08/08/2013

မလေးမှာဆိုရင် အိုဖူးမှ..ခလေးမှာဆိုရင် ငိုဖူးမှ



စက်ရုံအလုပ်နားရက်ဖြစ်တဲ့ တစ်ခုသော တနင်္ဂနွေနေ့မှာ မလေးရှားရောက် တောသူ မိန်းမပျိုလေး     တစ်ဦးဟာ ရွာမှာကျန်ခဲ့တဲ့ အမေဖြစ်သူဆီကို ဤသို့ ဖုန်းဆက်စကားပြောလေ၏..
 " အမေ..သမီး အခု ဒီမှာ အိုသွားပီ..နေရထိုင်ရတာ ဟိုအရင်လို မလွတ်လပ်တော့ဘူး အမေ.."
 အထက်ပါ သမီးဖြစ်သူ ပြောလိုက်တဲ့ စကားကို ကြားလိုက်ရတဲ့ အမေဖြစ်သူက ထိတ်လန့်တကြားဖြင့် သမီးဖြစ်သူအား ပြန်ပြောလိုက်ပုံက.. "ဟယ်..ဘုရား..ဘုရား..ကြားလားမိုးကြိုး..သမီးရယ်.
.ညည်းနှယ်..တယ်မြန်လှပါလား.သမီး အိုသွားတာကို .အမေတို့ မိသားစုတောင် မသိလိုက်ရပါလား..အမေကတော့ဖြင့်လေ.. သမီး မလေးရှားကနေ ပြန်လာရင် အဆင်သင့်ဖြစ်အောင်ဆိုပီး ရွာလယ်ပိုင်းက ဆန်စက်ပိုင်သူဌေး ဦးဖိုးထောင်ရဲ့သား မောင်တုတ်ကြီးနဲ့ စကားတောင် ကမ်းလှမ်းထားပီးသွားပီ သမီးရယ်..အခုသမီးလုပ်ပုံနဲ့ဆိုရင် အမေတို့တော့ ရွာမှာ မျက်နှာပျက်ရတော့မယ်ထင်တယ် သမီးရယ်"...
 ဒီတော့ သမီးဖြစ်သူက အမေဖြစ်သူကို ဤသို့ ရယ်ရယ်မောမော ပြန်ပြောလိုက်လေ၏.. "အမေ..ဘာတွေ လျှောက်ပြောနေတာလဲ..ဟီး.ဟီး..အမေကတော့လေ ..တကယ်ပဲနော်..ဒီမှာ သမီး အိုသွားပီဆိုတာက ယောင်္ကျားရပီးသွားလို့ အိုတာကို ပြောတာမဟုတ်ဘူး..ဒီရောက်ပီး တစ်လအကြာမှာ သမီးတို့ အလုပ်လုပ်တဲ့ စက်ရုံက လုပ်အားခအရမ်းနဲလို့ စက်ရုံပြောင်းလိုက်တဲ့အတွက် အိုဗာစတေးဖြစ်သွားတာကို အိုသွားပီလို့ ပြောတာပါ အမေရယ်. သမီးတို့ ငယ်ငယ်တုန်းက အမေပြောပြခဲ့ဖူးတဲ့ စကားလေးကို အခုထိ မှတ်မှိနေသေးတယ်..ဘာတဲ့ ခလေးဆို ငိုမှတဲ့..အခု သမီးအနေနဲ့ အမေ့ကို ပြန်ပြောလိုက်ချင်တာက “မလေးမှာဆိုရင် အိုမှ၊ ခလေးမှာဆိုရင် ငိုမှလို့လေ. ခလေးငယ်တွေဟာ ငယ်ငယ်ရွယ်ရွယ်မှာ ငိုပေးမှ ပိုပီးကျမ္မာရေးကောင်းမွန်သလို. အခုသမီးတို့ နေတဲ့ မလေးရှားမှာလည်း ရောက်ပီးသုံးလေးလောက်နေရင် အိုဗာစတေးဖြစ်မှ ခေတ်မှီတာလို့ လူဟောင်းတွေ ပြောပြတာ ကြားဖူးတယ်လေ "
 နောက်ဆုံး အမေဖြစ်သူ ပြန်ပြောလိုက်ပုံက......
 အင်း..တော်ပါသေးရဲ့...သမီးရယ်..သမီးသာ အခုလို သေချာရှင်းမပြရင် အမေတော့ ရွာတောင်းပိုင်းက ဒေါက်တာ ပေါက်တူးရဲ့ အလောင်းစည်သူ ကျေးလက် ဆေးပေးခန်းကို သွားပြရမှာတော့ သေချာတယ်..သမီးရေ.. ...သမီးရေ..ဒါဘဲနော်..အမေ ဖုန်းချလိုက်တော့မယ်..

