18/06/2011

မွေးနေ့အိပ်မက်


ဒီနေ့ နံနက်ခင်းဟာ
ငါ့အတွက်တော့
ကောင်းကောင်းမိုးမလင်းနိုင်ခဲ့ဘူး...
မျှော်လင့်မထားတော့တဲ့ သံစဉ်တေးတစ်ပုဒ်
မျက်စိလည် လမ်းမှားပြီး
ငါ့ အိပ်မက်ထဲ ၀င်ရောက်လာခဲ့လို့လေ..
တစ်ချိန်တုန်းက
အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါဟာ
အခုတော့
အိပ်မက်ကို အိပ်မက်လို့ မြင်တတ်တဲ့ ငါမဟုတ်တော့ဘူး
တကယ်တော့ အိပ်မက်ဟာ
တစ်ခါတစ်ရံ ကြည်နူးမှုကို ပေးတတ်သလို
တစ်ခါတစ်ရံ ပူလောင်မှုကို ပေးတတ်တယ်တာမို့
အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး
မှော်မင်းသမီးတစ်ပါးလို လှည့်စားတတ်ပြီး
မိစ္ဆာတစ်ကောင်လို ယုတ်မာတတ်တာမို့
အိပ်မက်ကို အိပ်ယာထဲမှာပဲ ထားခဲ့လိုက်တာ အကောင်းဆုံး
ငါ့ မွေးနေ့အိပ်မက် ဂယောက်ဂယက်မို့
ဂျောက်ဂျက်သိရင် သီချင်းလုပ်ဆိုမှာ အသေအချာဘဲ..
တကယ်တော့ အိပ်မက်ဟာ အိပ်မက်ပါဘဲ..
စိတ်ပျက်စရာမလိုပါဘူး..
ရှေ့ဆက်စရာတွေ ရှိနေသေးရင်
အိပ်မက်ကို အိပ်ယာထဲမှာ ထားခဲ့ဘို့အတွက်
ငါ့ မွေးနေ့အိပ်မက်က
သက်သေပြလိုက်တာထင်ပါရဲ့လေ....