တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်ငြိုးတွေ၊ အာဃာတတွေကို ပြေလျော့ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ကြဖို့ ရှိနေပေလိမ့်မည်။ မိမိကိုယ်ကိုယ်သော်လည်းကောင်း၊ မိသားစုကိုသော်လည်း၊ စွန့်လွှတ်စရာမလို၊ အသိစိတ်ဓာတ်ဖြင့် အယူသီးမှုများ၊ မာန်မာန၊ အာဃာတများကိုသာ စွန့်လွှတ်လျှက် နိုင်ငံသူ၊ နိုင်ငံသားများအတွက် အဖြေရှာကြည့်ဖို့လိုသည်။

ဒီနေရာမှာ ခေါင်းဆောင်မှုတစ်ခုကို ပြောဆိုချင်သည်။ အာဏာကိုမင်းမမူ၊ ပါဝါကိုဗန်းမပြဘဲ၊ နိုင်ငံသူ၊ နိုင်ငံသားများ၏ ဆန္ဒကိုသာ ဦးစားပေးခဲ့သော ဇာတ်တော်တစ်ပုဒ်ကို အများသိပြီးဖြစ်သော်လည်း အနည်းငယ်ပြောပြလိုသည်။ သက်ဦးဆံပိုင်စနစ် ဖြင့် အာဏာကို သုံးစွဲခွင့်ရှိသော်လည်း၊ ဝေဿန္တရာမင်းကြီး၏ ဖခမည်းတော် သိဉ္စည်းမင်းကြီးဟာ သားတော်ကို ပြည်သူ၊ ပြည်သားများ၏ တောင်းဆိုမှုဖြင့် စေတုတ္တရာပြည်ကနေ နှင်ထုတ်ခဲ့ဘူးသည်။ အမှန်အားဖြင့် ဆိုရလျှင် အာဏာရှင်ဆန်သော သက်ဦးဆံပင်စနစ်ဖြင့် အုပ်ချုပ်နေသော တိုင်းပြည်ဝယ် မင်းကြီးကို သားတော်အားနှင်ထုတ်ဖို့ တောင်းဆိုခဲ့သော ပြည်သူ၊ ပြည်သားများကိုလည်း လေးစားရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အလွန်အန္တရာယ်များလှသည်။ မင်းကြီး၏ မျက်မာန် တော်ရှမှုဖြင့် အသက်ဆုံးရှုံးမှုကို ပဓာနမထားဘဲ လိုအပ်မှုတစ်ခုကို ရဲဝံ့စွာတောင်းဆိုခဲ့ကြသည်။

မင်းကြီးအနေဖြင့်လည်း လေးစားစရာ၊ တန်းဖိုးထားစရာ၊ ဂုဏ်ယူစရာဖြစ်သည်။ မိမိအနေဖြင့် သက်ဦးဆံပိုင်စနစ်ဖြင့် တိုင်းပြည်အုပ်ချုပ်နေသော်လည်း အများဆန္ဒအရ သားတော်ဝေဿန္တရာကို တိုင်းပြည်ကနေ နှင်ထုတ်ပေးတော်မူခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အမြင်သည် သူတော်ကောင်းဆန်သော၊ လူသားဆန်သော အမြင်ဖြစ်သောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အနိုင်ကျင့်မှုဝါဒကို လက်မကိုင်၊ ပါဝါအာဏာကို မသုံးစွဲဘဲ အများသဘောတူ ဒီမိုကရေစီဝါဒအရ၊ အခြားသော နိုင်ငံသူ၊ နိုင်ငံသားများအားလည်း မိမိသားအရင်း ဝေဿန္တရာပမာ မိမိ၏သား၊ သမီးများဟု သတ်မှတ်သောကြောင့်ဖြစ်သည်။ မြင့်မြတ်သော စိတ်ဓာတ်ဟု ဆိုရမည်ဖြစ်သည်။ သို့အတွက် တစ်ယောက်တည်းသာဖြစ်သော သားတော်အစစ်ဝေဿန္တရာကိုသာ အခြားမိမိ နိုင်ငံတွင်းမှာရှိတဲ့ မိမိလက်အောက်မှာရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားများဆိုတဲ့ များတဲ့သဘောကိုသာ ဆောင်ခဲ့ခြင်းဖြစ်သည်။ အင်မတန် လေးစားဂုဏ်ယူစရာဖြစ်သည်။