အသိပေးခြင်း။ ။မိမိကြားဖူးထားတဲ့ အဖြစ်ပျက်လေးကို အခြေခံ၍ ဖွဲ့နွဲ့ရေးသားထားခြင်းဖြစ်ပါကြောင်းဝန်ခံအပ်ပါသည်။.

 တစိမ့်စိမ့်တွေး၍ ရယ်မောနိုင်ကြပါစေ..

01/08/2013

မွန်မြတ်သောဆံကေသာပိုင်ရှင်များ(သို့မဟုတ်)သီရိလင်္ကာဆံကေသာပိုင်ရှင် မြန်မာအမျိုးသမီးများ


                                 ဘာသာရေး၊သာသနာရေးကို အလေးထားကြတဲ့ သီဟိုနိုင်ငံသူ၊သားများ

နိုင်ငံခြားတိုင်းပြည်များကို ကြွရောက်ပြီး ပညာတော်သင်ကြားကြသည့် သံဃာတော်တွေကို လူတော်တော်များများက ပိုက်ဆံပေါတယ်ဆိုပြီးတော့ အထင်ရှိကြပါတယ်၊ နိုင်ငံခြားကို ပညာတော်သင်လာကြတဲ့သံဃာတော်တိုင်း ပိုက်ဆံချမ်းသာကြတာမဟုတ်ပါဘူး။ ခေတ်မှီ ဗုဒ္ဓဓမ္မပညာရပ်တွေကို ဆည်းပူး သင်ယူပြီး မိမိတို့စွမ်းသလောက် ပြန်လည်သာသသနာပြုလုပ်ငန်းတွေ လုပ်ချင်ကြလို့သာ အစားအသောက် အနေအထိုင်ပင်ပန်းဆင်းရဲခံပြီးတော့ သူတစ်ပါးတိုင်ပြည်တွေမှာ သွားရောက်ပညာတော်သင်ကြားနေကြတာဖြစ်ပါတယ်။ 
အချို့သောဆရာတော်များကတော့      ရှေးဘုန်း ရှေးကံ ကောင်းခဲ့ကြလို့        ငွေရေးကြေးရေမပူပင်ရပေမဲ့
အများစုကတော့အတော်ကိုရုန်းကန်ပြီးမှ လာကြရတာများပါတယ်။ အဲဒီလို ကုန်းရုန်းပြီး ပညာတော်သင်လာခဲ့ကြတဲ့အထဲမှာ ဦးဇင်းရဲ့မိတ်ဆွေကြီး ဦးဣန္ဒာစရိယရဲ့အဖြစ်ကတော့ တကယ်ကို ပြောစမှတ်တွင်လောက် ပါပေတယ်။ဦးဣန္ဒာစရိယက အထက်အညာသား ဇာတိက မန္တလေးတိုင်း၊ငဇွန်မြို့နယ်၊စီထိန်းရွာသားပေါ့ ၊ငယ်ငယ်ခလေးဘ၀အရွယ်မှာ ကိုရင်ဝတ်ပြီးကတည်းက သာနာ့ဘောင်မှာ ပျော်မွေ့ပြီးမထွက်တော့တာ၊ အရွယ်ရောက်လို့စာသင်လိုက်၊ စာမေးပွဲတွေ အလီလီအောင်ပြီး ဗုဒ္ဓတက္ကသိုလ်(မန္တလေး) ကနေ ဓမ္မာစရိယ ဘီအေ ဘွဲကြီးကို အောင်မြင်ဆွတ်ခူးနိုင်ခဲ့လို့ ဆရာဘုန်းကြီးနဲ့ ခမည်းတော်+မယ်တော်အပါအ၀င်တစ်ရွာလုံးပျော်လို့မဆုံး၊မော်လို့်မဆုံး ဂုဏ်ယူလို့ မဆုံးဖြစ်နေကြတယ်ပေါ့။ ဦုးဣန္ဒာစရိယကလည်း စာကြိုးစားချင်စိတ်ရှိတယ်၊ ဒီနေရာနဲ့တင် ရပ်မနေချင်ပဲ ပြည်ပနိုင်ငံဖြစ်တဲ့သီရိလင်္ကာကိုသွားပြီး(M.A,Buddhist Studies)ဘွဲ့အတွက်စာသင်ချင်သေးတယ်၊ ဒါပေမယ့် ခက်တာက တစ်နှစ်တာ ပညာသင်စရိတ်အတွက် အနဲဆုံး မြန်မာကျပ်ငွေ သိန်းသုံးဆယ်လောက်ကုန်မယ်ဆိုတော့လည်း အခက်တွေ့နေပြန်ရော၊ ဒီအကြောင်းကို ကျောင်းဆိုင်ဆရာဘုန်းကြီးကို လျှောက်ပြတော့ ဆရာဘုန်းကြီးက အားရ၀မ်းသာ သွားဖို့တိုက်တွန်းတယ် ``ငါ့တပည့်ကြီး သွားမှာသာသွားစမ်းပါ.. ငွေရေးကြေးရေး ဘာမှမပူနဲ့ ဒီလိုနိုင်ငံခြားကိုသွားပြီး ပညာသင်ခွင့်ရဘို့ဆိုတာ လွယ်တာမှမဟုတ်တာ.. မင်းသွားဘို့လာဘို့သာ လုပ်တော့ ကျန်တာငါ့တာဝန်ထား ´´ လို့ အားပေးချီမြှောက်တာကြောင့် ပတ်(စ်)ပို့ တွေ ဗီဇာတွေလုပ်ဖို့ရန်ကုန်ဆင်းလာပြီးလုပ်စရာအားလုံးပြီးလို့ သွားဘို့ အားလုံးအဆင် သင့်ဖြစ်နေပြီ ဆိုတော့မှ ရွာကိုပြန်ချလာတယ်၊။ ရွာရောက်တော့ ဆရာဘုန်ကြီးနဲ့ရွာက ဒကာဒကာမတွေက ပညာသင်စရိတ်ဝိုင်းပီး လှုကြတယ် ၊ဦုးဣန္ဒာစရိယကလည်း ရွာကဒကာ ဒကာမတွေကိုသနားလို့ ပိုက်ဆံကို အလှုမခံချင်ရှာဘူး၊ ၊ဒါပေမယ့် ဆရာဘုန်းကြီးက ရွာသားတွေအားလုံး ကုသိုလ်ရ အောင်ဆိုပြီး စီစဉ်တာမို့ အသာပဲနေလိုက်ရတယ်၊ ဒီလိုနဲ့ နိုင်ငံခြားကိုသွားခါနီးတော့ တစ်ရွာလုံး ကလေးလူကြီးပါမကျန် လာရောက်ကန်တော့ နှုတ်ဆက်ကြတာပေါ့။ အဲဒီထဲမှာ နေရာတကာစပ်စပ်ပါတဲ့`ကိုပေါက်´ဆိုတဲ့ ဒကာကလဲ လာရောက် ကန်တော့ နှုတ်ဆက်ပြီးတော့ အခုလိုလျှောက်ထားတယ် "" ဆရာတော်ရေ သူများနိုင်ငံမှာ ဆိုတော့ကျမ္မာရေးလဲဂရုစိုက်၊တက္ကသိုလ်စာတွေလည်းကြိုးစား ပေါနော်ဘုရား... ဦးဇင်း 