သူတော်ကောင်းတွေရဲ့ လုပ်ရပ်ဟာ မြင့်မြတ်တဲ့သဘောဆောင်တာဟာ ဘာအတွက်ပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ်၊ အလုပ်တစ်ခု လုပ်တဲ့အခါ အမြဲတန်းပန်းခင်းသော လမ်းကိုပဲ လျှောက်ရတာမဟုတ်၊ ဒါကြောင့် အစုန်လမ်းကနေ အမြဲတန်းလိုလို သွေဖီနေတတ်သည်။ မျှောပြီး လိုက်နေလို့မရဘူး။ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရတတ်တယ်။ အဲဒီလို အသာတကြည် မျှောလိုက်ပြီး ကိုယ့်ဘက်ကိုသာ အနေချောင်မှုသက်သက်လုပ်မယ်ဆိုရင်လည်း အဲဒါဟာ မြင့်မြတ်တဲ့လုပ်ရပ်မဟုတ်ဘူး။ အဆန်သဘောကို ပဲ လျှောက်ရတတ်ပြီး မတွေဝေဘဲ၊ ရပ်မနေဘဲ၊ အားရှိသလောက်မောင်းနှင်းမှသာလျှင် အများကို ကိုယ်စားပြုတဲ့လုပ်ရပ်များဖြင့် တည်ဆောက်မှသာ မြင့်မြတ်သူများရဲ့ လုပ်ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ အများဆန္ဒကို ဦးစားပေးပြီး လုပ်စရာရှိတာတွေကို ဝိုင်းဝန်းအဖြေရှာတဲ့အခါ ခက်ခဲပင်ပန်းသော်လည်း ရပ်မနေဘဲ ဆက်လျှောက်ဖို့ဟာ အရေးကြီးပါသည်။ ထို့အတူ ပါဝါအားပြိုင်လျှက် ပါဝါရှော့ဖြစ်ခြင်းများကို အထူးတလည် သတိထားကာ ရှောင်ရှားရန်အရေးကြီးပါသည်။ သို့မှသာလျှင် . . . .။

''တစ်ဖန်ပြန်၍ ရှုံးတတ်သော အောင်နိုင်မှုသည်ကား မကောင်းသော အောင်နိုင်ခြင်းဖြစ်၏။ တစ်ဖန်ပြန်၍ မရှုံးသော အောင်နိုင်ခြင်းကား ကောင်းသောအောင်နိုင်ခြင်းဖြစ်၏။ ယဉ်ကျေးသောစိတ်သည်သာချမ်းသာကိုဆောင်နိုင်သည်'' (ဗုဒ္ဓ)။

မောင်မင်းစိုး၊ရွှေနံ့သာ၊

11/01/2011

ဇာတိချက်ကြွေ မွေးရပ်မြေမှ ဘုရားအနေကဇာတင်ပွဲမှတ်တမ်း


သံဃာတော်အရှင်သူမြတ်များမှ မြဘုရားဆင်းတုတော်များအား အနေကဇာတင်တော်မူကြစဉ်


ဘုရားအနေကဇာတင်ပွဲသို့ တရားနာကြွရောက်လာကြတဲ့ ရပ်ဝေးရပ်နီးမှ ဧည့်ပရိသတ်များ
သဲကုန်းကျေးရွာ ကုမ္မာရီ အမျိုးသမီးငယ်လေးများမှ လုပ်အားဒါန ပြုနေကြစဉ်
ဘုရားအနေကဇာတင်ပွဲမှာ လုပ်အားဒါနပြုကြတဲ့ သဲကုန်းကျေးရွာမှ ကုမ္မာရီအမျိုးသမီးငယ်လေးများ
ဘုရားအအနေကဇာတင် အလှူမင်္ဂလာပွဲမှာ လုပ်အားဒါနပြုကြတဲ့ လူငယ် လူလတ် လူကြီးပိုင်း ပုဂ္ဂိုလ်များ

၁၃၇၂-ခုနှစ်၊နတ္တော်လပြည့်ကျော်(၄)ရက်၊(၂၅-၁၂-၂၀၁၀)စနေနေ့တွင်
စစ်ကိုင်းတိုင်း၊မုံရွာခရိုင်၊ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာနေ ဘုရားဒါယကာ
ဒါယိကာများဖြစ်ကြသည့်ဦးထွန်းခင်+ဒေါ်ခင်လှ)မိသားစု၊ဦးဌေးမောင်+ဒေါ်ချိုစန်းမိသားစု၊
ဦးလှပေါ+ဒေါ်ခင်ဥမိသားစု၊ကိုထွန်းတင့်(ခေတ္တ-မလေးရှား)+မဌေးခိုင်မိသားစု၊နံ့သာကုန်းကျေးရွာနေ
ကိုသန်းလင်း+မတင်မာဝင်းမိသားစု၊ကိုဆန်းဝင်း+မတင်ဌေးမိသားစု၊ဦးစန်းလွင်+ဒေါ်ညွန့်ရီမိသားစုနှင့်
၊ု၊ဦးညိုမောင်+ဒေါ်သန်းအိမိသားစုနှင့်ုတို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပင့်ဆောင်လာသော မြဘုရားဆင်းတုတော်များအား အနေကဇာတင်ကုသိုလ်ပွဲပြုလုပ်ကြလျက် ပဌာန်းတရားတော်များ
နာယူခြင်း လူပရိသတ်များအား ထမင်းအာဟာရများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊ပင့်သံဃာတော်
အပါး(၂၀)ကျော်တို့အား ဆွမ်းနှင့် န၀ကမ္မ ၀တ္ထုငွေများဆက်ကပ်ကြပြီး ရေစက်ချတရားတော်များ
နာယူခဲ့ကြတယ်လို့ သိရှိရပါတယ်.....

07/01/2011

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အတွက်ကွန်ပျူတာပစ္စည်းများပေးအပ်လှူဒါန်း

ဦးသိက္ခိတမှ စာကြည့်တိုက်၏ သြ၀ါဒစရိယဆရာတော် အရှင်စိန္တာမယထံ ကွန်ပျူတာပစ္စည်းများ လှူဒါန်းနေစဉ်
ဦးထွန်းခင်မှ စာကြည့်တိုက်မှူး ဦးခင်ဆောင်ထံ ကွန်ပျူတာပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်
ဦးဌေးမောင်+ဒေါ်ချိုစန်းမိသားစုတို့မှ စာကြည့်တိုက်မှူးထံ ကွန်ပျူပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်
ကိုသန်းလင်း+မတင်မာဝင်းမိသားစုတို့မှ စာကြည့်တိုက်မှူးထံ ကွန်ပျူတာပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်
မောင်မျိုးလင်း+မတင်မာအေးမိသားစုတို့မှ စာကြည့်တိုက်မှူးထံ ကွန်ပျူတာပစ္စည်းများ ပေးအပ်လှူဒါန်းနေစဉ်

မြန်မာသက္ကရာဇ် ၁၃၇၂-ခုနှစ်၊နတ္တော်လပြည့်ကျော်(၄)ရက်(၂၅-၁၂-၂၀၁၀)စနေနေ့တွင်

စစ်ကိုင်းတိုင်း ၊ယင်းမာပင်မြို့နယ်၊ သဲကုန်းရွာနေ ဦးထွန်းခင်+ဒေါ်ခင်လှမိသားစုတို့မှ

လောကပြတင်းရွှေနံ့သာစာကြည့်တိုက်အတွင်း အသုံးပြုနိုင်ရန်အတွက်ကွန်ပျူတာပစ္စည်းများ

ပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်၏ သြ၀ါဒစရိယဆရာတော် အရှင်စိန္တာမယ(ဓမ္မကထိက)

နှင့် စာကြည့်တိုက်မှူး ဦးခင်ဆောင်တို့်မှ လက်ခံရယူခဲ့တယ်လို့ သိရှိရပါတယ့်။