နိုင်ငံခြားကိုပညာတော်သင်သွားရတာ တပည့်တော်တို့ တစ်ရွာလုံး ၀မ်းသာဂုဏ်ယူလို့ကိုမဆုံးဘူး၊တပည့်တော်တို့ ရွားနီးနားတစ်ဝိုက်မှာတော့ အခုဆို တပည့်တော်တို့ရွာဟာ အရမ်းမျက်နှာပွင့်နေတယ်ဘုရား။ ဦးဇင်းလဲ သီရိလင်္ကာကြွ၊ တပည့်တော်တို့တစ်ရွာလုံးက ဒကာမတွေလည်း အကုန်လုံး "`သီရိလင်္ကာကေ´" တွေချည်းပဲဖြစ်ကုန်တော့တာပါပဲဘုရား"" ဒကာတော် ကိုပေါက်က အဲလိုလဲလျှောက်ကော ဦးဣန္ဒာစရိယ မျက်စေ့လည်သွားတယ်.. ဟုတ်တယ်လေ ..ဒွေးကေ၊လွင်မိုးကေ၊နေတိုးကေလို့ပဲကြားဘူးခဲ့တာ.."`သီရိလင်္ကာကေ´"လို့မှမကြားဖူးသေးတာလေ၊ဒါကြောင့် ဦးက္ကန္ဒာစရိယက ဒကာ ကိုပေါက်ကို နားရှင်းအောင်ထပ်မေးရတယ်၊``နေပါဦး ဒကာပေါက်ရယ် ဦးဇင်းတော့ သီရိလင်္ကာကေလို့တော့ တစ်ခါမှ မကြားဖူးပါဘူး ..ရှင်းပြစမ်းပါဦး.. သီရိလင်္ကာကေ ဆိုတာဘာကိုပြောတာလဲ´´ လို့မေးတော့ ``ဟုတ်တယ်ဘုရား.. ဦးဇင်း သီရိလင်္ကာကို ပညာတော်သင်ကြွမယ်ဆိုတော့ တပည့်တော်တို့ တစ်ရွာလုံး ပညာပါရမီဖြစ်အောင် ဆိုပီး တတ်နိုင်သ၍လေးတော့ လှုချင်တာပေါ့ဘုရား.. ဒါပေမဲ့ သီးနှံကလည်း ပေါ်ချိန် သိမ်းချိန်မဟုတ်သေးတော့ လက်ထဲမှာငွေမရှိကြဘူးလေ.. ဒါကြောင့်ကြံရာမရဖြစ်ပြီး တစ်ရွာလုံးရှိသမျှ အမျိုးသမီးတွေ ခေါင်းက ဆံပင်တွေရောင်းပြီးလှုကြလို့ တစ်ရွာလုံး သီရိလင်္ကာကေ ဖြစ်ကုန်ကြတာပါဘုရား””.. ဒကာပေါက်ရဲ့ လျှောက်ထားတဲ့စကားကြောင့် ကျုပ်တို့ ဦးဣန္ဒာစရိယကြီးခမျာ "`ဟေ´"လို့သာ တစ်လုံးတည်း ပြောပြီး ဒကာမတွေကို ဟိုဟိုဒီဒီ ဝေ့ကြည့်လိုက်တော့ ဟုတ်တယ် တစ်ရွားလုံးမှာရှိသမျှ ဒကာမတွေအားလုံး ခေတ်မီနောက်ဆုံးပေါ် ``သီရိလင်္ကာ ဆံပင်ကေ´´လေးတွေ ကိုယ်စီနဲ့လေ………။ 

ရေးသားတင်ပြသူ
ဓမ္မ၀ီရ အရှင်တေဇနိယ 
ကိုလံဘို၊သီရိလင်္ကာနိုင်ငံ
 ဓမ္မ၀ီရအရှင် ဘလော့မှ တဆင့်ကူးယူဖော်ပြပါသည်။